သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးကယ်ဆယ်ရေး အခြေအနေ နှောင့်နှေးနေ


နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရသူ
တွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်း
တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ထိထိရောက်ရောက် လုပ်ဆောင်ပေးတာ မတွေ့ရသေးတဲ့အကြောင်း မျက်မြင်တွေ့သူ
တွေက ပြောကြပါတယ်။ အခြေအနေ
အသေးစိတ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က
နေ ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်
သိန်းက တင်ပြပေးထားပါတယ်။

ဒီကနေ့မှာ အခြေအနေက ပြန်ပြီး တည်ငြိမ်စပြုလာပြီလို့ ဆိုနိုင်ပေမယ့် တာဝန်ရှိသူ
တွေရဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအပေါ် အားမလိုအားမရဖြစ်တာတွေကို
ကြားနေရပါတယ်။ အရေးပေါ်ကော်မတီတခုဖွဲ့တယ်၊ ကူညီကယ်ဆယ်ရေးတွေ
လုပ်ပေးနေတယ်ဆိုပြီး နိုင်ငံပိုင်သတင်းမီဒီယာတွေမှာ ကြေညာပေမယ့် လက်တွေ့
မှာကတော့ ထိထိရောက်ရောက် လုပ်ပေးတဲ့ပုံ မတွေ့ရပါဘူး။

ရန်ကုန်မြို့ကနေ ပထမဆုံးထွက်လာတဲ့လေယာဉ်နဲ့ လိုက်လာပြီး ဘန်ကောက်မြို့ကို
မကြာသေးခင် အချိန်ပိုင်းကမှ ရောက်လာခဲ့သူတွေထဲမှာ တဦးကတော့ ဆွီဒင်နိုင်ငံ ဒီမိုကရေစီရေးရာဝန်ကြီးဟောင်း မစ္စတာ ယန်းအော်ဘက် (Mr. Jens Orback) ပါ။

“လျှပ်စစ်မီးက ပြတ်သွားတယ်။ တယ်လီဖုန်းတွေ အလုပ်မလုပ်ဘူး။ ရုပ်မြင်သံကြား၊
ရေဒီယို၊ ဆယ်လူလာဖုန်းလိုင်း၊ အားလုံးပါပဲ ပြတ်ကုန်တယ်။ လူတွေကိုမေးကြည့်တဲ့
အခါ အစပိုင်းမှာ စစ်ဘက်၊ ရဲဘက်နဲ့ မီးသတ်ဘက်က ဘယ်သူကမှ အကူအညီ မပေး
တဲ့အပေါ် သူတို့ စိတ်ပျက်လက်ပျက်ဖြစ်ရတာတွေကို ပြောပြကြတယ်။ အရပ်ထဲက
သာမန်လူတွေပဲ လဲကျနေတဲ့ သစ်ပင်တွေကို ပုဆိန်တွေနဲ့ ခုတ်ထွင်ရှင်းလင်းနေတာ
တွေ့ရတယ်။” လို့ မစ္စတာ ယန်းအော်ဘက်က ပြောပြသွားတာပါ။

မစ္စတာယန်းအော်ဘက် ပြောပြခဲ့တဲ့ အခြေအနေကို ရောင်ပြန်ဟပ်ပြီး သုံးသပ်ပြသူ နောက်တဦးကတော့ မြန်မာ့အရေး စောင့်ကြည့်လေ့လာသူ ဦးအောင်သူငြိမ်းပါ။ အခု အခြေအနေပေါ်မှာ တာဝန်ရှိသူတွေရဲ့ အရေးယူဆောင်ရွက်မှုဟာ အတော်ပဲ တာဝန်မဲ့
လွန်းတယ်လို့ သူကဆိုပါတယ်။ ဝန်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်ပြီး သဘာဝဘေး
အန္တရာယ် ကာကွယ်တားဆီးရေးဆိုင်ရာ ဗဟိုကော်မတီတရပ်ကို ၂၀၀၅ ခုနှစ်ကတည်း
က ဖွဲ့စည်းထားခဲ့ပေမယ့် တကယ့်လက်တွေ့ဖြစ်လာတဲ့အခါ လုပ်ဆောင်မှုအပေါ်
ဦးအောင်သူငြိမ်းက ခုလိုသုံးသပ်ပြပါတယ်။

“တကယ့်တကယ် လက်တွေ့ မြန်မာပြည်မှာ လောလောဆယ် မုန်တိုင်းတိုက်လာတဲ့
အနေအထား၊ တော်တော်များများ သေကျေပျက်စီးရတဲ့အနေအထားအရ လက်ရှိ
ဒီကော်မတီက လုံး၀ အလုပ်မလုပ်ဘူး။ နောက်တခုက ဒီကော်မတီထဲမှာရှိနေတဲ့ လုပ်ငန်းဆောင်တာတွေ အားလုံးကလည်း ဘာမှအလုပ်မဖြစ်ဘူးဆိုတာ တွေ့ရပါတယ်။
ဥပမာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဆိုတာ
ရှိပါတယ်။ သူတို့ရဲ့ အင်တာနက်ဝက်ဘ်ဆိုက်မှာလည်း ကျနော်သွားပြီး လေ့လာဖူးပါ
တယ်။ ကျနော်အမှတ်မမှားဘူးဆိုရင် ဥပမာ ရန်ကုန်တိုင်းမှာဆိုရင်တောင်မှ စောင် အထည်တသောင်း၊ အိုးခွက်အစုံတသောင်း၊ စသဖြင့် ဒီလောက်ပဲ အရေးပေါ်အခြေ
အနေဖြစ်လာရင် ကယ်ဆယ်ဖို့ရှိပါတယ်။

“တကယ့်တကယ် ကျနော်တို့တိုင်းပြည်မှာ ပြန်ကြည့်ရင် မနှစ်က ရန်ကုန်မှာ ရေ
သုံးကြိမ်ကြီးတယ်။ တချို့နေရာ တော်တော်များများက သောက်ရေတောင်မရှိဘူး
ဖြစ်သွားတယ်။ အဲတော့ စားသောက်စရာ ဆန်တို့၊ ရေတို့ စသဖြင့် ကယ်ဆယ်ရေး
ပစ္စည်း စုဆောင်းထားတဲ့ အနေအထားကို လုံးဝမတွေ့ရတဲ့ အနေအထားမျိုးရှိတယ်။
နောက်တခုက ဒီလောက်ပစ္စည်းလေးနဲ့ လက်ရှိဖြစ်လာတဲ့ သဘာဝဘေးအန္တရာယ်မျိုး
မှာ ဘယ်လိုနည်းနဲ့မှ ကာကွယ်ဖို့၊ ကူညီထောက်ပံ့ဖို့ မဖြစ်နိုင်ပါဘူး။”
မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ ဦးအောင်သူငြိမ်း ပြောပြသွားတာပါ။

အခုနောက်ဆုံးထွက်လာတဲ့ သတင်းတပုဒ်အရဆိုရင်တော့ နိုင်ငံတကာက အကူအညီ
တွေကို မြန်မာအစိုးရက လက်ခံမယ့်အကြောင်း မြန်မာအစိုးရ သတင်းဌာနကို ကိုးကား
ပြီး အမေရိကန် ရုပ်သံသတင်းဌာန CNN က ဖော်ပြသွားပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂက
လည်း မြန်မာနိုင်ငံကို အကူအညီတွေပေးမယ်လို့ ကြေညာထားကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG