သဘာ၀ ဘေးအန္တရာယ် ကျရောက်ခဲ့ပြီးတဲ့နောက် ကျန်းမာရေး ပြဿနာတွေ ကို ရင်ဆိုင်ဖို့ အတွက်၊ မြန်မာ နိုင်ငံ ကျန်းမာရေး ဌာန နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး ဌာန တွေ မှာ တမျိုးသားလုံးဆိုင်ရာ စီမံကိန်းတွေ မုန်တိုင်းမကျမီကတည်း က ရေးဆွဲထားပြီးဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ က အကူအညီပေးရေး ကမ်းလှမ်းတဲ့အခါမှာတော့၊ စစ်အစိုးရ က ချက်ချင်း မတုံ့ပြန်ခဲ့ကြောင်း ကမ္ဘာ့ သတင်း အသီးသီး မှာ ဖော်ပြခဲ့ကြပါတယ်။ မုန်တိုင်း လွန် ကျန်းမာရေး ပြဿနာတွေ ကို ကိုင်တွယ်ရာမှာ ဘင်္ဂလားဒေ့ရှ် အတွေ့အကြုံ ကို အခြေခံပြီး၊ မြန်မာနိုင်ငံ မှာ တွေ့ကြုံရမယ့် အလုပ်တွေ ကို ပြည်သူ့ကျန်းမာရေး ဆိုင်ရာ အငြိမ်းစား နိုင်ငံတကာ ဝန်ထမ်း အချို့နဲ့ တွေ့ဆုံမေးမြန်းခဲ့တာ ကို ဦးတင်မောင်သန်း က တင်ပြပေးပါဦးမယ်။
မုန်တိုင်းက မြန်မာနိုင်ငံကို ဦးတည်နေပြီလို့ သတင်းတွေ ဖြစ်လာခဲ့တဲ့ သောကြာနေ့မှာ မြန်မာနိုင်ငံ မှာရှိတဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် အပါအဝင်၊ အစိုးရ မဟုတ်တဲ့ နိုင်ငံတကာ လူမှုဝန်ထမ်း အဖွဲ့အစည်း အနည်းဆုံး ၂ ဖွဲ့ က အရေးပေါ် ပြင်ဆင်မှု အစည်းအဝေးတွေ ကျင်းပခဲ့ကြ တယ်လို့ အဆိုပါ အဖွဲ့တွေနဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တွေ က ပြောကြားပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာန ရဲ့ ပြင်ဆင်ချက် နဲ့ ပတ်သက်ပြီး၊ ဗွီအိုအေ က ဖုံးဆက်သွယ်မေးမြန်းခဲ့ပေမဲ့၊ အဆက်အသွယ် မရရှိခဲ့တဲ့ အတွက် ခုတိုင် သတင်းမရရှိသေးပါဘူး။ ဒါပေမဲ့ သဘာ၀ ဘေးအန္တရာယ် ပြင်ဆင်ရေး ဆိုင်ရာ တမျိုးသားလုံး အစီအစဉ် တစ်ရပ်ကို ကျန်းမာရေး ဝန်ကြီးဌာနက ယခင်ကတည်းက ရေးဆွဲထားပြီး ဖြစ်တယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းကြီးတစ်ခုမှာ အကြီးတန်း အရာရှိအဖြစ် တာဝန် ထမ်းဆောင် ခဲ့သူ တစ်ဦးက ဆိုပါတယ်။
“National Plan (အမျိုးသား စီမံကိန်း) မှာတော့ ရှိတယ်။ ဥပမာ သဘောကတော့ သူတို့ .. ကလိုရင်း ခပ်ဖို့တို့ ရေသန့်ပေးဖို့တို့ အဲဒါတွေ ကို ပစ္စည်းရှိရင်၊ အစိုးရ က လုပ်တော့လုပ်တာပဲ။ အစိုးရဆိုတာလေ .. အင်န်ဂျီအိုတွေ နဲ့ တွဲပြီးတော့ပေါ့လေ သူတို့တွေ ယူအင်န် တို့ ဘာတို့ နဲ့ လုပ်တော့လုပ်တယ်။ အရင်အတိုင်းပဲ။ Public Health Section မှာပဲ။ သီအိုရီ အရတော့ အကုန်ရှိတာပဲ။”
အလားတူပဲ၊ မြန်မာနိုင်ငံ မှာ သဘာ၀ ဘေးအန္တရာယ် ကျရောက်နိုင်ဖွယ် ရှိတယ်လို့ ရန်ကုန်ရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ကလည်း အကဲဖြတ်ခဲ့ပြီး၊ ၂၀၀၀ ခုနှစ် ဝန်းကျင် ကတည်းက စီမံကိန်းတစ်ရပ် ကို ရေးဆွဲထားခဲ့ပါတယ်။
အဲသလို ဌာနဆိုင်ရာ နဲ့ နိုင်ငံတကာ အဆင့်မှာ ပြင်ဆင်ချက် စီမံကိန်းတွေ ရေးဆွဲထားပြီးရှိပေမဲ့၊ ကုလသမဂ္ဂ က အကူအညီပေးဖို့ ကမ်းလှမ်းတဲ့အခါ၊ စစ်အစိုးရ က ချက်ချင်း မတုံ့ပြန်နိုင်ခဲ့တာ ကို ကမ္ဘာ့ သတင်းအေဂျင်စီ အသီးသီး ကတက်လာတဲ့ သတင်းတွေ ထဲ မှာ တွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ နဲ့ စစ်အစိုးရ တို့ မနေ့ ကတော့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ အစိုးရ အသိုင်းအဝိုင်း နဲ့ နီးစပ်တဲ့ စီးပွါးရေး လုပ်ငန်းရှင်ကြီးတစ်ဦး ရဲ့ အလိုအရ၊ ရေ၊ မီး နဲ့ ပြန်လည် နေရာချထားရေး ကိစ္စတွေ ကို အာရုံထားလုပ်ဆောင်ဖို့ သက်ဆိုင်ရာ တိုင်းမှူးတွေ ကို ညွှန်ကြား ချက် ထုတ်လိုက်ပြီ လို့ ဆိုပါတယ်။ ပျက်စီးသွားတဲ့ အိမ်ယာ ပြင်ဆင်ရေးတွေ ကိုတော့ လူတွေ က သူ့ဘာသာ သူ ပြင်ဆင်ကြလိမ့်မယ်လို့ တိုင်းမှူးတွေ ကို ပြောဆိုထားကြောင်း သိရှိရပါတယ်။
ဒါပေမဲ့ မုန်တိုင်းလွန် ကျန်းမာရေး ပြဿနာတွေ ကို စဉ်းစားတဲ့အခါမှာတော့၊ အသက် နဲ့ ပစ္စည်း ဥစ္စာ ဆုံရှုံးကြရတာ၊ အိုးမဲ့ အိမ်မဲ့ ဖြစ်ရတာ၊ တစ်ဆက်တည်း စိတ်ပိုင်း လူမှုရေးပိုင်း သက်ရောက်မှု ရှိတာတွေ ကိုလည်း ကျန်းမာရေး နောက်ဆက်တွဲ ပြဿနာတွေ အဖြစ် ထည့်သွင်း စဉ်းစားခဲ့ကြတာ တွေ့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကိစ္စတွေ ကတော့ အင်မတန် သိသာ ထင်ရှားလှ ပါတယ်။ ပြည်သူ့ကျန်းမာရေး ဆိုင်ရာ အလုပ်တွေ လုပ်ခဲ့တဲ့ မြန်မာ နိုင်ငံ က နိုင်ငံတကာ အဖွဲ့အစည်းကြီး တစ်ရပ်ရဲ့ အကြီးတန်း ဝန်ထမ်းဟောင်းတစ်ယောက် က အခုလို ပြောပြပါတယ်။
“ချက်ချင်းလုပ်ရမယ့်ဟာ ကတော့ ရေသန့်ရှင်းရေး ပဲ။ ရေကို ရေကောင်းရေသန့် ရဖို့အတွက်က ဒါ ချက်ချင်း လုပ်ရမှာ။ နောက်ပြီးတော့မှ ရောဂါ ဖြစ်ပြီးတဲ့လူတွေကို ကုပေးရမယ့်ဟာ။ နောက်တော့ ရေတို စီမံကိန်း အနေနဲ့က ရေကို သန့်စင်အောင် လုပ်တဲ့ ဆေးပြားတွေ ပေးဖို့၊ ကျန်းမာရေး ပညာပေး အချက်အလက်တွေကို ဖြန့်ဝေဖို့။ ဥပမာ အားဖြင့်ဆိုရင် ရေ ကို ကြိုချက်ပြီး သောက်ဖို့။ ဝမ်းလျှော ဝမ်းသွားတဲ့ ရောဂါ နဲ့ နောက်ပြီးတော့ နမိုးနီးယား .. အသက်ရှူလမ်းကြောင်း နဲ့ ဟာတွေ က အများဆုံး ဖြစ်တတ်တယ်။ နောက်တစ်ခု က မျက်စိ နဲ့ အရေပြား … ။ ပြောရလို့ရှိရင်တော့ ရေနဲ့ ပတ်သက်ပြီးတော့ မှ ဖြစ်တတ်တဲ့အတွက်ကြောင့် ချက်ချင်းလုပ်ရမယ့် အလုပ်ကတော့ လူထု နဲ့ပတ်သက်တဲ့ အလုပ်ကတော့ ရေကောင်းရေသန့် ရရှိဖို့။”
ဘင်္ဂလားဒေ့ရှ် နိုင်ငံ SIDR ဆိုင်ကလုန်း မုန်တိုင်း အတွေ့အကြုံအရဆိုရင်၊ ဝမ်းပျက်ဝမ်းယောင် ရောဂါ၊ အဆုပ်အအေးမိ နျူမိုးနီးယားရောဂါ၊ မျက်စိ နဲ့ အရေပြား ကူးစက်ရောဂါ၊ တိုက်ဖွိုက် ရောဂါတွေ ဟာ မုန်တိုင်း အပြီး အတွေ့ရများခဲ့တဲ့ ရောဂါတွေ ဖြစ်ကြပါတယ်။
အဲသလို ရောဂါတွေ ကို ကာကွယ် ကုသရာမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဟာ ခရိုင် ၉ ခရိုင်အတွက် ဆေးဝါးကုသရေး အဖွဲ့ပေါင်း ၄၃၈ ဖွဲ့ က တစ်နေ့ ၂၄ နာရီ တစ်ပတ် (၇) ရက်လုံးလုံး အလုပ် လုပ်ခဲ့ကြရတယ် လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး ရဲ့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။
ဆိုင်ကလုန်းကြောင့် ဖြစ်ပေါ်လာတဲ့ ကျန်းမာရေး ကိစ္စတွေ ကို ဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ရဲ့ ကျန်းမာရေး ဦးစီးဌာန မှာ ဌာန တစ်ရပ် ဖွင့်လှစ် ဆောင်ရွက်ပါတယ်။ မြို့နယ်ဆရာဝန်ကြီးတွေ ရဲ့ ရုံးမှာ လည်း သီးခြား အဖွဲ့တွေ ဖွဲ့ လုပ်ဆောင်ကြပါတယ်။ ကျန်းမာရေး ပညာပေးဌာန က ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ရဲ့ အကူအညီ နဲ့ ပညာပေးရေးလုပ်ငန်းတွေ လုပ်ဆောင်ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့ တွေ က ဆန်၊ စားစရာ နဲ့ သောက်ရေ ဖြန့်ဖြူးရေး တွေ ကို အချိန်ပြည့် လုပ်ဆောင်ကြပါတယ်။ လိုအပ်တဲ့နေရာတွေ ကို ဆေးဝါးတွေ မပြတ်အောင် ပို့ပေးကြပါတယ်။ အစိုးရ ရဲ့ ထိပ်ပိုင်းကလည်း မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ နယ်မြေတွေ မှာ အလုပ်တွေ ကို တောက်လျှောက် ကြီးကြပ်သွားခဲ့ကြပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး က ဆိုင်ကလုန်း မုန်တိုင်းလွန် ကျန်းမာရေး အလုပ်တွေ ကို လုပ်တဲ့အခါ၊ အဓိက ဦးစားပေး လုပ်ရမယ့် အလုပ်သုံးလုပ် ရှိတယ်လို့ သူ့ အစီရင်ခံစာ မှာ ဆိုပါတယ်။
ရေ ကို သန့်စင်အောင် လုပ်ဖို့ စက်ရုံတွေ မလုံလောက်၊ လျှပ်စစ်မီး မရရှိနိုင်တဲ့ အခြေအနေမှာ ရေသန့်တွေ ရအောင် လုပ်ရမယ့်အလုပ် ဟာ ထိပ်တန်း ဦးစားပေးထားရမယ့် အလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး က ရေသန့်ဆေးပြားတွေ ထောက်ပံ့နိုင်ပါတယ်။
အစိုးရအဖွဲ့အစည်းတွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ရေး ကလည်း အထူးအလေးထား လုပ်ဆောင်ကြရတဲ့ အလုပ်ဖြစ်ပါတယ်။
“တခြား ဟာတွေကတော့ အစိုးရ ဌာန တွေ နဲ့ ဒီ အဖွဲ့အစည်းတွေ အားလုံး က လက်တွဲ ပူးပေါင်းဆောင်ရွက်ပြီးတော့မှ လူထု ကျန်းမာရေး နဲ့ ပတ်သက်ပြီး၊ ခုန က ဖြစ်နိုင်တဲ့ ရောဂါတွေ ကို ကာကွယ်ဖို့ အတွက် ကို၊ ဖြစ်နေရင်လည်း ကုပေးဖို့အတွက် ကို သူတို့ ကနေပြီးတော့ စီမံချက်တွေ ရေးဆွဲရတယ်။”
ဒါပေမဲ့ မြန်မာနိုင်ငံ က စီးပွါးရေး လုပ်ငန်းရှင်ကြီးတစ်ယောက် ကတော့ အစိုးရ ဟာ နိုင်ငံတကာ အကူအညီ ကို ယူဖို့ တုံ့ဆိုင်းနေလိမ့်မယ်လို့ ထင်မြင်ပါတယ်။ အကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ဖို့ တောင်းဆိုလာမလား လို့ ဗိုလ်ချုပ်ကြီးတွေ က စိုးရိမ်နိုင်လို့ပါပဲ လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ မှာတော့ အဲသလို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ညှိုနှိုင်းဆောင်ရွက်ရေးမှူးတွေ ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး က ထားရှိခဲ့တာ ကို ဘင်္ဂလားဒေ့ရှ် အစိုးရ က လက်ခံခဲ့ပါတယ်။
ဒါ့အပြင် သဘာ၀ ဘေးအန္တရယ် ကို စီမံခန့်ခွဲတဲ့အခါ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဟာ မုန်တိုင်း အပေါ် တုံ့ပြန်ဆောင်ရွက်တာ ကို ပဲ အာရုံစိုက်ခဲ့ပြီး၊ ပြဿနာ ကို အကျယ်အပြန့် ချဉ်းကပ်ဆောင်ရွက်ဖို့ အားနည်းခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး က ဆိုပါတယ်။ နိုင်ငံ တစ်နိုင်ငံ မှာ အခြား သဘာ၀ ဘေးအန္တရယာ်တွေ ကျရောက်ရင်၊ ပြင်ပြင်ဆင်ဆင်ရှိ၊ ရင်ဆိုင်နိုင်ဖို့ ရည်ရွယ်ပြီး၊ ကျယ်ပြန့် နံှံ့စပ်တဲ့ စီမံကိန်း တစ်ရပ်နဲ့ ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြင်ဆင်ရေး၊ ဖွဲ့စည်းရေး၊ လေ့ကျင်ရေးတွေ ကို တမျိုးသားလုံး ဆိုင်ရာ စီမံကိန်း တစ်ရပ် ချမှတ်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဆိုကြောင်းပါခင်ဗျာ။