သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုဆန္ဒခံယူပွဲ လွတ်လပ်ပြီး အားလုံးပါဝင် နိုင်ဖို့ လုံခြုံရေး ကောင်စီ တိုက်တွန်း


မြန်မာစစ်အစိုးရ ရှေ့သီတင်းပတ် ကျင်းပမယ့် လူထုဆန္ဒခံယူပွဲမှာ အဖွဲ့အစည်းပေါင်းစုံ ပါဝင် ပြီး လူအများယုံကြည် လက်ခံအောင် ကျင်းပပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်တွန်း လိုက်ပါတယ်။ မြန်မာစစ်အစိုးရကို ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်း ထားပါတယ်။ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကြေညာချက်ကို တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံအပါအဝင် လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံ ၁၅ နိုင်ငံအားလုံးက သဘောတူခဲ့တာပါ။ မေလ ၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ပါ အချက်တွေကို လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဗြိတိန်နိုင်ငံက ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးက အခုလို ဖတ်ပြပါတယ်။

“အောက်တိုဘာလ ၂၀၀၇ ခုနှစ် ၁၁ ရက်နေ့ထုတ်ခဲ့တဲ့ လုံခြုံရေးကောင်စီရဲ့ ကြေညာချက်နဲ့ နိုဝင် ဘာ ၁၅ ရက်နေ့တွေက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ကြေညာချက်ပါ ရပ်တည်ချက်တွေကို လုံခြုံရေးကောင်စီအနေနဲ့ ထပ်လောင်း အတည်ပြု ကြေညာချင်ပါတယ်။ အဲဒီကြေညာချက်မှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်တဲ့ မျှော်လင့်ချက်တွေကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။”

မြန်မာစစ်အစိုးရက ၂၀၀၈ ခုနှစ် မေလအတွင်းမှာ လူထုဆန္ဒခံယူပွဲကျင်းပမယ်လို့ ကြေညာခဲ့တာနဲ့ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာခဲ့တာတွေကို လုံခြုံရေးကောင်စီက မှတ်တမ်းတင်ပါတယ်။ မြန်မာစစ်အစိုးရက ဆန္ဒခံယူပွဲကို မျှမျှတတ ကျင်းပမယ်လို့ ကတိပေးခဲ့ တာကိုလည်း မှတ်တမ်းတင်ပါတယ်လို့ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

“မြန်မာစစ်အစိုးရအနေနဲ့ မှန်ကန်ကောင်းမွန်ပြီး၊ အားလုံးပါဝင်လက်ခံနိုင်တဲ့၊ အများလက်ခံ ယုံကြည်တဲ့ အခြေအနေကို တည်ဆောက်ဖို့ လိုအပ်တယ် ဆိုတာကို လုံခြုံရေးကော်စီအနေနဲ့ အလေးအနက် ဖော်ပြချင်ပါတယ်။ နိုင်ငံရေးအရ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးပါဝင်ဖို့၊ အခြေခံ လွတ်လပ်ခွင့်တွေကို လေးစားဖို့ လိုအပ်တယ်ဆိုတာ အလေးအနက် ပြောချင်ပါတယ်။”

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ အတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီရဲ့ ကြိုးပမ်းချက်တွေကို လုံခြုံရေးကောင်စီအနေနဲ့ မယိမ်းမယိုင် ထောက်ခံတယ် ဆိုတာကို ထပ်လောင်း ပြောချင်ပါတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာစစ်အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးအနေနဲ့ ကုလသမဂ္ဂနဲ့ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်ဖို့ လုံခြုံရေးကောင်စီက တိုက်တွန်းချင်ပါတယ်။ ကုလသမဂ္ဂရဲ့ ကြိုးပမ်းချက်တွေကို ထောက်ခံတဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ အခန်းကဏ္ဍကိုလည်း လုံခြုံရေးကောင်စီ အနေနဲ့ အသိအမှတ်ပြုတဲ့ အကြောင်းတွေကို ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG