သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကူညီဖို့ ကမ်းလှမ်းမှုတွေ တိုးနေပေမယ့် မြန်မာနိုင်ငံထဲ ဝင်ခွင့် မရကြသေး


လေမုန်တိုင်းဘေးဒဏ်ခံခဲ့ရလို့ သေကျေ
ထိခိုက်မှုတွေနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်
လာနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့၊ နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်း
ကူညီဖို့ ကမ်းလှမ်းမှုတွေ တနေ့ထက်
တနေ့ ပိုများလာနေပါတယ်။ ကုလသမဂ္ဂ
အပါအဝင် လူသားချင်းစာနာမှု အကူအညီ
တွေ ပေးအပ်လိုတဲ့ အဖွဲ့အစည်းတွေကို
နိုင်ငံထဲဝင်ခွင့်ပေးဖို့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်က လက်ခံမယ်လို့ ပြောဆိုထားပေမယ့်လည်း အခုအချိန်
အထိတော့ ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေရဆဲလည်း ဖြစ်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရသူတွေ၊ လတ်တလော ရင်ဆိုင်နေရသူတွေကို အရေးပေါ်အကူအညီတွေ ပေးအပ်ဖို့ နိုင်ငံတကာက ကမ်းလှမ်းမှုတွေ တနေ့ထက်
တနေ့ ထွက်ပေါ်လာနေပါတယ်။ မုန်တိုင်းကြောင့် သေဆုံးခဲ့ရသူ ထောင်သောင်းချီရှိခဲ့
သလို အသက်မသေ ရှင်ကျန်ရစ်ပြီး မုန်တိုင်းဒဏ်ခံခဲ့ရသူပေါင်း သန်းနဲ့ချီရှိမယ်လို့
ခန့်မှန်းချက်တွေ ထွက်ပေါ်နေတာမို့ ဒီလူတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးပြဿနာ
လို အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အခုလို ကမ်းလှမ်းလာကြတာပါ။ အရေးပေါ်လိုအပ်ချက် အခြေအနေတွေ၊ အကူအညီပေးရေး အစီအစဉ်တွေနဲ့
ပတ်သက်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုရုံးရဲ့
ညွှန်ကြားရေးမှူး ရာရှစ် ခါလီကော့ဗ် (Rashid Khalikov) က ပြောဆိုရာမှာတော့ …

“နိုင်ငံတကာ အတိုင်းအတာနဲ့ ကူညီထောက်ပံ့ပေးရေး လုပ်ငန်းတွေ အကြီးအကျယ် လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ အတွေ့အကြုံမရှိဘူးဆိုတာကို နားလည်ဖို့လိုအပ်တဲ့အကြောင်း သိဖို့လိုပါတယ်။ ကမ္ဘာပေါ်က တခြားအစိုးရတွေ
နည်းတူပါပဲ။”

ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုရုံးရဲ့ ညွှန်ကြားရေးမှူး
ရာရှစ် ခါလီကော့ဗ်က နယူးယောက်ခ်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ ပြောသွားခဲ့တာပါ။ ဒီလိုအခြေအနေတွေအောက်မှာ ကုလသမဂ္ဂဦးဆောင်ပြီး ကယ်ဆယ်ကူညီမှု လုပ်ငန်း
တွေကို နိုင်ငံတကာအတိုင်းအတာနဲ့ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ သူက ဆော်သြလိုက်
သလို ဒီလိုလုပ်ငန်းတွေကိုလည်း မြန်မာစစ်အစိုးရဘက်က ပူးပေါင်းပါဝင်မယ့် အရိပ်
အယောင်တွေ ပြသနေပါတယ်လို့ ပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ကတော့ ဥရောပသမဂ္ဂ အီးယူက ယူရိုငွေ ၂ သန်း၊ ဂျာမဏီနိုင်ငံက ယူရိုငွေ ၅ သိန်း၊ ပြင်သစ်နိုင်ငံက ယူရို ၂ သိန်း၊ တရုတ်နိုင်ငံက
အမေရိကန်ဒေါ်လာ ၁ သန်းအပြင် တခြား ဥရောပ၊ အမေရိကနဲ့ အာရှတိုက်က နိုင်ငံ အများအပြားကလည်း အကူအညီတွေ ထည့်ဝင်ကြဖို့ ကတိပြုထားကြပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း မြန်မာစစ်အစိုးရဘက်က ပူးပေါင်းကူညီရင်
ဒေါ်လာ ၃ သန်းအထိ အကူအညီပေးမယ်လို့ ကြေညာထားပါတယ်။ တကယ်တော့ အမေရိကန်ပြည်ထောင်စုက လူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ နိုင်ငံရေးအခြေအနေတွေ
ကို တိုးတက်အောင် မလုပ်နိုင်ဘူးဆိုပြီးတော့ မြန်မာစစ်အစိုးရအပေါ် အရေးယူ
ဒဏ်ခတ်မှုတွေ ချမှတ်ထားတာပါ။ ဒါပေမယ့်လည်း အခုလိုအခြေအနေမျိုးမှာတော့ လူသားချင်းစာနာမှုရှုထောင့်ကနေ အကူအညီတွေပေးဖို့ ကမ်းလှမ်းလိုက်တာဖြစ်ပါ
တယ်။

“သိန်းသောင်းချီ အရေအတွက်ရှိတဲ့ သူတို့ရဲ့ပြည်သူတွေ မုန်တိုင်းဒဏ်ကြောင့် သေဆုံး
ခဲ့ရသလို နောက်ထပ် အများအပြားလည်း ဒီဒဏ်ကို ခံခဲ့ကြရတာပါ။ နိုင်ငံရေးအရ
ကွဲလွဲမှုတွေ ရှိနေပေမယ့်လည်း ကျနော်တို့အနေနဲ့က ကမ္ဘာတဝန်းက အကူအညီ
ပေးကြဖို့ ပြင်ဆင်နေကြတဲ့ တခြားနိုင်ငံတွေလိုပဲ အကူအညီတွေ ပေးချင်ပါတယ်။ အခုအခြေအနေဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေရဖို့ အကြီးအကျယ်ကို လိုအပ်နေတဲ့အချိန်ပါ။ ဒါဟာ နိုင်ငံရေးမဟုတ်ပါဘူး၊ လူတွေကိုကူညီဖို့ ကြိုးပမ်းနေ
တာပါ။”

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရှောင် မက်ကောမက် (Sean Mc
Cormack) က ပြောသွားတာပါ။ လောလောဆယ်မှာတော့ မုန်တိုင်းဒဏ်ကြောင့် အိုးမဲ့
အိမ်မဲ့ ဖြစ်ကြရသူ ခန့်မှန်းချေ တသန်းနီးပါးလောက်ရှိရာကို လက်လှမ်းမီခဲ့ပြီးတော့ ရန်ကုန်မြို့မှာဆိုရင်လည်း စားနပ်ရိက္ခာ ဝေငှမှုတွေ စတင်လုပ်ဆောင်နိုင်ပြီလို့ ကုလ
သမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ပြောပါတယ်။ ဒါပေမယ့်လည်း နောက်ထပ် အကူအညီတွေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်ဖို့ လူသားချင်းစာနာမှု
ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ မြန်မာစစ်အစိုးရဆီက ခွင့်ပြုချက်ရဖို့ကတော့ စောင့်ဆိုင်း
နေရဆဲဖြစ်ပြီး ဒီအထဲမှာ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။

“လောလောဆယ် ကျနော်တို့မှာ ထိခိုက်ပျက်စီးမှုတွေကို ဆန်းစစ်အချက်အလက်ယူဖို့ အဖွဲ့တွေရှိပြီးတော့ သူတို့နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တချို့လည်း ရှိပါတယ်။
တကယ်တော့ လတ်တလော သူတို့ ဘန်ကောက်မှာ ရှိနေပါတယ်။ သွားဖို့ အဆင်သင့်
လည်း ဖြစ်နေပါပြီ။ ဒါပေမယ့် ဗီဇာပြဿနာတော့ ရှိပါတယ်။ ကျနော်တို့ရဲ့ သဘာဝ
ဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့တွေ ထိခိုက်တဲ့နေရာတွေကို သွားနိုင်ဖို့အတွက်
မြန်မာအစိုးရကို ကျနော်တို့ ဗီဇာလျှောက်ထားပေမယ့် အခုထိတော့ ခွင့်ပြုချက် မရ
သေးပါဘူး။”
အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရှောင် မက်ကောမက် ပြောသွားတာပါ။

ဗီဇာရရှိဖို့အတွက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အနေနဲ့လည်း မနေ့ကပဲ လျှောက်လွှာ
တွေ တင်သွင်းထားပြီး နေပြည်တော်မှာရှိတဲ့ မြန်မာစစ်အစိုးရခေါင်းဆောင်တွေ၊ နယူးယောက်ခ်မှာရှိတဲ့ မြန်မာသံရုံး တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ လုပ်နေပါပြီလို့
လည်း ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုရုံးရဲ့ ညွှန်ကြား
ရေးမှူး ရာရှစ် ခါလီကော့ဗ်ကလည်း ပြောပါတယ်။ တချိန်တည်းမှာပဲ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Ban Ki-moon) ကလည်း မြန်မာစစ်အစိုးရ
ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံကို ဝမ်းနည်းကြောင်း စာတစောင်ပေးပို့လိုက်
ပြီး နိုင်ငံတကာက ကူညီမှုတွေမှာ အာဏာပိုင်တွေ ပါဝင်ဆောင်ရွက်ဖို့ လုပ်ငန်းတွေကို စတင်ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း အတွင်းရေးမှူးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့
ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG