နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံစားခဲ့ကြရတဲ့ ဒုက္ခသည် တသန်းခွဲတို့ရဲ့ဘ၀တွေဟာ အင်မတန် ကြီးမားတဲ့ လူသားဘေးဒုက္ခအန္တရာယ်ကြီး ရင်ဆိုင်ရမယ့် အလား အလာနဲ့ ကြုံနေရတယ်လို့ အစိုးရ မဟုတ်တဲ့ နိုင်ငံတကာ ကူညီကယ်ဆယ် ရေးအဖွဲ့တွေက သတိပေး လိုက်ကြပါ တယ်။ ဒါ့ကြောင့်မို့ နိုင်ငံတကာက ကူညီကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ကျွမ်းကျင်သူတွေ အပေါ် ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်ချက်တွေကို ဖယ်ရှားပေးပါလို့ ဒီအဖွဲ့တွေက ထပ်ခါတလဲလဲ တောင်းဆိုနေကြတာပါ။
ကန့်သတ်ချက်တွေ ဖယ်ရှားပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုချက်တွေကို ဒီကနေ့ ဘန်ကောက်မြို့၊ နိုင်ငံခြား သတင်းထောက်များအသင်းမှာ ပြုလုပ် တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့ Oxfam ရဲ့ တာဝန်ရှိသူ တဦး က ပြောကြားခဲ့တာပါ။
အခုကြုံရမယ့် ဘေးဒုက္ခဟာ တကယ့်ကို ကြီးမားလှပါတယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် Oxfam International အဖွဲ့ရဲ့ အရှေ့အာရှ ဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စ ဆာရာ အိုင်ရာလန် (Ms. Sarah Ireland) ပြောသွားပါတယ်။ ရေအလုံအလောက်မရတာ၊ သန့်ရှင်း ရေးအားနည်းတာ၊ နောက် သီတင်းပတ်မှာ မိုးကြီးရွာဦးမယ်လို့ ခန့်မှန်းထားတာ၊ အစားအစာ အလုံအလောက်မရှိတာအပြင် ကာလ၀မ်းရောဂါလို ရောဂါမျိုးတွေ ဖြစ်ပွားလာနိုင်ခြေဟာ လူ တသန်းခွဲလောက်တို့ရဲ့ ဘ၀တွေကို အကြီးအကျယ် ခြိမ်းခြောက် နေပါတယ်တဲ့။
“မလိုလားအပ်တဲ့ သေဆုံးမှုနဲ့ ရောဂါခံစားရမှုတွေ ဖြစ်မလာဖို့အတွက် လူတွေအနေနဲ့ သန့်ရှင်းတဲ့ ရေအရင်းအမြစ်တွေရဖို့၊ သန့်ရှင်းတဲ့အခြေအနေရဖို့ အရမ်းကို အရေးကြီးနေပါကြောင်း၊ အင်မတန့်ကို ကြီးမားတဲ့ပမာဏနဲ့ ကူညီကယ်တင်ရေးလုပ်ငန်းတွေ လုပ်ဖို့လိုနေတယ် ဆိုတာကို လည်း သိထားပါကြောင်း၊ ပါကစ္စတန်မှာလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ပမာဏလောက်ကို ပြောနေတာ ဖြစ်ပါကြောင်း၊ ထိရောက်တဲ့တုန့်ပြန်မှုတွေ လုပ်ဆောင်နိုင်ဖို့ရာ လူသားချင်း စာနာမှု ဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်သူအားလုံးကို လိုအပ်နေပါကြောင်း မစ္စဆာရာက ပြောပါတယ်။
ဒီအတွက် Oxfam အနေနဲ့ မေတ္တာရပ်ခံချက်ကိုလည်း သူက ဆက်ပြောသွားပါတယ်။
“Oxfam အဖွဲ့အနေနဲ့ တောင်းခံနေတာက ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ထားတာတွေကို ရုပ်သိမ်းပေး ပါ၊ ဒါမှသာ နိုင်ငံတကာ ကူညီ ကယ်ဆယ်ရေးအဖွဲ့အစည်းတွေကလိုအပ်တဲ့ ၀န်ထမ်းတွေနဲ့ လူသားချင်း စာနာမှုဆိုင်ရာ တခြားသော ကျွမ်းကျင်သူတွေအနေနဲ့ တိုင်းပြည်တွင်းမှာ လွတ်လွတ် လပ်လပ် လုပ်ကိုင်နိုင်ကြမှာပါ။ Oxfam လို နိုင်ငံတကာအဖွဲ့အစည်းတွေအတွက် တိုင်းပြည်ထဲမှာ လည်ပတ်လုပ်ဆောင်နိုင်မယ့် ယာယီ လိုင်စင်တွေချပေးဖို့လည်း မြန်မာအစိုးရကို တောင်းဆို နေပါတယ်။” လို့ မစ္စဆာရာက ပြောခဲ့ပါတယ်။
ဘာ့ကြောင့် အခုလို တင်ပြ တောင်းဆိုထားရတာလဲဆိုတော့ Oxfam ဟာ အရေးပေါ် ကူညီ ကယ်ဆယ်ရမယ့် အခြေအနေတွေ မှာ ဘေးကင်းတဲ့ရေနဲ့ သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းတွေမှာ နိုင်ငံတကာ ထိပ်တန်းအဖွဲ့အစည်းတခုဖြစ်တဲ့အတွက် ဒီကိစ္စတွေမှာ ကျွမ်းကျင်မှု အပြည့်ရှိတာ ကြောင့်ဖြစ်ပါတယ်လို့ ဆိုပါတယ်။
ဒုက္ခသည်တွေအတွက် အကူအညီတွေ မြန်မာနိုင်ငံထဲကို တနေ့တခြား ပိုပိုပြီး ၀င်ရောက် လာနေ ပေမယ့် အများကြီး လိုအပ်နေဆဲ ပါ။ ဒါ့အပြင် တကယ့်ဒုက္ခသည်တွေလက်ထဲ ဒီအကူအညီတွေ အမှန်တကယ် ရောက်သွားဖို့ကိစ္စဟာလည်း အများက စိုးရိမ်နေကြ တဲ့ကိစ္စတခုပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာပဲ မြန်မာအာဏာပိုင်တွေဟာ နိုင်ငံတကာကပေးတဲ့အကူအညီတွေကို ဒုက္ခသည် တွေဆီ ပေးအပ်ရာမှာ အမှန်တကယ်ပေးအပ်ခဲ့တဲ့ အဖွဲ့အစည်း၊ နိုင်ငံရဲ့အမည်ထက် စစ်ဗိုလ်ချုပ် တွေရဲ့နာမည်တွေကို စာလုံးကြီးတွေနဲ့ ဖော်ပြထားတာ၊ ထိပ်တန်းဗိုလ်ချုပ်ကြီးတွေက အကူအညီတွေ ပေးပြီး ပြန်သွားပြီးတဲ့နောက် ဒေသအာဏာပိုင်တွေက အဲဒီ အကူအညီတွေကို ပြန်သိမ်းသွားတာ စတဲ့ သတင်းတွေက ထွက်နေခဲ့တာကြောင့်လည်း ဒီစိုးရိမ်မှုတွေဖြစ်နေကြတာပါ။
ဒါနဲ့ပတ်သက်ပြီး Oxfam International အဖွဲ့က မစ္စ ဆာရာ အိုင်ရာလန်နဲ့ World Vision အဖွဲ့က ညွှန်ကြားရေးမှူးတဦးဖြစ်သူ မစ္စတာ ဆမ်ဆန် ဂျေယာကူးမားတို့ကို ဗွီအိုအေမြန်မာပိုင်းက မေးမြန်းခဲ့ပါတယ်။
“ယေဘုယျသဘောလောက် မိမိနားလည်တာကတော့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP လို ကုလသမဂ္ဂ အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ အကူအညီတွေကို သူတို့ကိုယ်တိုင် ပေးအပ်နေနိုင်ပါကြောင်း၊ မိမိတို့နဲ့ တွဲဘက်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေဟာလည်း အကူအညီတွေကို သူတို့ကိုယ်တိုင် ဝေပေးနေ နိုင်တယ်လို့ မိမိနားလည်ပါကြောင်း Oxfam အဖွဲ့က မစ္စဆာရာက ဖြေပါတယ်။ World Vision အဖွဲ့က မစ္စတာ ဆမ်ဆန် ဂျေယာကူးမားကလည်း -
“World Vision ဟာ အကူအညီတွေကို တိုက်ရိုက်ပေးနေပါတယ်။ ခုချိန်ထိတော့ အဲဒီလို အခြေအနေ မျိုး ကျနော်တို့ မကြုံဖူးသေး ပါဘူး။ ကျနော်တို့ဟာ ခုချိန်မှာ ဒေသတွင်း အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတာပါ။ ဒါ့ကြောင့် အကူအညီတွေကို ကျနော်တို့ တိုက်ရိုက်ဖြန့်ဝေ ပေးနေ ပါတယ်။” လို့ ဖြေခဲ့ပါတယ်။
Oxfam International အဖွဲ့ဟာ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၃ ဖွဲ့စုစည်းထားတဲ့ အဖွဲ့တခုဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ဆင်းရဲမွဲတေမှုနဲ့ တရားမမျှတမှုတို့အတွက် အဖြေရှာ လုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ World Vision ကတော့ မြန်မာနိုင်ငံထဲမှာ စပြီး လုပ်ငန်း လုပ်ဆောင်ခဲ့တာ ၁၉၅၈ ခုနှစ်ကတည်းကဖြစ်ပြီး မုန်တိုင်းတိုက်ခတ်ပြီးတဲ့နောက် အကူအညီပေးဖို့ မြန်မာစစ်အစိုးရက ဖိတ်ခေါ်ခဲ့တဲ့ နိုင်ငံတကာအဖွဲ့အစည်းသုံးဖွဲ့ထဲက တဖွဲ့ပါ။
တနင်္လာနေ့မှာတော့ C-130 အမေရိကန်စစ်လေယာဉ်တစင်းအပြည့် အကူအညီတွေ မြန်မာနိုင်ငံကို ထပ်ရောက်ဖို့ရှိနေပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း ဆူရာယုဒ် ချူလာနွန့်နဲ့ အဖွဲ့ဝင် ခြောက်ယောက် ပါ ကိုယ်စားလှယ်အဖွဲ့တဖွဲ့လည်း မြန်မာနိုင်ငံကို သွား ရောက်ကြပါမယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က တော့ နိုင်ငံတကာအကူအညီတွေနဲ့ ကျွမ်းကျင်သူတွေကို လက်ခံရေး မြန်မာအစိုးရကို စည်းရုံး ဆွဲဆောင်ဖို့ ဖြစ်တယ်လို့ ထိုင်းနိုင်ငံထုတ် သတင်းစာတွေမှာ ဖော်ပြကြပါတယ်။
နိုင်ငံတကာက ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ သဘောထားကတော့ မြန်မာနိုင်ငံက အခု အခြေအနေကို နိုင်ငံရေးမပါ၊ လူသား ချင်းစာနာမှုဆိုင်ရာ ရှုထောင့်သက်သက်ကပဲ ကြည့်မြင်လို ကြပြီး ဒုက္ခရောက်နေသူတွေကို ကူညီ ကယ်ဆယ်နိုင်ရေးပဲ ပြောဆိုလို ကြပါတယ်။ ဒါပေမယ့် မြန်မာ စစ်အစိုးရကတော့ ဒုက္ခသည်တွေကြားထဲမှာပဲ အခြေခံဥပဒေမူကြမ်း လူထုဆန္ဒခံယူပွဲ လုပ်ခဲ့ပြီး ဖြစ် ပါတယ် ခင်ဗျား။