မြန်မာနိုင်ငံလေဘေးဒုက္ခသည်တွေအတွက် အကူအညီ တချို့ဝင်ရောက်လာခဲ့ပေမယ့် အမေရိကန် ပြည်ထောင်စုက ကမ်းလှမ်းထားတဲ့ အကူအညီတွေနဲ့ ကျွမ်းကျင်သူ ပညာရှင်အဖွဲ့ကို လက်ခံဖို့ကို တော့ မြန်မာစစ်အစိုးရက ဆုံးဖြတ်ချက် မချသေးရပါဘူး။ အဓိကကတော့ ဘေးဒုက္ခသင့်သူတွေဆီ ကို အကူအညီတွေ အမြန်ဆုံး ရောက်ဖို့ပဲဖြစ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူးက ဦးသန်းလွင်ထွန်းက အခုလို သုံးသပ်တင်ပြထားပါတယ်။
မုန်တိုင်းဒဏ် ကယ်ဆယ်ရေး ကုလသမဂ္ဂ အကူအညီပေး လေယာဉ်တွေကို ဝင်ခွင့်ပြုဖို့ မြန်မာ စစ်အစိုးရက ခွင့်ပြုလိုက်ပြီမို့ အီတလီ နိုင်ငံကနေ ကယ်ဆယ်ရေး ပစ္စည်းတွေ သယ်ဆောင်လာမယ့် လေယာဉ်နဲ့ ဝန်ထမ်းတချို့ ဒီနေ့ ရောက်ရှိလာဖို့ ရှိနေပါပြီ။ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ အိန္ဒိယစတဲ့ နိုင်ငံတွေက အကူအညီပေး ပစ္စည်းတွေနဲ့ လေယာဉ်တွေလည်း ဆိုက်ရောက်နေပြီး ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လေဘေးဒဏ် အပြင်းထန်ဆုံး ခံခဲ့ရတဲ့ ဒေသတွေမှာ လောလောဆယ် ကြုံတွေ့နေ ရတဲ့ ပြဿနာကတော့ သန့်ရှင်းတဲ့ သောက်သုံးရေ ပြက်လပ်မှု အခက်အခဲနဲ့ သေဆုံးတဲ့ အလောင်းတွေကို မရှင်းနိုင်သေးတဲ့ ပြဿနာ၊ ခြင်၊ ယင်၊ မှက်ထူပြောတဲ့ ပြဿနာတွေပဲဖြစ်ပါတယ်။ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ဝမ်းလျောဝမ်းပျက် ရောဂါ၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးစတာတွေ ပျံ့နှံ့နေပြီဆိုတဲ့ သတင်းတွေ မကြားရသေးပါဘူး။ ဘန်ကောက်မြို့မှာ ရှိနေတဲ့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အကူအပေးရေးအဖွဲ့ UNOCHAရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ရစ်ချာ့ ဟိုစေးကတော့-
“တကယ်တမ်း လူအသေအပျောက် အပျက်အစီး ဘယ်လောက်အထိ ကြီးမားနေတယ်ဆိုတာ တိတိကျကျ ခန့်မှန်းလို့ မရသေးပါဘူး။ ဒါပေမဲ့ အခု တွေ့ကြုံနေရတာတွေဟာ တကယ့်ကို ကြီးမားတဲ့ အရေးပေါ် ပြဿနာကြီးတခု ဖြစ်နေတယ် ဆိုတာကတော့ သေချာပါတယ်။ အတွင်းမှာ ရှိနေတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေဟာဆိုရင် သူတို့သွားခဲ့တဲ့ နေရာတွေမှာ လူသေအလောင်းတွေ ပုပ်ပွပြီးတော့ မျောနေတာ၊ သောင်တင်နေတာတွေ တွေ့ခဲ့ရတဲ့အကြောင်း ပြောနေကြတဲ့အတွက် ဒါတွေကို ရှင်းလင်းဖို့ အရေးမှာတောင် အတော့်ကိုအခက်အခဲ တွေ့ကြရမှာဖြစ်ပါတယ်။”
သူပြောသလို အခုအရေးဟာ ကြီးမားတဲ့ ပြဿနာကြီး တရပ်ဖြစ်နေတာကို နိုင်ငံတကာကလည်း သဘောပေါက် မြင်တွေ့နေရပြီ ဖြစ်တဲ့အတွက် အကူအညီတွေ ထိထိရောက်ရောက်ပေးနိုင်ဖို့ စိုင်းပြင်း နေရပါတယ်။ ဒါပေမဲ့လည်း မြန်မာ စစ်အစိုးရအနေနဲ့ နိုင်ငံတကာရဲ့ အကူအညီကိုသာ ရယူလိုပြီး၊ နိုင်ငံတကာ ကျွမ်းကျင်သူ ပညာရှင်တွေ၊ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုက စေလွှတ်ပေးဖို့ ကမ်းလှမ်းထားတဲ့ လေ့လာ အကဲဖြတ်ရေး အဖွဲ့တွေကို လက်ခံရေး နှောင့်နှေးနေတာ မို့ နိုင်ငံတကာ ဝေဖန်မှုတွေကို ခံနေရပါတယ်။
Amnesty International အဖွဲ့ကြီးကဆိုရင် မြန်မာစစ်အစိုးရရဲ့ ကြိုးနီးစနစ်နဲ့ ဗီဇာတင်းကျပ်မှုတွေ၊ အကောက်အခွန်တင်းကျပ်မှုတွေကြောင့်၊ ဒါ့အပြင် နိုင်ငံတကာ အလှူရှင်တွေစီက အကူအညီ ပေးနိုင်ဖို့အရေး နှောင့်နှေး နေရမှုတွေကြောင့် လူသားတွေရဲ့ အသက်တွေ ပိုပြီး ဆုံးရှုံးဖို့ အန္တရာယ် ကြုံတွေ့နိုင်ရကြောင်း၊ မြန်မာ စစ်အစိုးရအနေနဲ့ နိုင်ငံတကာ အကူအညီပေး ဝန်ထမ်းတွေကို အမြန်ဆုံး ဝင်ခွင့်ပြုဖို့ လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အပြင်းထန်ဆုံး ဝေဖန်ပြောကြားခဲ့သူကတော့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး ဘားနတ် ခူချနာပါ။
“မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာကပေးအပ်လာတဲ့ အကူအညီကို သူတို့နည်း သူတို့ဟန် ဝေငှ ပေးမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ လက်ချင်နေတဲ့သဘော၊ ဒါမှမဟုတ် လက်ခံမယ့်သဘော ရှိနေပါတယ်။ ကျွန်တော့်အမြင်ကတော့ ဒါဟာ မှန်ကန်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ မြန်မာစစ်အစိုးရအနေနဲ့ အကူအညီတွေကို ဘယ်လို ဘယ်ပုံ ဖြန့်ဝေပေးမယ်ဆိုတာ မသိနိုင်တဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ယုံကြည် စိတ်ချဖို့ ပြဿနာရှိနေပါတယ်။”
ပြင်သစ် နိုင်ငံဟာ လောလောဆယ်မှာ မြန်မာနိုင်ငံ မုန်တိုင်း လေဘေး ဒုက္ခသည်တွေအတွက် ယူရိုငွေ (၂)သိန်း ကူညီမယ်လို့ ကမ်းလှမ်းထားပါတယ်။ ဒါဟာ ဥရောပ သမဂ္ဂက ပေးအပ်ဖို့ အဆိုပြု ထားတဲ့ ယူရို (၂)သန်းထဲက တစိတ်တဒေသ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာရဲ့ အကူအညီနဲ့ လေ့လာအကဲဖြတ်ရေး ကျွမ်းကျင်သူ အဖွဲ့တွေကို လက်မခံဘဲ ဒီအတိုင်းဆက်ပြီး တင်းခံနေမယ်ဆိုရင် ကုလသမဂ္ဂအနေနဲ့ လူသားပြဿနာတွေကို ဖြေရှင်းရေးမှာ လုပ်ပိုင်ခွင့် ဆိုတာကို သုံးပြီး မြန်မာစစ်အစိုးရရဲ့ ခွင့်ပြုချက် ရရ မရရ အကူအညီတွေ ဝင်ပေးသင့် နေပြီလို့ ပြင်းပြင်းထန်ထန် ပြောကြားခဲ့ပါတယ်။
လောလောဆယ်မှာတော့ ကုလသမဂ္ဂအကဲဖြတ်အဖွဲ့ကို မြန်မာစစ်အစိုးရက ဝင်ခွင့်ပြုလိုက်ပြီမို့ ဒီကိစ္စဟာ တစိတ်တဒေသတော့ ပြေလည်သွားပါပြီ။ ကျန်တာကတော့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုထားတဲ့ ကျွမ်းကျင်သူ အဖွဲ့ကို လက်ခံဖို့ ကိစ္စပါပဲ။ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ရှောင်မက်ကောမက်က အဓိကကတော့ ဘေးဒုက္ခသင့်နေသူတွေကို ထိထိရောက်ရောက် အကူအညီ ပေးနိုင်ဖို့ပဲ ဖြစ်ပြီး ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးရဲ့ ပြောကြားချက်တွေကိုလည်း သူ့အနေနဲ့ နားလည် သဘောပေါက်နိုင်ပါတယ်လို့ ရှောင်မက်ကောမက်က ဆိုပါတယ်။
“ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး ပြောကြားသွားတာတွေကို ကျွန်တော် ကြားပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်ပြခဲ့ပြီးပါပြီ။ အဲဒါတွေ အားလုံးတွေဟာ နိုင်ငံရေး ကိစ္စတွေပါ။ အခုအရေးကတော့ ကျွန်တော်တို့ရော၊ ပြင်သစ်နိုင်ငံရော အားလုံးအနေနဲ့ပါ ကျွန်တော်တို့မှာ ရှိသမျှ နိုင်ငံရေး အရရော ၊ သံတမန်ရေးအရပါ ရှိသမျှ စွမ်းအားတွေကို သုံးပြီး မြန်မာစစ်အစိုးရအနေနဲ့ အားလုံး အကျိုးအတွက် ဆုံးဖြတ်ချက် တခုချပေးလာအောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။”
အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒေသတွင်းမှာ ရှိနေတဲ့အမေရိကန် ရေတပ် သင်္ဘောလေးစင်းနဲ့ အတူ အကူအညီပေး ပစ္စည်းတွေ ပေးပို့နိုင်ဖို့ပါ စီစဉ်ထားပါတယ်။ ဒါတွေကို မြန်မာစစ်အစိုးရက ခွင့်ပြုမပြုကတော့ မသေချာသေးပါဘူး။
ဗာတီကန်နန်းတော်က ခရစ်ယာန် ပုတ်ရဟန်းမင်းကြီး ဘယ်နယ်တစ်ကတော့ မြန်မာနိုင်ငံက လေဘေးဒဏ်သင့် ဒုက္ခရောက်နေရသူတွေအတွက် စိတ်နှလုံး မချမ်းမြေ့စွာနဲ့ ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ ပါကြောင်း၊ သက်ဆိုင်ရာတွေ အားလုံးအနေနဲ့ စိတ်ကောင်း စေတနာများထားပြီး၊ သဒါ္ဓတရား ပြည့်ပြည့်၀၀နဲ့ ဆောင်ရွက်ကြစေလိုပါကြောင်းပဲ တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။