သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်ဆယ်ရေးနောက်ကျမှုကြောင့် ရန်ကုန်မြို့ခံတွေ မကျေမနပ်ဖြစ်နေ


နာဂစ် ဆိုင်ကလုံးမုန်တိုင်းတိုက်ခိုက်ပြီး သေကျေပျက်စီးမှုတွေဖြစ်ခဲ့တဲ့ ၃ ရက် ကျော်ကြာနေပေမယ့် မုန်တိုင်းဒဏ် အတော်လေးခံလိုက်ရတဲ့ ရန်ကုန်မြို့နယ် အတော်များများမှာ ကယ်ဆယ်ရေး
လုပ်ငန်းတွေ ထိထိရောက်ရောက် မရှိ
တာကြောင့် ရန်ကုန်မြို့ခံတွေ၊ လေဘေး ဒဏ်ခံရသူတွေအကြားမှာ အာဏာပိုင်
တွေအပေါ် အတော်လေး မကျေမနပ်
ဖြစ်နေကြပါတယ်။ ရန်ကုန်မှာတော့ အခု
အချိန်အထိ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေပြီး စားဝတ်နေရေးတွေလည်း
ချို့တဲ့မှုဖြစ်နေကြပါတယ်။ ရန်ကုန်မြို့က နောက်ဆုံးအခြေအနေတွေ ဘယ်လိုရှိသလဲ
ဆိုတာ ရန်ကုန်မြို့ခံအချို့နဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြ
ပေးထားပါတယ်။

ရန်ကုန်မှာတော့ သောက်ရေသန့်ရရှိရေးကအစ သွားလာမှုတွေ အရောင်းအဝယ်တွေ
အားလုံး အခုအချိန်အထိ ပုံမှန်အဆင့် မရောက်သေးပါဘူး။ လမ်းတွေပေါ်မှာလည်း
သစ်ပင်တွေ ပြိုလဲနေဆဲရှိပြီးတော့ အပျက်အစီးတွေကိုလည်း အခုမှ မြို့တော်စည်ပင်
က နေရာအချို့မှာ စတင်ရှင်းလင်းနေပါတယ်။ ဖုံးလိုင်းတွေလည်း ပြန်အသုံးပြုလို့
ရတယ်ဆိုပေမယ့် အတော်များများကတော့ ခေါ်ယူရ ခက်နေဆဲပါ။ အင်တာနက်
ဆက်သွယ်ရေးတွေမှာတော့ မြန်မာ့ဆက်သွယ်ရေး အင်တာနက်ဝန်ဆောင်မှုတွေ ပြန်အသုံးပြုလို့ရပြီဆိုပေမယ့် အရင် ပုဂံဆိုက်ဘာတက်လို့ခေါ်တဲ့ မြန်မာတယ်လီပေါ့
အင်တာနက်ဝန်ဆောင်မှုကတော့ သုံးလို့မရသေးပါဘူး။ ရန်ကုန်မြို့စွန်နေ ပြည်သူ
အတော်များများ စားဝတ်နေရေးအခက်အခဲ ကြုံနေရပေမယ့် လုံလောက်တဲ့ ကယ်ဆယ်နေရာချထားရေးလုပ်ငန်းတွေ မရှိတာကြောင့် ဒေသခံတွေကြားမှာ
အာဏာပိုင်တွေအပေါ် အတော်လေး မကျေမနပ် ဖြစ်နေကြပါတယ်။ ရန်ကုန်က နောက်ဆုံးအခြေအနေ မြင်ကွင်းကိုတော့ ရန်ကုန်နယ်ခံတဦးက အခုလိုပြောပါတယ်။

“ဒီမှာတွေ့တာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက အလံတွေထောင်ပြီး အပင်တွေ လိုက်ခုတ်နေ
တာတော့ တွေ့တယ်။ သူတို့လုပ်တာမှန်းသိအောင် အလံထောင်ထားတာပေါ့။ ပြီးတော့
ရေလိုက်ဝေတာတွေ့တယ်။ စည်ပင်ကတော့ ဒီနေ့မှစပြီး လမ်းတွေဘာတွေ ရှင်းတုန်း
ရှိသေးတယ်။ ဟုတ်တိပတ်တိတော့ မဟုတ်သေးဘူး။ လက်နဲ့ပဲရှင်းနေတာ။ တကယ်
တမ်းရှင်းမယ်ဆို ဒီအပင်ကြီးတွေက Folk Lift တွေဘာတွေနဲ့ရှင်းမှရမယ်။ အခုထက်ထိ
လမ်းဘေးမှာ လူနှစ်ဖက်စာလောက်ရှိတဲ့ အပင်ကြီးတွေ ရှိနေတုန်းပဲ။ ရန်ကုန်မြို့မှာရှိ
တဲ့ သစ်ပင်ကြီးတွေရဲ့ ၉၀% ကတော့ ကုန်ပြီ။ လမ်းတွေကတော့ ပိတ်နေတုန်းပဲ။ သွားလို့လာလို့ရရုံလောက်ပဲ ကိုယ့်ရပ်ကွက်အလိုက် လူတွေက ကိုယ့်ဘာသာကိုယ်
သင့်တော်သလို ရှင်းထားရတာပေါ့။”

လိုင်းကားတွေရော ပြန်ထွက်ပြီလား။

“လိုင်းကားက အကုန်မထွက်နိုင်သေးဘူး။ တချို့တွေပဲ ထွက်နိုင်သေးတယ်။ ကားခက
အရင်တုန်းက ၅၀ ဆို အခု ၅၀၀ လောက်ဖြစ်နေတယ်။”

ဈေးတွေရော ပြန်ထွက်ပြီလား။

“ဈေးတွေတော့ မထွက်နိုင်သေးဘူး။ ပိတ်ထားတုန်းပဲ။ ဖြစ်သလိုပဲ ဝယ်ခြမ်းပြီး
စားနေရတယ်။”

တခြား အိုင်စီအာစီလို ကယ်ဆယ်ရေးအဖွဲ့အစည်းတွေရော တွေ့ပါသလား။

“မတွေ့သေးပါဘူး။”

ယူအန်အေဂျင်စီတွေလုပ်နေတာရော တွေ့မိပါသလား။

“မတွေ့မိသေးပါဘူး။ အခုထိတော့ ဘာမှမကြားရသေးဘူး။”

အခု ရန်ကုန်မြို့ထဲ အခြေအနေရော ဘယ်လိုရှိပါသလဲ။

“မီးလုံးဝမလာဘူး။ ဆီဝယ်ရင် တဂါလံကို တသောင်းပတ်ဝန်းကျင်လောက် ပေးရ
တယ်။”

ဝယ်လို့ရောရလား။

“ဝယ်လို့တော့ရတယ်။ ရတယ်ဆိုတာ ဒီနေ့စပြီး ဆီတွေ ပြန်ပေးတယ်။ ဒီဇယ်တို့
စီအန်န်ဂျီတို့ စပြီး ပြန်ပေးနေပြီ။ တန်းစီတဲ့ကားတန်းကြီးကတော့ တမိုင်လောက်
ရှည်တယ်။”

တခြား ဆန်တို့၊ ဆီတို့၊ အစားအစာတို့ရော ဘယ်လိုရှိပါသလဲ။

“ဆန်တွေကတော့ ဈေးတက်သွားတယ်။ ငကျွဲဆန်ကိုပဲ အရင် ၉၀၀ လောက်က အခု
၁,၄၀၀ လောက် ပေးစားနေရတယ်။”

ရန်ကုန်မြို့ခံတွေအကြားမှာ အခုလက်ရှိ ကယ်ဆယ်ရေးလုပ်ငန်းတွေ နှေးကွေးနေတာ၊ လုံလောက်မှုမရှိတာတွေအပေါ် မကျေမနပ်ဖြစ်နေတာတင် မဟုတ်ပါဘူး။ မုန်တိုင်း
လာခါနီး အာဏာပိုင်တွေဘက်က အများပြည်သူကို သတင်းပြည့်ပြည့်စုံစုံ မပေးနိုင်
တာ၊ ပြင်ဆင်မှုတွေမရှိတာ အပေါ်မှာလည်း မြို့ခံအချို့က အာဏာပိုင်တွေအပေါ် အပြစ်
တင်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ကိုစိုးထွန်းကတော့ အခုလို အရေးပေါ်
အခြေအနေမှာ အာဏာပိုင်တွေဘက်ကရော နိုင်ငံတကာကပါ မုန်တိုင်းဒဏ်ခံရသူ
တွေကို ထောက်ပံ့ကူညီတာတွေ အရေးပေါ်လိုအပ်တယ်လို့ ပြောပါတယ်။

“မိုးလေဝသနဲ့ ဇလဗေဒ တာဝန်ရှိတဲ့လူတွေက ပြည်သူလူထုကို တိတိကျကျ၊
လုံလောက်တဲ့ ရှင်းလင်းမှုတွေ မလုပ်ခဲ့ဘူး။ ပြည်သူလူထုကို နားလည်သဘောပေါက်
အောင် သေသေချာချာ ရှင်းလင်းအောင်မလုပ်ခဲ့တဲ့အတွက် ဒီမုန်တိုင်းဟာ
ဘယ်လောက်တောင် ပြင်းထန်နိုင်တယ်၊ မပြင်းထန်နိုင်ဘူးဆိုတာ နားမလည်၊ သဘော မပေါက်ခဲ့ကြဘူး။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်ကလည်း မုန်တိုင်း
မတိုက်ခင်မှာ ပြည်သူလူထုကို ကြိုတင်ကာကွယ်မှုတွေ၊ လေတိုက်လို့ ပြိုသွားနိုင်တဲ့
အိမ်တွေ၊ ပါသွားနိုင်တဲ့ရွာတွေ၊ အိမ်ခြေတွေကို ဘေးလွတ်ရာကို နေကြဖို့၊ ခိုလှုံကြဖို့ စီစဉ်ပေးသင့်တယ်။ ဒီလိုကြိုတင်ကာကွယ်မှုတွေ မလုပ်ခဲ့ကြလို့ အခု မဖြစ်သင့်တဲ့
အဖြစ်ဆိုးတွေ ဖြစ်ခဲ့ရပြီ။

“အဲတော့ အခုအရေးအကြီးဆုံးက အသက်မသေဘဲ ရှင်ကျန်ရစ်တဲ့ နေဖို့ထိုင်ဖို့ မရှိတဲ့
လူတွေ၊ စားဖို့သောက်ဖို့ မရှိတဲ့လူတွေ၊ ကျန်းမာရေးဒုက္ခရောက်နေသူတွေအတွက် အရေးကြီးဆုံးအခြေအနေ ဖြစ်နေပါပြီ။ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေ၊ အကူ
အညီ လိုအပ်နေတဲ့လူတွေကို ထိထိရောက်ရောက် အကူအညီပေးနိုင်အောင် ဝိုင်းဝန်း
ကြိုးပမ်းပေးကြဖို့ ကျနော်တို့အနေနဲ့ အလေးအနက် မေတ္တာရပ်ခံအပ်ပါတယ်။”

ရန်ကုန်မှာတော့ ကုလသမဂ္ဂ အေဂျင်စီတွေပေါင်းပြီး လေဘေးဒုက္ခသည် ကယ်ဆယ်
ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ စတင် ပြင်ဆင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။ အာဏာပိုင်တွေဘက်ကတော့ လေဘေးဒဏ် အတော်လေးခံလိုက်ရပြီး အပျက်အစီး၊
အဆုံးအရှုံး အများစုဖြစ်နေတဲ့ ရန်ကုန်ဆင်ခြေဖုံး လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့
သစ်လို နေရာတွေမှာတော့ ဒုက္ခသည်တွေထံ သွားရောက်တွေ့ဆုံအားပေးတာ၊
အထောက်အပံ့တွေ ပေးနေတာတွေကို အစိုးရမီဒီယာတွေမှာ ဖော်ပြနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG