ဇင်ဘာဘွေ သမ္မတ ရွေးကောက်ပွဲ တကြော့ပြန် ကျင်းပမယ် ဆိုရင် အတိုက်အခံပါတီ ခေါင်းဆောင် မော်ဂန် ရှန်ဂရိုင်း (Morgan Tsvangirai) အနေနဲ့ ပါဝင်ယှဉ်ပြိုင်မယ် မယှဉ်ပြိုင်ဘူးဆိုတာ အဓိက အတိုက်အခံ ပါတီကြီးက အဆုံးဖြတ်ရသေးပါဘူး။
ဇင်ဘာဘွေ အတိုက်အခံ ဒီမိုကရေစီ ပြောင်းလဲရေး လှုပ်ရှားမှု ပါတီ MDC ရဲ့ ဒု ဥက္ကဋ္ဌ မစ္စ သွန်ကိုဇန်နီ ကူပီ (Ms. Thokozani Khupe) က ရွေးကောက်ပွဲကို တကြော့ပြန် ကျင်းပဖို့ မလိုဘူးလို့ ဟာရယ်ရီ (Harare) မြို့မှာ သတင်းထောက်တွေကို ပြောဆိုပါတယ်။ အတိုက်အခံခေါင်းဆောင် ရှန်ဂရိုင်း အနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအများစု အပြတ်အသတ် အနိုင်ရခဲ့တယ်လို့ ယုံကြည်တဲ့ အတွက် ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ မလိုဘူးလို့ ပြောပါတယ်။
ဒါပေမယ့်လည်း အတိုက်အခံ MDC ပါတီရဲ့ အရာရှိတွေကတော့ ပါတီအနေနဲ့ တကြော့ပြန် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်ခြေ မရှိဘူးလို့တော့ လုံးလုံး မငြင်းပယ်သေးဘူးလို့ ပြောပါတယ်။
အတိုက်အခံခေါင်းဆောင် မော်ဂန် ရှန်ဂရိုင်းဟာ ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ သမ္မတ မူကာဘီ (Mugabe) ကို အနိုင်ရခဲ့တယ်လို့ တရားဝင် မဲစာရင်းက ထုတ်ပြန်ပါတယ်။ ဒါပေမယ့်လည်း လိုအပ်သလောက် အများစုမဲကို မရတဲ့အတွက် နောက်တကြိမ် ပြန်ပြီးရွေးကောက်ပွဲ ကျင်းပဖို့ လိုအပ်တယ်လို့ ပြောဆိုထားပါတယ်။ ဒီပြောဆိုချက်ကို အတိုက်အခံတွေက ငြင်းဆိုပါတယ်။
အစိုးရဘက်က မဲရေတွက်တာမှာ တစ်လကျော် နောက်ကျခဲ့တာကြောင့် ဇင်ဘာဘွေ ပြည်တွင်းနဲ့ ပြည်ပမှာ ရွေးကောက်ပွဲ ရလဒ်ကို သံသယ ဖြစ်ခဲ့ကြပါတယ်။ တကယ်လို့ မော်ဂန် ရှန်ဂရိုင်းအနေနဲ့ တကြော့ပြန် ရွေးကောက်ပွဲမှာ ၀င်ရောက် မယှဉ်ပြိုင်ဘူး ဆိုရင် သမ္မတ မူကာဘီ ကပဲ အနိုင်ရသူ အဖြစ် ကြေညာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ၂၈ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ဇင်ဘာဘွေကို ဆက်ပြီး အုပ်ချုပ်မယ်လို့ မျှော်လင့်ရပါတယ်။