သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းဒဏ်ခံ မြန်မာနိုင်ငံကို ကူညီရန် အမေရိကန်ရေတပ် အဆင်သင့်ရှိ


မြန်မာနိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်းဒဏ်
ခံခဲ့ကြရပြီး ဘေးဒုက္ခရောက်နေသူတွေကို
ကူညီဖို့အတွက် အမေရိကန်စစ်တပ်က ကြိုတင်ပြင်ဆင်မှုတွေ ထပ်မံလုပ်ဆောင်ခဲ့
တဲ့အကြောင်း အမေရိကန် ကာကွယ်ရေး
ဝန်ကြီး ရောဘတ်ဂိတ်စ် (Robert Gates)
က ပြောပါတယ်။ ဒါပေမယ့် အမေရိကန်
အရာရှိတယောက် ကြာသပတေးနေ့က
ပြောဆိုခဲ့သလို မြန်မာနိုင်ငံထဲ ဒါမှမဟုတ် မြန်မာ့လေပိုင်နက်ထဲကို စစ်အစိုးရရဲ့
ခွင့်ပြုချက်မရဘဲ လုပ်မှာမဟုတ်ဘူးလို့
ဝန်ကြီးဂိတ်စ်က ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် အယ်လ်ပါဆင်း
(Al Pessin) အမေရိကန်စစ်ဌာနချုပ်ရှိရာ ပင်တဂွန်က သတင်းပေးပို့ထားတာကို
ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂိတ်စ်က အရေးပေါ်ဘေးဒုက္ခ ကယ်ဆယ်ရေး
လေ့ကျင့်မှုအတွက် ထိုင်းပင်လယ်ကွေ့မှာ ရောက်ရှိနေတဲ့ အမေရိကန်ရေတပ်
သင်္ဘောတွေအနေနဲ့ မြန်မာနိုင်ငံကနေ အကူအညီတောင်းခံလာရင် အလျင်အမြန်
တုံ့ပြန်နိုင်ဖို့ ရဟတ်ယာဉ်တွေကို ထိုင်းကမ်းခြေမှာ စောင့်ဆိုင်းခိုင်းထားတယ်လို့
ပြောပါတယ်။ ရဟတ်ယာဉ်တွေက မြန်မာနိုင်ငံတွင်းကို နာရီပိုင်းအတွင်း ပျံသန်းနိုင်
တယ်လို့လည်း အမေရိကန် အစိုးရအရာရှိတွေက ပြောပါတယ်။

ဒီအတောအတွင်း ကာကွယ်ရေးဝန်ကြီး ဂိတ်စ်က ရေတပ်သင်္ဘောတွေက မလေး
ကျွန်းဆွယ်ကို ၅ ရက်တာဖြတ်ပြီး မြန်မာကမ်းခြေဆီသွားဖို့ ခရီးစတင်နေပြီလို့ ပြောပါ
တယ်။ ဒါပေမယ့် ကာကွယ်ရေးဝန်ကြီးဂိတ်စ်က မြန်မာနိုင်ငံတွင်းကို ကယ်ဆယ်ရေး
ပစ္စည်းတွေ ခွင့်ပြုချက်မရဘဲ လေကြောင်းကချပေးဖို့ အမေရိကန်ပြည်ထောင်စုက
စောစောပိုင်းက စဉ်းစားနေတဲ့ အမေရိကန် အထောက်အကူပေးရေး အရာရှိရဲ့ ပြောကြားချက်ကိုတော့ မဟုတ်မှန်ကြောင်း သူက ငြင်းဆိုပါတယ်။

“မြန်မာအစိုးရရဲ့ ခွင့်ပြုချက်မရရှိဘဲ ကျနော်တို့ ဝင်ရောက်မယ်ဆိုတာကို ကျနော်တော့ စဉ်းစားလို့တောင် မရပါဘူး။”

အမေရိကန်ပြည်ထောင်စုအနေနဲ့ ကယ်ဆယ်ရေးကြိုးပမ်းမှုအတွက် အသုံးပြုနိုင်အောင်
ထိုင်းနိုင်ငံမှာ အစမ်းလေ့ကျင့်နိုင်ဖို့ တပ်ဖွဲ့ငယ် စေလွှတ်ထားပြီးဖြစ်ရာ သယ်ယူပို့
ဆောင်ရေးလေယာဉ် ၆ စင်းပါဝင်ပါတယ်။ မကြာသေးမီက အာရှဘေးဒုက္ခတွေအတွင်း အသက်ကယ်ဆယ်နိုင်ရေးအတွက် အမေရိကန်တပ်ဖွဲ့ဝင်တွေက ကူညီပေးခဲ့ဖူးတဲ့
အတိုင်း ဒီတခါလည်း အလားတူ အကူအညီပေးနိုင်ခွင့်မရရင် အတော်လေး စိတ် မကောင်းဖြစ်စရာပါလို့လည်း ဝန်ကြီးဂိတ်စ်က ပြောပါတယ်။

“အသက်ပေါင်းများစွာကို ကယ်ဆယ်နိုင်မယ့် အခွင့်အရေးတရပ်ပါ။ ကျနော်တို့ဟာ ကယ်ဆယ်ဖို့အဆင်သင့်ရှိသလို ချက်ချင်းလည်း ကူညီပေးနိုင်မယ့် အနေအထားမှာ
ရှိနေပါတယ်။ ဒါကြောင့် ကျနော်တို့ဘက်က ကူညီနိုင်မယ့် ပစ္စည်းအင်အား၊ လူ
အင်အားရှိလျက်နဲ့ ကူညီခွင့်မရရင်တော့ သိပ်ကို ကြေကွဲဝမ်းနည်းစရာဖြစ်ရပ် ဖြစ်ပါ
လိမ့်မယ်။”

လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ သင်္ဘောတွေဟာ ကယ်ဆယ်ရေးပစ္စည်းတွေကို ပို့ဆောင်ပေးနိုင်စွမ်းရှိတဲ့အပြင် ကုတင် ၆၀၀ ဆန့် ဆေးရုံလည်း အမေရိကန်
စစ်သင်္ဘောတစင်းမှာ ပါရှိတာဖြစ်ပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ အမေရိကန်
စစ်တပ်က စစ်အစိုးရကို ဖြုတ်ချရာမှာ စိုးရိမ်လို့ အခုလို အမေရိကန် စစ်ရဟတ်ယာဉ်
တွေရဲ့ အထောက်အကူလက်ခံဖို့ မြန်မာစစ်ခေါင်းဆောင်တွေက တွန့်ဆုတ်နေတာ
လားလို့ သတင်းထောက်တွေက ဝန်ကြီးဂိတ်စ်ကို မေးမြန်းရာမှာတော့ သူက …

“ကျနော်တို့ရဲ့ စိတ်စေတနာကောင်းကို အထင်လွဲ၊ အဓိပ္ပာယ်ကောက်ယူမှု မှားတယ်
ဆိုရင်တော့ ကျနော်တို့အတွက် သိပ်ကို အံ့အားသင့်စရာ ဖြစ်ပါလိမ့်မယ်။”

နိုင်ငံခြားနဲ့ သိပ်မဆက်ဆံလိုတဲ့ မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံခြားအကူအညီ
တော်တော်များများ လက်ခံခြင်းမရှိခဲ့တာနဲ့ပတ်သက်လို့ ဝန်ကြီးဂိတ်စ်က တချို့နိုင်ငံ
တွေ၊ ဒါမှမဟုတ် နိုင်ငံတကာအဖွဲ့အစည်းတွေထံက အကူအညီကို လက်ခံဖို့ မြန်မာ စစ်ခေါင်းဆောင်တွေကို နားချပြောဆိုနိုင်ခဲ့ရင် အဲဒီအဖွဲ့အစည်းတွေ တဆင့်
ကလည်း အမေရိကန်ပြည်ထောင်စုက လက်တွဲလုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအတွင်း ကယ်ဆယ်ရေးပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဒေါ်လာ ၃.၂၅ သန်း ပေးလှူထားပြီးဖြစ်ပါတယ်။ ကြာသပတေးနေ့ကတော့ ကုလသမဂ္ဂက ကမကထပြုပြီး နိုင်ငံတကာ အထောက်
အကူပေးရေး လေယာဉ်နှစ်စင်း မြန်မာနိုင်ငံကို ဆိုက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့်
စနေနေ့က နာဂစ်မုန်တိုင်း တိုက်ခတ်ခံရတဲ့ လူတသန်းကျော်အတွက် အစားအစာနဲ့
ခိုကိုးစရာ အရေးပေါ်အကူအညီဟာ ဒါ့ထက်ပိုပြီး လိုအပ်နေတယ်လို့ ကျွမ်းကျင်
ပညာရှင်တွေက ပြောကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG