သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အနုပညာရှင်များကူညီနေ


ဆိုင်ကလုန်းမုန်တိုင်း ဘေးဒဏ်သင့်ခံခဲ့ရတဲ့ မြန်မာနိုင်ငံသား တွေအတွက် ကယ်ဆယ်ရေး အကူအညီ တွေပေးဖို့ လုပ်ကိုင်ရာမှာ အနုပညာလောကသား အများအပြားလည်း တက်ကြွစွာ နဲ့ ပါဝင် ကူညီနေကြပါပြီ။

လေမုန်တိုင်းဒဏ် ကြောင့် အတိဒုက္ခရောက်ကျရသူတွေ အတွက် စားဝတ်နေရေး ကျန်းမာရေး အတွက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာ နေကြတာလည်း ဖြစ်ပါတယ်။ အနုပညာရှင်တွေရဲ့ အလှူဒါန အကြောင်း ကိုအောင်လွင်ဦးက တင်ပြပေးပါတယ်။

ဆိုင်ကလုန်း လေမုန်တိုင်းဒဏ်ခံခဲ့ရသူတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို နိုင်ငံတကာ အတိုင်း အတာနဲ့ ဝိုင်းဝန်းကူညီဖို့ မဖြစ်နိုင်သေးတဲ့ အချိန်မှာ အနုပညာရှင်တွေက အခုလို စေတနာ့ဝန်ထမ်းဒုက္ခရောက်နေသူတွေကို ကူညီနေကြတာပါ။ လေမုန်တိုင်းဘေးဒဏ်သင့်သူတွေရဲ့ အခြေခံ လိုအပ်ချက်တွေအတွက် တတ်အားသရွေ့ အခုလို ဝိုင်းဝန်းဆောင်ရွက်နေကြတဲ့အကြောင်း ဒီလို တက်တက်ကြွကြွနဲ့ ဆောင်ရွက်နေသူတွေထဲက တဦးဖြစ်တဲ့ နိုင်ငံကျော် လူရွှင်တော် ဇာဂနာ က အခုလို ပြောပြပါတယ်။

“နီးစပ်ရာ အနုပညာရှင်တွေ၊ စာပေပညာရှင်တွေကို ကျွန်တော်တို့ အကုန်လုံး စုတယ်။ ဂီတပညာရှင်တွေကတော့ ကျွန်တော်တို့နဲ့ အဆက်အသွယ်မရတာနဲ့ လောလောဆယ်ကတော့ အရေးကြီးနေတော့ လိုက်ပြီးတော့ မဆက်သွယ်နိုင်သေးဘူး။ ရုပ်ရှင်ဘက်က လူကတော့ များတာပေါ့နော်။ ကိုကျော်သူရှိတယ်၊ ကျွန်တော်ပါတယ်၊ လွင်မိုးပါတယ်၊ လူမင်းပါတယ်၊ အိန္ဒာကျော်ဇင်ပါတယ်၊ မျိုးစန္ဒီကျော်ပါတယ်၊ နေတိုး၊ ခန့်စည်သူ၊ မိုက်တီး ဒါရိုက်တာ၊ ဦးအောင်လွင်၊ ညောင်ညောင်၊ ငှက်ပြောကျော်၊ မေသန်းနုတို့ပါတယ်။ နောက် ဝေဠုကျော်ပါတယ်။ သူကတော့ တော်တော် ပင်ပန်းရှာပါတယ်။ သူကိုယ်တိုင် မော်တော်ကားနဲ့ မောင်းပြီးတော့၊ သူကိုယ်တိုင် ဆန်ပြုတ်ကျိုပြီးတော့ ရွာတွေထဲကို သူကိုယ်တိုင် လိုက်တိုက်တယ်။ နောက်ထပ်လည်း လူတွေက သူတို့လည်း ပါပါရစေဆိုပြီး ကျွန်တော်တို့နဲ့ ကမ်းလှမ်းထားကြတယ်။ ကျွန်တော်တို့က လူစုပြီးတော့ လုပ်နေကြတာပေါ့။ အခုလည်း ကျော်ရဲအောင်တို့လည်း ပစ္စည်းတွေကို လာပို့ပါပြီ၊ စိုးမြတ်သူဇာတို့၊ စိုးမြတ်နန္ဒာတို့ ညီအမတွေလည်း ဆန်အိတ်တွေနဲ့ ဝယ်လာပြီး ပို့မယ်လို့ အကြောင်းကြားပါတယ်။ သူတို့ကိုယ်တိုင် လူတွေကြားထဲကို ကိုယ်တိုင် ဆင်းပြီး ဝေတော့ ပိုကောင်းတာပေါ့။”

အခုဆိုရင် လေမုန်တိုင်းဒဏ်ခံရတဲ့ နောက်ဆက်တွဲအဖြစ် စားဝတ်နေရေး ကျန်းမာရေး ပြဿနာတွေ ရှိလာနေတယ်လို့လည်း ကိုဇာဂနာ ကပြောပါတယ်။ ဒါကြောင့်မို့လို့ ဒီလို ဒုက္ခရောက်နေကြသူတွေ အတွက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်မယ့် အလှူရှင် အနုပညာသည်တွေအပြင် တခြားစေတနာ့ဝန်ထမ်း အကူအညီပေးမယ့်သူတွေလည်း တနေ့ထက်တနေ့ ပိုပြီးများလာနေတယ်လို့ိလည်း ဆိုပါတယ်။

“ တကယ်ဒုက္ခရောက်တဲ့သူတွေရဲ့ လက်ထဲကို ရောက်အောင် ကျွန်တော်တို့ စီစဉ်ပြီး ဝိုင်းလုပ်ကြ တာပေါ့။ ကျွန်တော်တို့က သူများ လှူတဲ့ ပစ္စည်းကို ကြားထဲကနေ ဖြတ်စားနပ်စားလုပ်ပြီးတော့ လုပ်တာမဟုတ်တဲ့အတွက်တော့ ဝမ်းသားတယ်လေ။ စေတနာလည်း သန့်တယ်။ ကျွန်တော်တို့ စေတနာလည်း အကျိုးပေးပါတယ်။ တချို့ကတော့ လာပြီးတော့ သူတို့ဆီကနေ တဆင့်လှူပါ၊ သူတို့မှ လှူတဲ့ အလုပ်တွေကို သူတို့ပဲ လုပ်ပါရစေဆိုပြီး လာပြောတဲ့ သူတွေလည်း ရှိတယ်။ ကျွန်တော်တို့ကတော့ တကယ် ဒုက္ခရောက်တဲ့ သူတွေထဲကို လှူချင်တဲ့အတွက် ကျွန်တော်တို့ အနုပညာရှင်တွေကို စုကြတယ်။ စုပြီးတော့ ညီအစ်ကို မောင်နှမတွေ တိုင်ပင်တယ်။ ဘာလုပ်ရင် ကောင်းမလဲ၊ အဝတ်အစား၊ ဆေး၊ ဒီနေ့ဆိုရင် ရေကတ်လို့ ခေါ်တဲ့ ရေသန့်နဲ့ဆေး၊ ဘာဖြစ်လို့လည်းဆိုတော့ ဝမ်းပျက်တဲ့ ရောဂါတွေ စဖြစ်လာပြီ၊ ဆေးဝါးက တော်တော် အခက်အခဲ လိုနေတယ်။ နောက် ဘာမှန်းမသိတဲ့ ယားနာဖုတွေ အရမ်းပေါက်ကြတယ်။ အဲဒါကတော့ ကျွန်တော်တို့ ရေကြောင့်လို့ ထင်တယ်။ ကလေးတွေလည်း ဖြစ်တယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ဒီနေ့လိုက်အကူအညီတောင်းတာက ဆရာဝန်တွေနဲ့ ဆေးပစ္စည်းတွေကို တောင်းတဲ့အခါကျတော့၊ ဆရာဝန်တွေ အားလုံးက အကုန်လုံး အကူအညီတောင်းခံရတဲ့သူ ၁၁ယောက်ရှိတယ်။ ၁၁ယောက်လုံး ပျော်ပျော်ရွှင်ရွှင်ပဲ ဝမ်းပန်းတသာနဲ့ သူတို့ ကူညီပါ့မယ်လို့ ပြောတယ်။ နောက်ပြီးတော့ ဆေးဝါးလည်း မနက်ဖြန်ဆိုရင် တော်တော်ကို စုံစုံလင်လင် ရလောက်ပါတယ်။ ကျွန်တော်တို့က မိုဘိုင်းယူနစ်သဘောမျိုး လုပ်ပြီးတော့ မော်တော်ကားနဲ့ ဆေးလိုက်ကုဖို့ မနက်ဖြန် ကွန်းခြံကုန်း၊ ဒေးဒရဲ၊ တွံတေးတို့ကို လှည့်ပြီးတော့ ဆေးကုမယ်။ အစားအသောက်လဲ ဝေမယ်။ ကိုယ်ထိလက်ရောက် လက်ထဲရောက်အောင် အဝတ်အစားလည်း ပေးမယ်ဆိုပြီးတော့ အခု ကိုလွင်မိုးတို့လည်း မိုးကာအင်္ကျီတွေနဲ့ မိုးကားတဲတွေကို စုဆောင်းနေပါတယ်။ အခု အဲဒီ ပစ္စည်းတွေကို ကားပေါ်ကနေ အတင်အချလုပ်နေကြတာပါ။”

ဒီလို အကူအညီပေးလိုသူတွေ တိုးပွားလာနေတယ် ဆိုပေမဲ့လည်း ဒုက္ခရောက်နေကြရသူ တွေအတွက်ကတော့ အကူအညီတွေက လိုအပ်နေဆဲဖြစ်တာမို့ ဒီထက်ပိုပြီး လူလူချင်းစာနာ ထောက်ထားတဲ့ ကူညီမှုမျိုးတွေ လိုနေပါသေးတယ်လို့လည်း လူရွှင်တော် ဇာဂနာ က ပြောပါတယ်။

“ရှိသမျှ အနုပညာရှင်တွေ အားလုံး ခဏခဏ ပြောပါတယ်။ ပြည်သူတွေဟာ ကျေးဇူးရှင်ပါ။ ထမင်းရှင်ပါဆိုပြီး မျက်ရည်တွေ၊ မျက်းချေးတွေနဲ့ စင်ပေါ်တွေကလည်း ပြောနေကြတဲ့ အနုပညာရှင်တွေလည်း တပုံကြီးရှိတာပဲ။ အဲဒီ အနုပညာရှင်တွေ အားလုံးက အခုချိန်မှာ တကယ် ဒုက္ခရောက်နေကြတဲ့ သူတွေအများကြီးပါ။ သူတို့ကို ကိုယ့်အိတ်ထောင်လေးတွေကနေ ပိုက်ဆံလေးတွေ၊ နှစ်ရာတန် အစုတ်ကလေးတွေကို ရုံမှာ လာလာပေးပြီးတော့ ကြည့်နေကြတဲ့ သူတို့ရဲ့ ပြည်သူတွေ ငတ်ပြတ်နေတဲ့အချိန်မှာ အိမ်မှာရှိတဲ့ ပိုက်ဆံလေးတွေ၊ သူတို့အိမ်မှာရှိတဲ့ အင်္ကျီလေးတွေတောင် ပြည်သူတွေကို မလှူဒါန်းနိုင်ဘူးလား။ လှူဒါန်းကြပါဦးလို့ အနုပညာသည်များ တခြားပြည်သူတွေကိုလည်း ပြောချင်ပါတယ်။ ရန်ကုန်တို့ တချို့နေရာမှာ ဘာမဟုတ် ညာမဟုတ်နဲ့ တွေ့နေကြတဲ့ အရက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေမှာ ပြုံခဲနေကြတဲ့ သူတွေ သူတို့ သောက်မဲ့ ဘီယာ တစ်လုံးအတွက် နှစ်ထောင်ကျတယ်ဆိုရင် အဲဒီပိုက်ဆံလေး နှစ်ထောင်က ဒီဘက်မှာ လူဆယ်ယောက်အတွက် ဆန်ပြုတ်ဖြစ်ပါတယ်။ အဲဒီလူတွေလည်း လူလူချင်းစာနာမှုနဲ့ နဲနဲလေး လည်း ကြည့်ကြပါဦး၊ ပြောမှ သိတဲ့ အဖြစ်လည်း မဖြစ်စေချင်ဘူး။ ထိမှနာတဲ့ အဖြစ်မျိုးလည်း မဖြစ်ကြစေချင်ပါဘူး။ ကိုယ်ထိမှ ကိုယ်နာရကောင်းမှန်း မဖြစ်ကြပါနဲ့၊ သူများထိလည်း နာရကောင်း မှန်း သိကြပါလို့ ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်။ "

လေမုန်တိုင်း ဘေးဒဏ်သင့်သူတွေအတွက် စေတနာ့ဝန်ထမ်း လိုက်ပါကူညီပေးနေသူတွေထဲက တဦးဖြစ်တဲ့ နိုင်ငံကျော် လူရွှင်တော် ဇာဂနာ ပြောပြသွားတာဖြစ်ပါတယ်ခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG