သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်းဆိုချက်ကို မြန်မာနိုင်ငံ လိုက်နာမှုရှိမရှိ လုံခြုံရေးကောင်စီ စောင့်ကြည့်မည်


ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မြန်မာစစ်အစိုးရ လိုက်နာမှု ရှိမရှိ စောင့်ကြည့်သွားမှာ ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဇမေးလ် ခါလီဇက်ဒ် (Zalmay Khalilzad) က ပြောပါတယ်။ လုံခြုံရေးကောင်စီရဲ့ ကြေညာချက်ကို မြန်မာ့ ဒီမိုကရေစီအင်အားစုတွေကလည်း ကြိုဆိုလိုက်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဇမေးလ် ခါလီဇက်ဒ် က လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌရဲ့ ကြေညာချက် ထွက်လာတယ်ဆိုရင်ပဲ ဒီကြေညာချက်ကို အဖွဲ့ဝင်နိုင်ငံ အားလုံးက သဘောတူ လက်ခံလိုက်တာ ဖြစ်တဲ့အကြောင်း သတင်းထောက်တွေကို အခုလို ရှင်းပြပါတယ်။

“အဓိကအားဖြင့် အကြောင်းအရာ နှစ်ခုရှိပါတယ်။ ပထမတစ်ချက်က မြန်မာအာဏာပိုင်တွေအနေနဲ့ လာမယ့် မေလ ၁၀ ရက် လူထုဆန္ဒခံယူပွဲ ကျင်းပမယ်၊ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုရင် အများ လက်ခံယုံကြည်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ ဖြစ်အောင် ဆောင်ရွက်ဖို့၊ နိုင်ငံရေးအရ အခြေခံ အခွင့်အရေးတွေကို ပိတ်ပင်မထားဘဲ ခွင့်ပြုဖို့ လုံခြုံရေးကောင်စီက တောင်းဆိုတာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာလက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ပါတဲ့ အချက်တွေအတိုင်း နိုင်ငံရေးပါတီ အားလုံးနဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပဖို့ ထပ်ပြီး တောင်းဆိုတာပါ။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ တိုင်းရင်းသားမဟုတ်တဲ့ သက်ဆိုင်ရာ အဖွဲ့တွေနဲ့ ဆွေးနွေးဖို့ပါ။”

မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး၊ ထိန်းသိမ်းထားသူတွေ အားလုံးကို လွှတ်ပေးဖို့ လိုတဲ့အကြောင်းလည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဇမေးလ် ခါလီဇက်ဒ် က ပြောပါတယ်။ တောင်းဆိုချက်တွေကို စစ်အစိုးရဖက်က လိုက်နာမှုရှိမရှိ စောင့်ကြည့်သွားမှာ ဖြစ်တဲ့အကြောင်း။ တကယ်လို့ မလိုက်နာဘူး ဆိုရင် မြန်မာနိုင်ငံအရေးကို နောက်တစ်ကြိမ် ဆွေးနွေးလာအောင် တင်ပြသွားမယ်လို့လည်း ပြောပါတယ်။

“ဒါဟာ ကောင်းမွန်တဲ့ ကြေညာချက်တစ်ရပ်အဖြစ် ကျနော့်အနေနဲ့ ယုံကြည်ပါတယ်။ မြန်မာအာဏာပိုင်တွေ အနေနဲ့ ဒီတောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ ဘာဆက်လုပ်မယ် ဆိုတာကို လုံခြုံရေးကောင်စီက ဆက်ပြီး စောင့်ကြည့်နေမှာ ဖြစ်တယ်လို့ ဆုံးဖြတ်ချက် ချထားပါတယ်။ ဒီကြေညာချက် အပါအဝင် အရင်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ ရှေ့သီတင်းပတ်တွေအတွင်းမှာ ကျနော်တို့ ဒီကိစ္စကို ပြန်ပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌရဲ့ ကြေညာချက်ဟာ မဖြစ်မနေ လိုက်နာဖို့ မလိုအပ်တဲ့ ကြေညာချက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအရေးမှာ အခုလို အလေးထားမှုတွေကို ကြိုဆိုတဲ့အကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရအဖွဲ့ (NCGUB) က ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ပြောပါတယ်။

“နိုင်ငံရေး ပြောင်းလဲမှုတွေ၊ နိုင်ငံရေးသွားနေတဲ့ လမ်းတွေဟာ အများပါဝင်ရမယ်။ နောက်ပြီး အခြေအနေက နိုင်ငံရေး လွတ်လပ်မှု ရှိရမယ်။ ဒါတွေကို တောင်းဆိုထားတယ်။ ကျနော်တို့လည်း ဒါကို တောင်းဆိုတာပါပဲ၊ ဒါက ကမ္ဘာ့အမြင်၊ ကမ္ဘာ့နိုင်ငံတွေရဲ့ အမြင်ပါ။ ဒီဟာကို ကျနော်တို့ ကြိုဆိုတယ်၊ ကုလသမဂ္ဂ အနေနဲ့လည်း ဆက်ပြီးတော့ တွန်းအားပေးသွားမယ်၊ ဒီဟာကို ဆက်ပြောသွားမယ်ဆိုတာ ကျနော်တို့ ကြိုဆိုပါတယ်။”

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက လုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကြေညာချက်နဲ့ ပတ်သက်လို့ ပြောသွားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG