မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေ
အတွက် နိုင်ငံတကာအကူအညီပေးရေးမှာ အနှောင့်အတားတွေ ဖြစ်နေရုံတင်မကပါ
ဘူး၊ အခုဆိုရင် ပြည်တွင်းမှာပဲ တတ်နိုင်
တဲ့သူတွေစုပြီး ဒုက္ခရောက်သူတွေကို သွားရောက်ကူညီတာ၊ ပစ္စည်းလှူဒါန်းတာ
တွေပါ အနှောင့်အယှက်ဖြစ်နေတယ်လို့
ဒေသခံတွေက ပြောပါတယ်။ အကြောင်းစုံ မေးမြန်းထားသမျှ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
အခုဆိုရင် ရန်ကုန်ဆင်ခြေဖုံးအရပ်တွေမှာ မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်သူတွေ
အဖို့ သောက်ရေသန့်၊ အစားအစာ၊ အဝတ်အထည်၊ နေစရာ အားလုံး ဆင်းရဲချို့တဲ့နေ
တာကြောင့် တတ်နိုင်သူတွေအဖို့ သူတို့နိုင်သလောက် အလှူငွေတွေ၊ အလှူပစ္စည်းတွေ ကောက်ခံစုဆောင်းပြီး တနိုင်တပိုင် ကူညီမှုတွေ လုပ်နေပါတယ်။ အစိုးရအာဏာပိုင်
တွေဘက်က အကူအညီတွေ ပေးတာရှိပေမယ့် ရုပ်မြင်သံကြားမှာပါဖို့ကို ပိုပြီး အလေး ပေးနေတယ်လို့ ဒေသခံတွေက ဝေဖန်ပါတယ်။ ဒါ့အပြင် ဒီလို တပိုင်တနိုင် ကူညီနေသူ
တွေကိုလည်း သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေဘက်က မေးတာမြန်းတာ၊ နှောင့်ယှက်တာမျိုးတွေရှိတယ်လို့ လေဘေးဒုက္ခသည်တွေကို သွားရောက်ကူညီနေသူ ရန်ကုန်မြို့ခံတဦးက အခုလိုပြောပါတယ်။
“အစ်မတို့ မနေ့က သွားဝေတယ်။ ဝေတဲ့အခါ ရဝတကို ဆက်သွယ်ပါလို့ပြောတယ်။ ဘာကြောင့်ဆက်သွယ်ရမှာလဲ။ ကျမတို့ ပြည်သူတွေအကုန်လုံးက ဝေချင်တယ်။
သို့သော် ကြားထဲက ဖြတ်စားမှာကြောက်တဲ့အတွက် ပြည်သူတွေမှာ မဝေနိုင်ဘူး။ ယုံကြည်စိတ်ချရတဲ့ လူတွေကတဆင့် ပြည်သူပြည်သူချင်း၊ ဒုက္ခရောက်သူချင်း တလုံး
တစည်းတည်း မျှဝေဖို့ အားလုံးမှာ အဆင်သင့်ရှိတယ်။ သို့သော် သူတို့ကိုမယုံတဲ့
အတွက် ဘယ်ပြည်သူကမှ မထွက်ရဲဘူး။ မနေ့က အစ်မတို့ မိန်းကလေး ၆ ယောက်
သွားတယ်။ လမ်းမှာလည်း အစ်မတို့ အဲလို သွားလှူတယ်ဆိုရင် ရဝတကို ဆက်သွယ်ပါ။
ရဝတတွေက ထွက်လာတယ်၊ တားတယ်။ ဒါပေမယ့် အစ်မတို့ကပြောတယ်၊ ကျမတို့ ဘယ်သူ့အဖွဲ့အစည်းမှလည်း မဟုတ်ဘူး၊ ဘေးဖယ်ဆိုပြီး ဆက်သွားတယ်။ ဖြစ်လာရင်
အစ်မတို့ကို ကားပေါ် အတင်းဆွဲတင်ရင် တနေရာရာကို တိုင်မှာပဲဆိုပြီး ဖုန်းတွေ အဆင်သင့်ဖွင့်ထားတယ်။ ရဝတ တယောက်ကို အစ်မတို့ ကန်လိုက်တယ်။”
အစ်မတို့ ဘယ်နေရာမှာလှူတာပါလဲ။
“တောင်ဒဂုံ၊ ၁၀၂ ရပ်ကွက်၊ ရွှေဝါထွန်းလမ်းမှာ အစ်မတို့ရောက်တယ်။ ဒါပေမယ့် အဲဒီ
နေရာမှာ ဘာကယ်ဆယ်ရေးမှ မလာသေးဘူး။ လူတွေက အကုန်ငတ်နေတယ်။ အစ်မ
တို့ ငွေ ၁၂ သိန်းကျော်ဝေတယ်။ အကုန်လုံး ကုန်သွားတယ်။ ဒါပေမယ့် ဘယ်သူမှ
မျှမသွားနိုင်ဘူး။ အဝတ်အစား တစမကျန် ဝေတာလည်း မမျှသွားနိုင်ဘူး။ အဲလို
ငတ်နေတဲ့လူတွေ အများကြီးရှိတယ်။ ဘာဖြစ်လို့ သူတို့ အခမ်းအနားတွေနဲ့ တိုက်ပုံ
တွေနဲ့ ဆန်တွေ ဆီတွေ ဝေနေလဲ။ ဒီအချိန်မှာ လိုအပ်တာ အခမ်းအနားမဟုတ်ဘူး။
အဲဒါတွေကို ပြည်သူတွေရင်ထဲမှာ ရှိနေတယ်ဆိုတာ သိစေချင်တယ်။
“အစ်မတို့ ထမင်း တပန်းကန်စာရှိရင် တဝက်ခွဲလှူမှာပဲ။ လူတိုင်းရဲ့စိတ်ထဲမှာရှိတယ်။
အားလုံး ခံစားရတာ။ ရန်ကုန်မြို့မှာ တိုက်နဲ့တာနဲ့နေလို့လည်း ခံစားရတာပဲ၊ တဲနဲ့နေလို့
လည်း ခံစားရတာပဲ။ အကုန်လုံးခံစားနေရတဲ့အတွက် ကိုယ်ချင်းစာကြတယ်။ ဗုဒ္ဓ
ဘာသာပီပီ အကုန်လုံး လှူချင်တန်းချင်နေကြတာပဲ။ သို့သော် ဘာဖြစ်လို့ အဲလို
အနှောင့်အယှက်၊ အဟန့်အတားတွေ ပိတ်နေတာလဲ။ ဒီလိုအလှူမျိုးကိုပိတ်တာ
ဘယ်ဘဝကိုရောက်မယ်ဆိုတာ ဗုဒ္ဓဘာသာတိုင်း သိသင့်ပါတယ်။”
အလားတူ တနိုင်တပိုင် ကူညီနေတာတွေထဲမှာတော့ ရုပ်ရှင်မင်းသား ကျော်သူ၊
ရုပ်ရှင်မင်းသား ဝေဠုကျော် စတဲ့ အနုပညာရှင်အချို့လည်း ပါပါတယ်။ ဒီကနေ့တော့
သူတို့ တညင်ဘက်ကိုသွားပြီး အကူအညီတွေပေးနိုင်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။
“မနေ့က တောင်ဒဂုံ ကျည်ဆုနားမှာ သွားလှူတယ်။ လေဘေးဒုက္ခသည်တွေ၊ အိမ်ခြေ
တွေမရှိဘဲ ပျောက်သွားတဲ့လူတွေ၊ ဒုက္ခသည်တွေကို တအိမ်ထောင် ဆန် ၃ ပြည်
သွားလှူကြတယ်။ အခုလည်း တညင်ဘက်မှာ သွားလှူနေပါတယ်။ ကျနော်တို့နဲ့အတူ
ရုပ်ရှင်ထဲက ဝေဠုကျော်လည်း လိုက်လှူနေပါတယ်။ မနက်ဖြန်ဆိုရင် လူကြမ်းအဖွဲ့တွေ ကျနော်တို့နဲ့လိုက်ပြီး လုပ်အားပေးလိမ့်မယ်။”
ကိုကျော်သူ မြင်ရသမျှ အခြေအနေလေး ပြောပြပါလား။ မနေ့ကလည်း တောင်ဒဂုံ
ဘက် သွားလှူတယ်ဆိုတော့ အဲဒီမှာ ဖြစ်နေတဲ့အခြေအနေတွေ ဘယ်လိုရှိလဲခင်ဗျ။
“မြင်ရတာကတော့ဗျာ ကျနော်တို့လည်း ဒါမျိုး တခါမှမကြုံဖူးဘူး။ အိပ်မက်လိုကို
ဖြစ်နေတယ်။ အကုန်လုံး လဲပြိုပြီး စားဖို့ကအစ ဒုက္ခရောက်နေကြတယ်။ ကျနော်
မြင်တာကတော့ နောက်ပိုင်း ကျန်းမာရေးကိစ္စတွေ ဝင်တော့မယ်။ ပြဿနာတွေက
ရှိတော့၊ ကလေးတွေရော ဝမ်းရောဂါတွေ ဘာတွေ ဖြစ်ဖို့များနေပြီ။”
အခုလို အကူအညီတွေပေးဖို့ ကြိုးစားတဲ့အထဲမှာ ပြည်ပရောက် မြန်မာတွေလည်း
ပါဝင်ပါတယ်။ စင်ကာပူနိုင်ငံရောက် မြန်မာတွေကလည်း သူတို့ နိုင်သလောက်
ကူညီဖို့ ကြိုးစားနေကြပါတယ်။
“ဒီမှာရှိတဲ့လူတွေအကုန်လုံးက ကိုယ့်နိုင်ငံမှာရှိတဲ့ ဒုက္ခရောက်နေတဲ့လူတွေကို
ထောက်ပံ့ဖို့ အားလုံးက စိတ်တူကိုယ်တူ ရှိကြတယ်။ အဲဒါကြောင့် စိတ်တူကိုယ်တူရှိတဲ့
လူတွေစုပြီး သူငယ်ချင်းတွေ အကုန်လုံးက ထည့်ချင်ကြတယ်။ ဘယ်လိုထည့်မလဲ၊
လူတွေ တနေရာမှာစုထည့်ဖို့အတွက် နေရာလေးရှိသင့်တယ်ဆိုပြီး လမ်းပြကြယ်
စာကြည့်တိုက်မှာ ကျနော်တို့ကို နေရာပေးဖို့ပြောပြီး လမ်းပြကြယ်စာကြည့်တိုက်မှာ နေရာလေးတခုတောင်းပြီး အလှူခံပုံးလေးဖွင့်ထားတယ်။ လူတွေက လာထည့်ကြ
တယ်။ အဲဒါတွေကို ကျနော်တို့က စုဆောင်းပြီး နာရေးကူညီမှုအသင်းကို လှမ်းပြီး
လှူဒါန်းတယ်။ နာရေးကူညီမှုအသင်းကနေ မြန်မာပြည်ထဲမှာ ဝေငှတယ်။ ဒီပုံစံပဲ
လုပ်နေတာပါ။”
ရန်ကုန် ဆင်ခြေဖုံးအတော်များများမှာတော့ အာဏာပိုင်တွေက အကူအညီပေးတာ
တွေထက် တတ်နိုင်သူတွေက စုပြီး အစုလိုက် ဆန်ဝေတာတွေ ဒီကနေ့လုပ်နေတယ်
လို့ သိရပါတယ်။ မြို့ထဲမှာတော့ အပေါ်ဆုံးထပ်တွေအတွက် သွပ်ပြား ၁၂ ချပ်စီကို
အာဏာပိုင်တွေက ဈေးလျှော့ပြီး ရောင်းချပေးနေပါတယ်။ ရန်ကုန်မြို့ထဲမှာတော့ နေရာအတော်များများ မရှင်းရသေးဘဲ အမှိုက်ပုံတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့တော့ ရန်ကုန်နေရာအတော်များများမှာ စစ်တပ်က လုံခြုံရေးယူ ချထားတာတွေလည်း တွေ့နေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။