သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးပေါ်အကူအညီတွေ အမြန်ဆုံးလက်ခံဖို့ ကုလနဲ့ နိုင်ငံတကာက စစ်အစိုးရကို ထပ်မံတိုက်တွန်း


ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရသူတွေ၊
လတ်တလော အခက်အခဲတွေနဲ့ ရင်ဆိုင်နေရ
သူတွေကို အရေးပေါ်အကူအညီတွေ ပေးအပ်ဖို့
နိုင်ငံတကာက ကမ်းလှမ်းမှုတွေ ရှိနေပေမယ့်
လည်း မြန်မာစစ်အစိုးရဘက်ကတော့ ဒါတွေကို အခုအချိန်အထိ အပြည့်အ၀ လက်မခံသေးတာ
ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှာ အဓိက ဆွေးနွေးပြောဆိုနေရတဲ့ ကိစ္စတခု ဖြစ်နေရပါ
တယ်။ အခုလည်းပဲ အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ အရေးပေါ်အကူအညီတွေကို မြန်မာစစ်အစိုးရ
ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။
အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ် ခံခဲ့ရသူ မြန်မာနိုင်ငံသားတွေအတွက် နိုင်ငံ
တကာက အရေးပေါ်အကူအညီတွေ ပေးအပ်ဖို့ လုပ်ငန်းစဉ်တွေမှာ မြန်မာစစ်အစိုးရ
ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ နှေးကွေးနေတာနဲ့အမျှ နိုင်ငံတကာ အသိုင်းအဝိုင်းက
ဝေဖန်ပြစ်တင်မှုတွေနဲ့အတူ ကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးလုပ်ခွင့်ပေးဖို့ တောင်းဆိုမှုတွေကလည်း နေ့စဉ်နဲ့အမျှ ထွက်ပေါ်လာနေတာပါ။ အခုဆိုရင်လည်း
ကုလသမဂ္ဂမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ အသစ်တဖန် တောင်းဆိုမှု
တခုကို ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်က
ဦးစီးဦးဆောင်ပြီး လုပ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ ကြုံခဲ့ရတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ
ဆိုရင် ၁၉၉၁ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကြုံခဲ့ရတဲ့ လူပေါင်း ၁၃၈,၀၀၀
အထိ သေဆုံးခဲ့ရတဲ့ လေမုန်တိုင်းပြီးရင် အာရှတိုက်မှာ အကြီးမားဆုံးကြုံရတဲ့ လေမုန်
တိုင်းတခုဖြစ်သလို အခုဆိုရင် မုန်တိုင်းဒဏ်ကြောင့် ခန့်မှန်းချေ လူပေါင်း ၂,၀၀၀,၀၀၀
နီးပါးအထိ ဒုက္ခရောက်ကြရတယ်လို့လည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် ဂျွန်ဟုမ်းစ် (John Holmes) က ပြောပါတယ်။ ထိခိုက်
သေဆုံးမှု ကိန်းဂဏန်းတွေကလည်း နေ့စဉ်နဲ့အမျှ တိုးမြင့်လာနေတယ်လို့လည်း သူက
ဆိုပါတယ်။

“သေဆုံးသူအရေအတွက်ဟာ နေ့စဉ်နဲ့အမျှ ကြီးထွားလာနေတာဖြစ်ပါတယ်။ ၆၃,၀၀၀ လောက်ကနေ ၁၀၀,၀၀၀ ကြားမှာ ရှိနိုင်ပြီးတော့ ဒီထက်လည်း ပိုများကောင်းများနိုင်
ပါတယ်။ သေဆုံးမှုအများစုဟာ မြစ်ဝကျွန်းပေါ် မြေနိမ့်ဒေသတွေမှာဖြစ်ပြီးတော့
ဘိုကလေးမြို့ တမြို့ထဲမှာကိုပဲ ၁၀,၀၀၀ လောက် သေဆုံးတယ်ဆိုတဲ့ သတင်းတွေ
လည်း ကြားရပါတယ်။”

အခုအချိန်အထိလည်း မြစ်ဝကျွန်းပေါ်ဒေသရဲ့ နေရာအတော်များများဟာ ရေအောက် ရောက်နေဆဲဖြစ်ပြီး မုန်တိုင်းတိုက်ခဲ့တာ တပတ်အကြာမှာတောင် ထိခိုက်ဆုံးရှုံးမှုနဲ့
ပတ်သက်လို့ အတိအကျသိနိုင်တဲ့ အခြေအနေမှာ မရှိသေးဘူးလို့လည်း သူကပြောခဲ့
ပါတယ်။ ဒါကြောင့်မို့လို့လည်း အကူအညီပေးရေးလုပ်ငန်းတွေ ပိုမိုထိထိရောက်ရောက်
လုပ်ကိုင်နိုင်ဖို့ အခုလို ထပ်မံနှိုးဆော်တဲ့ ဆွေးနွေးမှုကို လုပ်ရတာဖြစ်ပါတယ်လို့လည်း
ဆိုပါတယ်။ အခု ကုလသမဂ္ဂရဲ့ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ
ကလည်း ဒီလောက်ကြီးမားတဲ့ သဘာဝဘေးဒဏ်ကို ခံခဲ့ရသူတွေအတွက် နိုင်ငံတကာ အတိုင်းအတာနဲ့ အကူအညီတွေ လိုအပ်နေသလို အခုဆိုရင် ဒီလိုကူညီဖို့ နိုင်ငံတကာ
က ကမ်းလှမ်းမှုတွေကို မြန်မာစစ်အစိုးရက အမြန်ဆုံးလက်ခံဖို့ လိုတယ်ဆိုတာကို တညီတညွတ်တည်း ပြောကြတာပါ။ မြန်မာစစ်အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်
ကြီးကတော့ အကူအညီတွေအားလုံးကို လက်ခံမယ်လို့ ဆိုလိုက်ပါတယ်။

“နိုင်ငံတကာအသိုင်းအဝိုင်းကနီးနီးဝေးဝေး နေရာတွေမှာရှိကြတဲ့ မိတ်ဆွေတွေရဲ့ သွေးစည်းညီညွတ်မှုနဲ့ ရက်ရောမှုအတွက် ကျေးဇူးအထူးတင်ပါတယ်။ ဒီနေရာမှာ ကျနော်မှတ်တမ်းတင် ပြောချင်တာကတော့ အဖက်ဖက်ကပေးမယ့် အကူအညီတွေကို
လက်ခံမှာပါ။”

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင့်ဆွေက ပြောဆိုသွားတာပါ။ အမေရိကန်ပြည်ထောင်စုကလည်း အကူအညီတချို့ပေးအပ်မယ်လို့ ပြောဆိုထားတာနဲ့
ပတ်သက်လို့ ဆွေးနွေးပြောဆိုမှုတွေ ရှိနေပြီး အမေရိကန်က လေယာဉ်စင်းလုံးပြည့် ကယ်ဆယ်ရေးပစ္စည်းတွေ တနင်္လာနေ့လောက်မှာ မြန်မာနိုင်ငံကို ပေးပို့နိုင်ဖွယ် ရှိတယ်ဆိုပြီးတော့လည်း သံအမတ်ကြီးက ပြောသွားပါတယ်။

ဒါပေမယ့်လည်း မနေ့က နောက်ဆုံးအခြေအနေအထိ ကုလသမဂ္ဂရဲ့ သဘာဝဘေးဒဏ်
ဆိုင်ရာ အရာရှိ ၂ ဦးသာ နိုင်ငံထဲဝင်ခွင့်ရပြီး နောက် ၂ ယောက်ကတော့ နိုင်ငံထဲ
ရောက်မှ လှည့်ပြန်လာခဲ့ရတယ်လို့ လက်ထောက်အတွင်းရေးမှူးချုပ် ဂျွန်ဟုမ်းစ်က
ဆိုပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်
ရိက္ခာအဖွဲ့ (WFP) ရဲ့ လေယာဉ် ၄ စင်း မြန်မာနိုင်ငံကို ရောက်ရှိသွားပေမယ့်လည်း
ဒီအထဲက ၂ စင်းဟာဆိုရင် လတ်တလော အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်
လို့လည်း သူကပြောပါတယ်။ ဒါကြောင့်မို့လို့လည်း မြန်မာစစ်အစိုးရအနေနဲ့ ဒီလို
လုပ်ရပ်တွေကို ပြင်ပါဆိုပြီး တောင်းဆိုလိုက်ပါသေးတယ်။

“ဒီအခြေအနေမျိုးမှာ အစိုးရအနေနဲ့ သူ့ရဲ့ ပြုမူဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ အရေးပေါ်လိုအပ်ချက် အခြေအနေတွေကိုကြည့်ပြီး ပြန်လည်စဉ်းစားဖို့၊ ဒုက္ခရောက်
နေကြတဲ့ လူတွေအတွက် အကူအညီတွေရဖို့၊ သက်သာရာရစေဖို့ လိုအပ်တာတွေ
အားလုံးကို မြန်မြန်ဆန်ဆန်လုပ်ဖို့ ကျနော် ပြင်းပြင်းထန်ထန် တောင်းဆိုပါတယ်။ ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်မှုဟာ အခြေအနေတွေ တိုးတက်မှုရှိဖို့အတွက် သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်။” လို့ သူကပြောသွားတာပါ။ ဒီလို မုန်တိုင်းစဲ
သွားပေမယ်လို့ နောက်ဆက်တွဲ အတိဒုက္ခရောက်နေကျရသူတွေကို အကူအညီတွေ
ပေးဖို့ နှောင့်နှေးနေလို့ စိတ်မရှည်နိုင် ဖြစ်နေရတဲ့အထဲမှာ အာဆီယံအဖွဲ့ကြီးနဲ့ အာရှ
နိုင်ငံတွေလည်း အပါအဝင်ဖြစ်ပါတယ်။ အခုနောက်ဆုံး ကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးလုပ်နိုင်ဖို့အရေး ပါဝင်ဆွေးနွေးတဲ့ ဂျပန်နိုင်ငံကလည်း …

“မြန်မာနိုင်ငံရဲ့ မိတ်ဆွေအဖြစ်ရော၊ ဒေသတွင်းက နိုင်ငံတခုအနေနဲ့ရော၊ ဂျပန်နိုင်ငံ
အနေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေ၊ အကူအညီတွေကို အမြန်ဆုံးလက်ခံဖို့ မြန်မာ
စစ်အစိုးရကို တောင်းဆိုပါတယ်။ မြန်မြန်ဆန်ဆန်လုပ်ဖို့က မလုပ်မဖြစ် လုပ်ရမယ့်
ကိစ္စပါ။” လို့ ဂျပန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်က ပြောဆိုလိုက်တာပါ။

ဒီလို တိုက်တွန်းတောင်းဆိုမှုတွေနဲ့အတူ မြန်မာစစ်အစိုးရက အခုလို ဒုက္ခရောက်နေသူ
တွေကို ကူညီဖို့အရေး နှောင့်နှေးနေတဲ့ကိစ္စတွေ ရှိနေတဲ့အပေါ် ဒီထက်ပိုပြီး ထိထိ ရောက်ရောက်ကိုင်တွယ်ဖို့ ပြောဆိုနေတာကတော့ ပြင်သစ်နိုင်ငံဖြစ်ပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ ဒီလောက်ကြီးမားတဲ့ ကပ်ဆိုးကြီးကို တယောက်ထဲ ဖြေရှင်း နိုင်တာမဟုတ်တာမို့ နိုင်ငံတကာရဲ့ အကူအညီတွေကို လက်ခံမှဖြစ်မယ်လို့ ပြင်သစ်
နိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်က ပြောဆိုလိုက်တာပါ။

“အကူအညီတွေအားလုံး ပေးအပ်နိုင်ဖို့အတွက် ကျနော်တို့အားလုံး စုစည်းဆောင်ရွက်
ရမယ့် တာဝန်ရှိပါတယ်။ ဒီသတင်းစကားကိုလည်း နောက်ပိုင်းကျရင် ကျနော်
လုံခြုံရေးကောင်စီမှာ တင်ပြသွားဦးမှာပါ။ မြန်မာပြည်သူတွေ အကျိုးခံစားနိုင်ဖို့
အတွက်လည်း ဒီတာဝန်တွေကို အားလုံးစုပေါင်းလုပ်ကိုင်နိုင်အောင် ပြင်သစ်က ဆောင်ရွက်သွားမှာပါ။”

မြန်မာနိုင်ငံက လေမုန်တိုင်းဒဏ်ခံရတဲ့ အခြေအနေဆိုးတွေ၊ နောက်ဆက်တွဲ ပြဿနာ
တွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာတာနဲ့အမျှ မြန်မာနိုင်ငံ
အတွက် အရေးပေါ်အကူအညီ ကမ်းလှမ်းချက်တွေကလည်း တဖွဲဖွဲထွက်ပေါ်လာနေ
တာပါ။ အခုနောက်ဆုံး နိုင်ငံတကာက အရေးပေါ်အကူအညီအဖြစ် ကမ်းလှမ်းထား
တာဟာဆိုရင် အမေရိကန်ဒေါ်လာ ၇၇ သန်းလောက် ရှိနေပြီလို့လည်း ကုလသမဂ္ဂက ခန့်မှန်းထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG