သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် အကူအညီပေးရေး နိုင်ငံတကာ စတင်ကြိုးပမ်း


မြန်မာနိုင်ငံမှာတိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့်
သေကျေပျက်စီးမှု စာရင်းတွေကို မြန်မာ စစ်အစိုးရဘက်က တိတိကျကျ ထုတ်ပြန်
ပေးနိုင်စွမ်း မရှိသေးပေမယ့်လည်း လက်ရှိ မြင်တွေ့နေရတဲ့ အခြေအနေတွေအရ
ဆိုးဝါးတဲ့ ကပ်ဘေးဒုက္ခကြီးတခု ဖြစ်နေ
တယ်ဆိုတာ သေချာနေတာမို့ အမေရိကန်
ပြည်ထောင်စု၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ
ကနေ အမြန်ဆုံးကူညီကြဖို့ စိုင်းပြင်းနေကြ
ပါပြီ။ ကပ်ဘေးဒုက္ခသင့်နေကြတဲ့သူတွေ
ဆီကို သောက်သုံးရေသန့်၊ အရေးပေါ်ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ အကူအညီတွေ၊ ယာယီ ခိုလှုံစရာနေရာတွေ ပေးနိုင်ရေးဟာ အဓိကဖြစ်ပါတယ်။ အကြောင်းစုံကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ဌာနမှူး ဦးသန်းလွင်ထွန်းက သုံးသပ်တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တွေမှာ
စနေနေ့က တိုက်ခတ်သွားခဲ့တဲ့ နာဂစ်လေမုန်တိုင်းကြီးကြောင့် သေဆုံးရတဲ့လူပေါင်း
၁၅,၀၀၀ လောက်ရှိလိမ့်မယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပြီး လေဘေးဒဏ်
ကြောင့် အိုးအိမ်မဲ့ ဒုက္ခရောက်နေရသူတွေလည်း သိန်းနဲ့ချီပြီး ရှိနေတာမို့ ဒီလေမုန်
တိုင်းကြီးဟာ ရာစုနှစ်အတွင်း မြန်မာနိုင်ငံမှာ အဆိုးဝါးဆုံး မှတ်တမ်းဝင်သွားခဲ့ပါပြီ။

မုန်တိုင်းတိုက်ခတ်ခဲ့အပြီး နောက်နှစ်ရက်နီးပါးကြာတဲ့အထိ သေဆုံးသူဦးရေ ၃၅၀ ကျော်ပဲရှိခဲ့ပါတယ်လို့ မြန်မာစစ်အစိုးရက ကြေညာနေခဲ့ရာက တနင်္လာနေ့မှာတော့ သေဆုံးသူဦးရေဟာ ၃,၀၀၀ ကျော်၊ အဲဒီနောက် ၁၀,၀၀၀ ကျော် စသဖြင့် နာရီပိုင်း
အတွင်း ခုန်ကျော်ပြီး တိုးပွားကြေညာလာရတာမို့ ဒီအခြေအနေကိုကြည့်မယ်ဆိုရင်ပဲ မြန်မာစစ်အစိုးရအနေနဲ့ ဒီမုန်တိုင်းဒဏ်ကို ကြိုတင်ကာကွယ်နိုင်ဖို့ ပြင်ဆင်ထားဖို့
မဆိုထားနဲ့၊ ဖြစ်ပွားခဲ့ပြီးတဲ့အခြေအနေကိုတောင် မြန်မြန်ဆန်ဆန် သုံးသပ်ဖော်ထုတ် နိုင်စွမ်းမရှိဘူးလို့ ဖော်ပြနေပါတယ်။

နိုင်ငံတကာကတော့ မြန်မာနိုင်ငံအတွင်း လေဘေးဒဏ်ခံရသူ၊ ဒုက္ခရောက်နေရသူ
တွေကို အမြန်ဆုံးကူညီနိုင်ရေးအတွက် အတတ်နိုင်ဆုံး ကြိုးစားနေကြပါပြီ။ ကုလ
သမဂ္ဂအနေနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးရန်ပုံငွေ ဒေါ်လာသန်း ၃၀ အဆင်သင့်
ပြင်ထားပြီး ကျွမ်းကျင်သူ ၅ ဦးပါဝင်တဲ့ အဖွဲ့တခုကို စေလွှတ်ထားပါတယ်။ သို့သော်
အဲဒီအဖွဲ့ဟာ မြန်မာစစ်အစိုးရရဲ့ ပြည်ဝင်ခွင့်ဗီဇာ မရသေးတဲ့အတွက် ဘန်ကောက်မြို့
မှာ မနေ့ညက ခရီးတထောက် နားနေရပါတယ်။ အင်္ဂါနေ့ကျမှပဲ အခြေအနေသိရမယ်
လို့ ကုလသမဂ္ဂ ပြောခွင့်ရသူတဦးက ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ ရန်ကုန်မြို့ အမေရိကန်သံရုံးကတဆင့် ကနဦးအကူအညီတွေ ကမ်းလှမ်းထားခဲ့ပါပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ
ပုဂ္ဂိုလ် တွမ်ကေစီ (Tom Casey) က ပြောပါတယ်။

ရန်ကုန်မြို့ အမေရိကန်သံရုံး ယာယီတာဝန်ခံကတဆင့် အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ ကနဦးအကူအညီ ကမ်းလှမ်းထားတဲ့အပြင် နောက်ထပ်အကူအညီပေးဖို့ အစီအစဉ်
တွေ ရှိနေပါသေးတယ်လို့ အမေရိကန်ကတော် လောရာဘုရှ်ကလည်း တနင်္လာနေ့ နေ့လယ်ခင်းပြုလုပ်ခဲ့တဲ့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါ
တယ်။

မြန်မာနိုင်ငံထဲက အပျက်အစီးအခြေအနေတွေနဲ့ လိုအပ်ချက်တွေကို သုံးသပ်နိုင်ဖို့
အတွက် အကူအညီပေးအဖွဲ့တခုကိုလည်း စေလွှတ်ပေးလိုကြောင်း၊ မြန်မာစစ်အစိုးရ
အနေနဲ့ ဒီကမ်းလှမ်းချက်အပြင် ပြည်သူလူထု အကျိုးအတွက် နိုင်ငံတကာက
ကမ်းလှမ်းလာတဲ့ အကူအညီတွေကို အမြန်ဆုံးခွင့်ပြုပေးသင့်ပါကြောင်းလည်း သမ္မတ
ကတော် လော်ရာဘုရှ်က တိုက်တွန်းလိုက်ပါတယ်။

အီးယူ ဥရောပသမဂ္ဂကလည်း မြန်မာနိုင်ငံထဲက ဒုက္ခရောက်နေသူတွေကို အကူအညီ
ပေးဖို့အတွက် ယူရို ၂ သန်းကို အမြန်ဆုံးသတ်မှတ်ပြီး ပေးအပ်သွားမယ်လို့ ကြေညာ
ထားပါတယ်။ မြန်မာအစိုးရကလည်း နိုင်ငံတကာအကူအညီတွေကို လက်ခံမယ်လို့ ပြောကြားလာခဲ့ရပါပြီ။ မြန်မာစစ်အစိုးရဟာ နိုင်ငံတကာရဲ့ ဆန့်ကျင်ပိတ်ဆို့မှုတွေကို
ခံနေရတဲ့အစိုးရ ဖြစ်ပါတယ်။ နိုင်ငံတကာအကူအညီတွေ စစ်အစိုးရလက်ထဲရောက်
သွားပြီး အလဟသဖြစ်သွားမှာကို စိုးရိမ်တဲ့လူတွေလည်း ရှိနေပေမယ့် အခုလက်ရှိ
မြန်မာနိုင်ငံမှာ တွေ့ကြုံနေရတဲ့ ကပ်ဘေးဒုက္ခအခြေအနေအရကတော့ မလွဲမသွေ ကူညီဖို့ပဲရှိပါတယ်လို့ ဆိုကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် တွမ်ကေစီကတော့ …

“ကျနော်တို့ကူညီမယ်ဆိုတာက အစိုးရမဟုတ်တဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့
တွေ၊ ကုလသမဂ္ဂနဲ့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ စတာတွေကတဆင့် ကူညီပေးဖို့ပဲဖြစ်ပါ
တယ်။ ဒီအကူအညီတွေဟာ တကယ်ဒုက္ခရောက်နေသူတွေဆီကို ရောက်သွားစေဖို့
လည်း သေချာအောင် လုပ်ကြရပါလိမ့်မယ်။ အရင်က သံတမန်အဆက်အသွယ်မရှိ
ခဲ့တဲ့ နိုင်ငံတွေမှာတောင် အခုလို ကပ်ဘေးဒုက္ခတွေ တွေ့ပြီဆိုရင် ကူညီပေးခဲ့တဲ့
သာဓကတွေ ရှိခဲ့တာမို့ ဒါဟာ ပြဿနာတရပ်တော့ မဟုတ်ပါဘူး။” လို့ မစ္စတာကေစီ
က ပြောပါတယ်။

လောလောဆယ် မြန်မာနိုင်ငံမှာ လူအများကြုံတွေ့နေရတဲ့ ဒုက္ခတွေကတော့ သောက်သုံးရေသန့်ရရှိရေးပြဿနာ၊ ခိုလှုံစရာနေရာ အခက်အခဲနဲ့ အရေးပေါ်ဆေးဝါး စားနပ်ရိက္ခာပြဿနာတွေပဲ ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG