သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုန်းမုန်တိုင်း ရခိုင်ကမ်းရိုးကို ဝင် ရောက်တိုက်ခတ်


အင်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း တခုဟာ မြန်မာပြည် အနောက်ဖက်ကမ်းရိုးတန်းကနေ ဝင်ရောက် လာနေတာကြောင့် လေပြင်းမုန်တိုင်းဒဏ် ခံရနိုင်တဲ့ အန္တရာယ်တွေ ရှိကြောင်း သတိပေးချက်တွေ ထွက်ပေါ်လာနေပါတယ်။ မြန်မာနိုင်ငံအနောက်ဖက် ရခိုင်ပြည်နယ်ကနေ ဝင်ရောက်လာနေတဲ့ မုန်တိုင်းနဲ့အတူ ဒီရက်ပိုင်းအတွင်း အဆက်မပြတ် မိုးရွာသွန်းမှုဒဏ်ခံနေရတဲ့ ရန်ကုန်မြို့က အခြေအနေတွေနဲ့ ပတ်သက်လို့ ဦးအောင်လွင်ဦး က တင်ပြပေးပါတယ်။

မြန်မာနိုင်ငံ အနောက်ဖက် ဘင်္ဂလားပင်လယ်အော်ထဲမှာ ဗဟိုပြုပြီး နာဂတ်စ် (Nargis) ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာနေတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကနေ စတင်ပြီး တိုက်ခတ်လာတဲ့ လေမုန်တိုင်းဟာ ရခိုင်ကမ်းလွန်က ဟိုင်းကြီးကျွန်းကို ဖြတ်သန်းပြီး ကုန်းတွင်းပိုင်းကို ဝင်ရောက်လာနေပြီး ဒီလို ဝင်ရောက်လာတဲ့ အခါမှာတော့ အားပျော့ လာနိုင်ဖွယ်ရှိတယ်ဆိုပြီး မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာနက ခန့်မှန်းထားပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင် က မနေ့က ရန်ကုန်မြို့မှာ သတင်းထောက်တွေကို ပြောဆိုရာမှာတော့ -

“ကမ်းရိုးတန်းကို ဝင်လာတော့မယ်။ ဒါမျိုးဟာ ကျွန်တော့်အတွေ့အကြုံအရ မြန်မာပြည်က မကြာခဏ ကြုံတတ်တယ်။ ကျွန်တော်တို့နိုင်ငံ တခုထဲမဟုတ်ဘူး။ သူများနိုင်ငံတွေဆို ဝင်ခါနီးမှာ အားပျိုးပြီးတော့ ဝင်လာတော့ ပိုပြီးတော့ အထိအခိုက်တွေ များတယ်။ ကျွန်တော်တို့တွေမှာကျတော့ ဝင်ခါနီးမှ အားလျော့ သွားတယ်။ ဒီလိုပြောတာကလည်း သိပ္ပံသဘောအရ မုန်းတိုင်းတွေကလည်း များသောအားဖြင့် ကွေ့ပြီး ပြန်လာတဲ့ မုန်တိုင်းတွေဆိုတော့ ဒီလိုဖြစ်တတ်တာများပါတယ်။ လက်ရှိမုန်တိုင်းတွေမှာ မုန်တိုင်းအဆင့်မှာ အမြင့်ဆုံးအဆင့်က (၁)၊ ဒုတိယ အမြင့်ဆုံးက (၂)ပေါ့။ ဒီမုန်တိုင်းက နှစ်နဲ့စပြီး တစ်ကို ခဏတဖြုတ်ရောက်သွားတယ်။ နောက်နှစ်ကို ပြန်ဆင်းလာတယ်။ အခုလောလောဆယ်မှာတော့ ၂.၅ လောက်ဖြစ်လာပြီး တဝက်လောက် ထပ်လျော့သွားတယ်။ ဒါကြောင့် လေတိုက်နှုန်း မူလက ၁၂၀၊ ၁၅၀ကနေ တဖြည်းဖြည်းနှေးသွားပြီး ၁၀၀၊ ၁၂၀လောက်မှန်းထားပါတယ်။ တကယ် လက်တွေ့မှာလည်း ဒီထက်လည်း လျော့ဖို့ မှန်းထားပါတယ်။ တိုင်းပြည်ကို ဖြတ်ပြီးတော့ ဝင်နေပါပြီ၊ ရန်ကုန်ကတော့ မုန်တိုင်းက အချင်းက ကျယ်တဲ့အတွက် ရန်ကုန်မှာတော့ မုန်တိုင်းစက်ကွင်းထဲမှာပါပါတယ်။”

ကုန်းတွင်းပိုင်းဝင်ရောက်တဲ့အခါ အားပျော့နိုင်တယ်လို့ ခန့်မှန်းထားပေမယ့် ဒီမုန်တိုင်းနဲ့အတူ မိုးရွာသွန်းမှုတွေ ဖြစ်နိုင်တာမို့ ကြိုတင်ကာကွယ်မှုတွေ လုပ်ဖို့လည်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ် ဂွမြို့နယ်ကနေ ဝင်ရောက်လာတဲ့ မုန်တိုင်းဟာ ငွေဆောင်၊ ငပလီ ကမ်းခြေတွေကို ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပေမယ့် ပျက်စီးဆုံးရှုံးမှု၊ လူထိခိုက်သေဆုံးမှု ရှိမရှိ ဆိုတာတွေနဲ့ ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အခု ဆိုင်ကလုန်း ရိုက်ခတ်နိုင်မယ်လို့ ခန့်မှန်းထားတဲ့ ရန်ကုန်မြို့မှာလည်း မုန်တိုင်းမတိုင်ခင် ရက်တွေကတည်းက မိုးအဆက်မပြတ် ရွာသွန်းမှုတွေ ရှိနေတာမို့ မြို့ထဲမှာ ရေလျှံတာတွေ၊ လျှပ်စစ်မီး၊ တယ်လီဖုန်း ဆက်သွယ်ရေး ပြတ်တောက်မှုတွေ ရှိနေတယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။

“ဒီနေ့ ရန်ကုန်မှာ လေမုန်တိုင်းကျမယ်လို့ ပြောတယ်။ လေတိုက်မယ်၊ မိုးသည်းထန်စွာရွာမယ်တဲ့၊ ဘယ်မှ သိပ်မထွက်ကျနဲ့လို့တောင် ပြောတယ်။ မိုးကတော့ ဆက်တိုက်ကို ရွာနေတယ်။ ၁ရက်ပဲ နေပူလိုက်တယ်။ ရေကြီးတဲ့နေရာတွေမှာလည်း ရေကြီးနေတာပေါ့၊ မြောင်းတွေလည်း အကုန်ပိတ်၊ ဖုန်းလိုင်းတွေကလည်း မကောင်း၊ ဖုန်းကြိုးတွေကလည်း ပြုတ်ကျတော့ ဒီဖုန်းကြိုးတွေလဲ မကောင်းဘူးဖြစ်နေတယ်။ ဒီနေ့ဆို ကြေညာချက်ထုတ်တယ်။ ရေဒီယိုက ပြောတာက လေးနာရီကနေ ငါးနာရီကြားမှာ မုန်တိုင်းရှိတယ်တဲ့။”

မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာနကတော့ ဆိုင်ကလုန်းမုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း တို့အပြင်၊ မြန်မာနိုင်ငံ အရှေ့မြောက်ဖက်က ကယားပြည်နယ် လွိုင်ကော်ဖက်အထိ ရောက်ရှိကောင်း ရောက်ရှိနိုင်တယ်ဆိုပြီးတော့လည်း ခန့်မှန်းထားပါတယ်။ ကမ်းရိုးတန်းဒေသတွေမှာတော့ ဒီရေမြင့်တက်မှုတွေလည်း ရှိနိုင်တယ်လို့လည်း ဆိုပါတယ်ခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG