သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့်ပြည်သူများ ကူညီရေး နှောင့်နှေးနေတဲ့ကြားက ကျင်းပတဲ့ ဆန္ဒခံယူပွဲ ဘဝင် မကျသူများပြား


မြန်မာပြည်သူတွေအနေနဲ့ ဖွဲ့စည်းပုံအသစ်
ကို ကြိုက် မကြိုက်ဆိုတာ လွတ်လွတ်
လပ်လပ် ဆန္ဒမဲပေးခွင့် ရရှိခဲ့ကြပါရဲ့လား။
ပြည်သူလူထုက ဘယ်လောက် တက်တက်
ကြွကြွ ရှိခဲ့ကြပါသလဲ။ တနိုင်ငံလုံးအခြေ
အနေ ဘယ်လိုရှိသလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီဆန္ဒခံယူပွဲကို အနီးကပ်စောင့်ကြည့်
လေ့လာနေတဲ့ ဗွီအိုအေဝိုင်းတော်သား
ကိုသားညွန့်ဦးက ဘန်ကောက်ကနေ
တင်ပြထားပါတယ်။

အခြေအနေကို ချုပ်ပြောရရင်တော့ ဒီကနေ့ ဆန္ဒခံယူပွဲက မဲပေးသူ အတော်လေး
နည်းတယ်လို့ ဆိုရမှာပါ။ ပြည်တွင်းက လေ့လာသူတွေအဆိုအရ အချို့နေရာမှာ
မဲပေးသူ ၅၀-၆၀% ရှိပေမယ့် အချို့နေရာမှာတော့ ၂၅% လောက်ပဲ မဲပေးကြတယ်လို့
သိရပါတယ်။ နိုင်ငံအဝှမ်းက မဲရုံတွေအများစုမှာ မဲပေးရတာ လွတ်လွတ်လပ်လပ်
ရှိတယ်ဆိုပေမယ့် မဲရုံအချို့မှာတော့ အတင်းအကျပ် ဖိအားပေးပြီး ထောက်ခံမဲ
ထည့်ခိုင်းတာတွေ၊ ထောက်ခံမဲထည့်ဖို့ လှုံ့ဆော်တာတွေ ဗြောင်လုပ်ခဲ့တယ်လို့ သတင်း
တွေရပါတယ်။

မဲပေးသူအရေအတွက် နည်းတဲ့ကိစ္စကတော့ ပြီးခဲ့တဲ့ ဆိုင်ကလုံးမုန်တိုင်းဒဏ်ကြောင့်
ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမှာ ဖြစ်ခဲ့တာတွေအပေါ် ဝမ်းနည်းကြေကွဲ အာရုံစိုက်နေ
ကြပြီး ဆန္ဒခံယူပွဲကို စိတ်ဝင်စားမှုနည်းတာကြောင့်လို့ အများစုက ယူဆပါတယ်။ နေရာအတော်များများမှာတော့ နေ့လယ် ၁ နာရီ ၂ နာရီလောက်ကတည်းက မဲပေးသူ
မရှိတော့ဘဲ မြို့အတော်များများမှာလည်း ခြောက်ကပ်နေတယ်လို့ သိရပါတယ်။ အခုလို မဲပေးသူအရေအတွက် နည်းပါးတာနဲ့ ပတ်သက်လို့ မဇ္ဈိမသတင်းဌာနက အယ်ဒီတာ
ချုပ် ကိုစိုးမြင့်ရဲ့အမြင်ကို မေးကြည့်ပါတယ်။

“တချက်ကတော့ သူတို့က ကြိုတင်မဲပေးတာတွေရော၊ ပြီးတော့ အတင်းအကျပ် ထောက်ခံမဲပေးခိုင်းတယ်ဆိုတော့ ပြည်သူတွေက စိတ်မဝင်စားဘူး။ ဒီ့ထက်ပိုပြီး
အရေးကြီးတာက ဆိုင်ကလုန်းဖြစ်ပြီးနောက်ပိုင်းမှာ လူတွေက အရမ်းကို စိတ်ညစ်
တာပေါ့။ ကိုယ့်ဆွေမျိုးတွေ ထိတာရှိတယ်၊ မြင်နေ ကြားနေရတာတွေလည်း စိတ် မကောင်းဖြစ်စရာတွေတော့ မဲပေးတာကို စိတ်မဝင်စားဘူး။ အဲဒါကြောင့် မဲပေးတဲ့ လူဦးရေနည်းတာ။”

အတိုက်အခံတွေဘက်က Vote No ဆိုပြီး ကန့်ကွက်မဲသွားထည့်ကြဖို့ လူတွေကို
လှုံ့ဆော်တာတွေ
တောက်လျှောက်ရှိခဲ့ပါတယ်။ ဒီလှုပ်ရှားမှု အားပျော့ အားနည်းသွား
တာကြောင့်လို့
ပြောလို့ရမလား။

“အခုလောလောဆယ် မြန်မာပြည်မှာတော့ အတိုက်အခံရော၊ ပြည်သူတွေရော အစိုးရ
ကလွဲရင် ဆိုင်ကလုန်းဒဏ်ခံခဲ့ရတဲ့ အနေအထား၊ ဒီဆိုင်ကလုန်းဒဏ် ခံခဲ့ရတဲ့လူတွေ
အတွက်ပဲ စိုးရိမ်နေတယ်၊ ဝမ်းနည်းနေတယ်၊ ပူပန်သောကရောက်နေတယ်။ အဲဒီဟာ
တွေနဲ့ပဲ ဖြစ်နေတာ။ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရော ကျန်တဲ့အင်အား
စုတွေရော ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရသူတွေအတွက် ဘယ်လိုလုပ်ကြမလဲဆိုပြီး စိုးရိမ်ပူပန်နေကြတော့ ဒီလှုပ်ရှားမှုလည်း လျော့သွားတာတော့ အမှန်ပဲ။”

အခု ဆန္ဒခံယူပွဲလည်း နေရာအများစုမှာ ပြီးဆုံးသွားပြီဆိုတော့ ဒီဆန္ဒခံယူပွဲက
လွတ်လပ်ပြီး မျှတမှုရှိတယ်လို့ ပြောနိုင်မလားခင်ဗျ။

“မဲပေးတာက တရားမျှတမှု မရှိဘူးလို့ ထင်ရတယ်၊ ယူဆရတယ်။ နံပါတ်တစ်ကတော့ ကြိုတင်မဲတွေမှာ ထောက်ခံမဲတွေရအောင် တော်တော်များများ ယူထားတယ်။
နောက်တခုက မိသားစုဝင်တွေကို ကိုယ်စားပြုပြီး တဦးတယောက်ကပဲ အဲဒီမိသားစု
ကို ကိုယ်စားပြုပြီး မဲပေးရတယ်။ လူတယောက် မဲတခုစနစ်နဲ့မဟုတ်ဘူး။ ပြီးတော့
လုံခြုံရေးတွေကို အနီးအနားမှာ ချထားတယ်။ တချို့မဲပေးတဲ့နေရာတွေမှာဆိုရင် သူတို့ရဲ့အင်အားစုတွေ၊ အစိုးရကိုထောက်ခံနေတဲ့ အင်အားစုတွေက ထောက်ခံမဲ
ထည့်ဖို့ဆိုပြီး အတင်းအကျပ် ပြောတာဆိုတာတွေရှိတယ်။ အဲဒါတွေကို ကြည့်ခြင်း
အားဖြင့် နေရာတော်တော်များများမှာ လေ့လာမိသလောက်ဆိုရင်တော့ ဒီနေ့မဲပေး
တာက တရားမျှတမှုမရှိဘူးလို့ သုံးသပ်လို့ရတယ်။”

ဒီကထွက်လာတဲ့ ရလဒ်နဲ့ပတ်သက်လို့ရော လူတွေရဲ့စိတ်ထဲမှာ လက်ခံမယ်လို့ ယူဆ
လား။

“ကျနော့်အမြင်ကတော့ ပြည်သူက လက်မခံပါဘူး။ ယေဘုယျအားဖြင့်ဆိုရင်တော့
ပြည်သူက မဲပေးတာကိုလည်း အယုံအကြည်မရှိသလို ထွက်လာမယ့်ရလဒ်ရော၊ နောင် ဖြစ်လာမယ့်ဟာတွေရော သူတို့ အယုံအကြည်ရှိမယ်လို့ မထင်ဘူး။”
ဒါကတော့ မဇ္ဈိမသတင်းဌာန အယ်ဒီတာချုပ် ကိုစိုးမြင့်ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ စစ်အစိုးရဟာ တနိုင်ငံလုံး ကြေကွဲဖွယ်ဖြစ်နေ
တဲ့ လေဘေးမုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဖို့ထက် အာဏာနိုင်ငံရေး
ကိုပဲ ဦးစားပေးနေတာလို့ ဝေဖန်ပါတယ်။ လူတွေဟာ ဒီအတွက်ကြောင့် ဆန္ဒမဲ သွားမထည့်ကြတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင်
ဦးသိန်းညွန့်က ယူဆပါတယ်။

“လူထုက အခုရောက်နေတဲ့ ကိုယ်ပိုင်ခံစားချက်နဲ့ တုံ့ပြန်လိုက်တာပေါ့ဗျာ။ အခု ကာလ ဒေသအခြေအနေက ဆန္ဒခံယူပွဲလုပ်ရမယ့် အခြေအနေမှမဟုတ်ဘဲ။ ကျနော်တို့
တမျိုးသားလုံး အင်မတန်မှ ကြီးမားထိခိုက်ပျက်စီးတဲ့ ကပ်ဘေးကြီးကြောင့် ဒုက္ခ ရောက်နေတဲ့လူတွေကို ကယ်တင်ရမယ့်အချိန်။ အားလုံးက ဒီအမျိုးသားရေး အပျက်
အစီးကို ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေရမယ့်အစား အာဏာနိုင်ငံရေးအတွက်
အခုလို ဆန္ဒခံယူပွဲကို မဖြစ်မနေ ကျင်းပတဲ့အခါကျတော့ ပြည်သူလူထုက ဒါ တုံ့ပြန်
လိုက်တာပဲ။

“ဒီနေ့က ဒုက္ခဝေဒနာ ခံနေရတဲ့လူတွေက ဘဝပျက်မတတ် ခံနေရသလို ကျန်တဲ့ ဘေးဒုက္ခမရောက်တဲ့ ဒေသကလူတွေလည်း ဒုက္ခရောက်တဲ့လူတွေကို စာနာပြီး
အိမ်ရှေ့ပူ၊ အိမ်နောက်မချမ်းသာ ဖြစ်နေရတဲ့အချိန်ပါ။ အဲဒီအချိန်မှာ ဗမာလူထုက သူတို့ကိုယ်ပိုင်အတွေ့အကြုံ အင်မတန်ကြီးပါတယ်။ အဲဒီအတွေ့အကြုံအရ အခုလို တုံ့ပြန်လိုက်တယ်လို့ပဲ မှတ်ချက်ပေးရမှာပဲ။”

ဒါပေမယ့် စစ်အစိုးရက သူတို့အတည်ပြုချင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခုလုပ်တဲ့ ဆန္ဒခံယူပွဲကနေ အတည်ပြုလိုက်နိုင်မယ်ဆိုတဲ့ ရလဒ်တခုခုထွက်လာရင်ရော
အန်ကယ်တို့ ဘယ်လိုသဘောထားမလဲ။

“အခုလို ကြိုတင်မဲယူတဲ့အပေါ်မှာ ကျနော်တို့ရထားတဲ့ သတင်းတွေအရဆိုရင် ဥပဒေ၊
နည်းဥပဒေနဲ့ မညီတဲ့အချက်အလက်များကို ကျနော်တို့ တွေ့ထားပါတယ်။ အဲဒီအချက် အလက်အားလုံးကို မြို့နယ်တွေ၊ တိုင်းနဲ့ပြည်နယ်စည်းတွေ၊ ပြည်သူလူထုထဲက အခြေ
အနေ တင်ပြလာတာတွေ ကျနော်တို့ဆီကို မကြာခင်ရောက်လာမှာပါ။ အဲဒီအခြေ
အနေ အားလုံးရလာတဲ့အခါ ဒီဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ ကြေညာ
ချက်အပေါ်မှာ မူတည်ပြီး ကျနော်တို့ဘက်ကလည်း ကျနော်တို့တွေ့ရှိချက်၊ ဥပဒေ
သုံးသပ်ချက်တွေကို ကျနော်တို့ဘက်ကလည်း ထုတ်ပြန်မှာပါ။”

ဒီကနေ့မှာတော့ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံဆန္ဒခံယူပွဲတွေ နေရာအများအပြားမှာ
တိတ်တိတ်ဆိတ်ဆိတ်၊ ငြိမ်ငြိမ်သက်သက်နဲ့ပဲ ပြီးဆုံးသွားတယ်လို့ ဆိုရမှာပါ။
လမ်းတွေပေါ်မှာလည်း လူတွေ ခြောက်ကပ်နေပါတယ်။ ဒါပေမယ့် မွန်ပြည်နယ်နဲ့
တနင်္သာရီတိုင်း အစွန်အဖျားတချို့မှာ မဲရုံတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုတွေ
ဖြစ်ခဲ့တယ်လို့ သတင်းတွေရပါတယ်။ ဒီသတင်းတွေနဲ့ပတ်သက်လို့ အခုအချိန်အထိ သီးခြားအတည်ပြုချက်ယူလို့တော့ မရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG