မေလ ၁၀ ရက်နေ့ ဆန္ဒခံယူပွဲမတိုင်ခင် အကြိုဆန္ဒမဲပြားတွေကို နယ်အတော် များများမှာ အစိုးရဝန်ထမ်း တွေဆီက ကောက်ခံနေတယ်လို့ သိရပါတယ်။ အကြောင်းစုံကို ဦးသားညွန့်ဦးက တင်ပြပေးပါတယ်။
အကြိုဆန္ဒမဲ ပေးတာတွေကို ရန်ကုန်မှာ သိသိသာသာ မတွေ့ရပေမယ့် နယ်အတော် များများမှာ တော့ အစိုးရဝန်ထမ်းတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဌာနဆိုင်ရာတွေ ပေါင်းပြီး ဆန္ဒမဲ အကြို ပေးခိုင်းနေတယ်လို့ သိရပါတယ်။ အဓိက ကတော့ ပညာရေးဝန်ကြီးဌာန ဝန်ထမ်းတွေ မီးသတ် ဝန်ထမ်းတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် ကြက်ခြေနီတွေ ရပ်ကွက် ကြံခိုင်ရေး အဖွဲ့ဝင်တွေလည်း ပါဝင် ပါတယ်။ အချို့နေရာတွေမှာ အကြောင်းပြတော့ မဲရုံ စောင့်ခိုင်းဖို့ ကြိုတင် မဲပေးရတာလို့ ဆိုပါတယ်။ ဒါပေမယ့် အရည်အတွက် အတော်များများ ဖြစ်နေတဲ့အပြင် မဲပေးတဲ့ နေရာမှာလည်း လျှို့ဝှက်ပုံစံ မဟုတ်ပဲ သက်ဆိုင်ရာ အထက်အရာရှိကို ပေးအပ်ရတာလို့ မကွေးတိုင်း ဝန်ထမ်း တဦးက ပြောပါတယ်။ ပညာရေးဝန်ထမ်း အများစုကတော့ ကြံခိုင်ရေးအဖွဲ့ဝင်တွေ ဖြစ်နေတာကြောင့် မဲရုံလုံခြုံရေး စောင့်စေဖို့ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ ကရင်ပြည်နယ်ထဲက
ဝန်ထမ်းတွေ အကြိုမဲ ပေးရတဲ့ အခြေအနေကိုတော့ နယ်ခံတဦးက အခုလို ပြောပါတယ်။
“ရဲဝန်ထမ်းတချို့ပေါ့၊ အကုန်တော့ မဟုတ်ဘူး။ ကြိုတင်မဲ ပေးရတယ်လေ။ နောက်မီးသတ်လဲ အဲဒီလိုပဲ။ လခယူနေတဲ့ မီးသတ်တွေကိုလည်း ကြိုတင် မဲပေးခိုင်းတယ်။ ပညာရေးကျတော့ (၃)ရက်နေ့ ကျရင်တဲ့ ကြိုတင်မဲ ပေးရမယ်လို့ ပြောတယ်။ ပညာရေးက လူတွေကို မေးကြည့်တော့ သူတို့က ကြံ့ခိုင် ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေတဲ့။ ကြက်ခြေနီရယ်၊ အမျိုးသမီးရေးရယ်၊ မီးသတ်ဝန်ထမ်း တွေကျတော့ မဝင်မနေရတဲ့။ ထောင်ကျမယ်ဆိုပြီး ဝင်ခံထားရတဲ့သူတွေတဲ့။ ရဲဝန်ထမ်း တချို့က ကြိုတင်မဲပေးတဲ့သူတွေကြတော့ ကန့်ကွက်မဲ မပေးရဲဘူးလေ။”
ဝန်ထမ်းတွေကိုတင် အခုလို ကြိုတင်ဆန္ဒမဲကောက်တာမဟုတ်ပါဘူး။ ညောင်ဦးမြို့မှာဆိုရင်တော့ သာမန်လက်လုပ်လက်စားတွေကို ကော်မရှင်ကနေ အိမ်တိုင်ရာရောက် ကြိုတင်မဲ ကောက်တာတွေ ရှိနေတယ်လို့ နယ်ခံတဦးက အခုလို ပြောပါတယ်။
“ဒီမှာ နယ်မြေ ၆ခုရှိတာလေ။ နယ်မြေ (၆)ခုစလုံးမှာပဲ ကြိုတင်မဲယူတာပေါ့။ နယ်မြေတခုမှာ ရပ်ကွက် (၂၀)ကနေ၊ (၃၀)အတွင်းပါတယ်။ လက်လုပ်လက်စားများတဲ့ နေရာတွေပေါ့နော်။ လက်ရှိ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲကနေ လာတာပေါ့။ အိမ်တိုင်ရာရောက်က သူတို့ ရွေးထားတဲ့ ပစ်မှတ် ရှိမှာပေါ့။ အဲဒီရပ်ကွက်ထဲမှာရှိတဲ့ သူတို့စကား မဖယ်ရှားရဲတဲ့ အကြောက်များတဲ့ သူတွေပါတယ်ပေါ့။ အိမ်တိုင်ရာရောက်လာပြီးတော့ အဲဒီနေ့ကျရင် အလုပ်ရှုတ်နေလိမ့်မယ်၊ ကြိုတင်မဲပေးလိုက်ကြပါလို့ ပြောပြီးတော့ ကြိုတင်မဲတွေ ယူသွားကြတာပေါ့။ ပေးလိုက်ရတဲ့သူတွေကို မေးကြည့်တော့ သူတို့ ကိုယ်တိုင်က မှန်ခြစ်၊ မှားခြစ်ကို ဘာမှ ထည့်မပေးလိုက်ရဘူး၊ ဒီအတိုင်းပဲ ပေးလိုက်ရတာပေါ့။”
ဘာကြောင့် မခြစ်ပေးလိုက်ရတာလဲ။ သူတို့ကို မခြစ်ခိုင်းလို့လား။
“ဒီအတိုင်းပဲ ပေးလိုက်ပါပေါ့လေ။ သူတို့လုပ်လိုက်မယ်ပေါ့။ အဲဒီလို ပြောတာ။ အားလုံးက YES ပဲဖြစ်ကြမှာပေါ့။”
တချို့နယ်တွေမှာ မီးသတ်တို့၊ ကြံ့ခိုင်ရေးတို့၊ ဝန်ထမ်းတွေကို ကြိုတင်မဲတွေ ပေးခိုင်းနေတယ် ကြားရ တယ်။ ညောင်ဦးဘက်မှာရော ဘယ်လို ကြားရသလဲ။
“ဟုတ်တယ်ခင်ဗျ။ တချို့ကတော့ ဒီမဲရုံထဲမှာ တာဝန်ကျမယ်ဆိုပြီးတော့ ပေးတာ။ ဒါပေမဲ့ ဒီ အရေအတွက်က များလွန်းနေတယ်ပေါ့နော်။ ဆိုကြပါစို့ မဲရုံတခုမှာ ရှိသင့်တာ ငါးယောက်ဆိုရင် မဲရုံ ရေတွက်မယ့်သူများများ တာဝန်ယူရမယ်ဆိုပြီး ကြိုတင်မဲတွေ ယူတာပေါ့။ ဒါမျိုးတွေ ရှိတယ်။”
မဲပေးလို့ရှိရင် ထောက်ခံမဲ ပေးရမယ်ဆိုပြီး ချိန်းခြောက်တာမျိုး၊ စည်းရုံးတာမျိုးတွေ အာဏာပိုင် တွေဘက်က လုပ်တာတွေရော ကြားလား။ လုပ်သွားပြီးပြီခင်ဗျ။ ၂၁ရက်နေ့က၊ စက်မှု(၁) ဝန်ကြီး ဦးအောင်သောင်းပေါ့။ ရွှေစည်းခုံပြတိုက်မှာရှိတဲ့ ငွေစယံတာ စောင်းတန်းမှာ လူထု အားလုံးစုပေါ့ လေ။ ကြံ့ခိုင်ရေး အဖွဲ့ဝင်တွေလည်း မလာမနေရပေါ့။ ပြီးတော့ သာမန်ပြည်သူတွေထဲကလည်း ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေကို စုခိုင်းတာပေါ့နော်။ တချို့ဆိုလည်း (၁၀)ယောက်လောက်၊ တချို့ဆိုလည်း လူ အယောက် (၁၀၀)ရအောင်ခေါ်ခဲ့၊ ဒီလိုနည်းနဲ့ အဲဒီမှာ စုပြီး စကားပြော မဲဆန္ဒစည်းရုံးပြီး ထောက်ခံမဲအတွက် စကားပြော မဲဆွယ်တယ်။ ဒါပေမဲ့ သူတို့ အရေအတွက် မှန်းတုန်းက (၅၀၀၀)လောက်မှန်းတာပေါ့။ လာတော့ လူ (၃၀၀) မပြည့်ဘူး။ ပြီးခဲ့တဲ့ (၂၁)ရက် နေ့ကပေါ့။”
ညောင်ဦးဘက်မှာ တခြားနယ်ခံလူထုအနေနဲ့ ဆန္ဒမဲပေးရတာနဲ့ ပတ်သက်လို့ သူတို့ ဘယ်လို သဘောထားတွေ ရှိလဲ။ နားလည်ကြလား။
“အခုနောက်ပိုင်းမှာဆိုရင်တော့ အံ့သြလောက်တယ်။ အရင်အပတ်နဲ့ မတူဘူး။ ဒီတပတ်မှာ တဖြေးဖြေးချင်း သူတို့ချင်း လက်သိပ်ထိုး ပြောကြတာ ကျယ်ပြန့်လာပုံလဲ ရပါတယ်။ ဆိုကြပါစို့ ဈေးမှာ သိပ်မသိတဲ့ လူတယောက်ကို မေးကြည့်လိုက်တဲ့အခါ ကျတော်တို့တောင် ပြန်အတု ယူ လောက်တယ်။ သူတို့ပြောတာတွေက။ စစ်တပ်ကို သဘောကျရင် အမှန်ခြစ်လိုက်ပါ။ ဘုန်းကြီးကို သဘောကျရင် အမှားခြစ်ပါ။ သူတို့ ဝေါဟာရနဲ့ကတော့ သူတို့အဆင်ပြေတယ်ခင်ဗျ။ နောက်တခုက တချို့ကျတော့လည်း ဘာမှ ထူးထူးထွေထွေ ပြောမနေတော့ဘဲ အစိုးရကို မကြိုက်တော့ အစိုးရက မှန်ခြစ် ခြစ်ခိုင်းနေတယ်ဆိုတာကို သိတယ်။ ဘာရယ်ညာရယ်မဟုတ်ဘဲ သူတို့က မှန်ခြစ် ခြစ်ခိုင်းရင် ငါတို့က မှားခြစ် ခြစ်ပစ်မယ်။ သူတို့က အမှားခြစ်ခိုင်းရင် ငါတို့က အမှန်ခြစ် ခြစ်မယ်။ ဒီလို စိတ်ဓာတ် တွေမျိုးလဲ ရှိကြတယ်။”
နေရာအတော်များများမှာတော့ မဲပေးရတာ လျှိုဝှက် လုံခြုံမှုရှိတယ်လို့ မယူဆတဲ့အတွက် ကြိုတင် ဆန္ဒမဲပေးရတဲ့ ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့သဘောဆန္ဒအတိုင်း ပေးဖို့ တွန့်ဆုတ်ခဲ့ကြတယ်လို့ မြဝတီမြို့ ဝန်ထမ်းမိသားစုဝင်တဦးက ပြောပါတယ်။ ဝန်ထမ်းတွေအနေနဲ့ အခု မဲပေးတဲ့အခါမှာ ကြိုတင်မဲ ပေးရတာတင် မဟုတ်ပါဘူး ကျန်တဲ့ ဝန်ထမ်းတွေအနေနဲ့က သက်ဆိုင်ရာ နေထိုင်တဲ့ နယ်မြေမှာ မဟုတ်ပဲ ဌာနဆိုင်ရာ အလိုက်မဲပေးရမယ်လို့လည်း သိရပါတယ်။