Down To The Wire
အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အခု နောက်ဆုံးအခြေအနေမှာ ဒီမိုကရက်ပါတီက သမ္မတကိုယ်စားလှယ် လောင်းအဖြစ် ၀င်ရောက်ရွေးချယ်ခံနိုင်ရေး အတွက် အထက်လွှတ်တော်အမတ် ဟီလာရီ ကလင်တန် နဲ့ အထက်လွှတ်တော်အမတ် ဘားရက်ခ် အိုဘားမား တို့ အကြိတ်အနယ် ယှဉ်ပြိုင်နေကြတာ သောတရှင်များ အသိဖြစ်ပါတယ်။
မေလ ၆ ရက်နေ့ကျ အင်ဒီးယားနားပြည်နယ်နဲ့ မြောက်ကာရိုလိုင်းနား ပြည်နယ်တို့မှာ ကျင်းပမယ့် ပဏာမရွေးကောက်ပွဲတွေ အတွက်လည်း သူတို့နှစ်ဦး အကြိတ်အနယ် ကြိုးပမ်းနေကြပါတယ်။
ဒီမိုကရက်ပါတီ ညီလာခံတွေကတော့ ဇွန်လ ၆ ရက်နေ့ ပြီးဆုံးမှာဖြစ်ပြီး သြဂုတ်လ ပထမပိုင်းမှာ ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်းကို ပါတီရဲ့ ညီလာခံမှာ ကြေညာဖို့ရှိပါတယ်။ ကလင်တန်နဲ့ အိုဘားမားနှစ်ဦးတို့ မဲဆွယ် လှုပ်ရှားမှုဟာ အခုတော့ တဖက်နဲ့တဖက် ဝေဖန်ပြောဆိုမှုတွေ တိုးလာတဲ့အတွက်လည်း တချို့ ဒီမိုကရက်တွေက ပါတီရဲ့ ညီညွတ်ရေးကို ထိခိုက်စေပြီး ရီပတ်ပလစ်ကန်ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်းဖြစ်ဖို့ ကျိမ်းသေနေတဲ့ ဂျွန်မက်ကိန်း () ကို အနိုင်ရဖို့ တနည်းအားဖြင့် အကျိုးပြုနေတယ်လို့လည်း ဝေဖန်ပြောဆိုသံတွေ ရှိခဲ့ပါတယ်။
ဒါကြောင့် တချို့က ဟီလာရီ ကလင်တန် ကို အလျှော့ပေးဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်ခဲ့ပေမဲ့ အခုပုံအတိုင်း ကြည့်ရတာကတော့ နောက်ဆုံးအခြေအနေထိ ဘယ်သူကမှ အရှုံးမပေးဘဲ ဆက်ပြီး ယှဉ်ပြိုင်သွားမယ့်သဘောရှိပါတယ်။ ဒီလို နောက်ဆုံးအခြေအနေအထိ ဆက်ပြီးတော့ အဖြေမထွက်နိုင်ပဲနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်တဲ့အခြေအနေမျိုးကို အီဒီယမ်သဘောအရ Down To The Wire ဆိုပြီး ရည်ညွှန်းပြောဆိုလို့ရပါတယ်။
စာလုံးပေါင်းက Down အောက်မှာ၊ To The Wire ကတော့ ၀ါယာကြိုးတန်းအထိလို့ အဓိပ္ပါယ်ရပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ မြင်းပြိုင်ပွဲကပါ။ ပြိုင်မြင်းတွေက တကောင်နဲ့တကောင်ကပ်ပြီး အကြိတ်အနယ် ပြေးကြတဲ့အခါ ဘယ်မြင်းက ပန်းဝင်နိုင်မယ်ဆိုတာကို ကြိုမသိနိုင်တဲ့သဘော ဖြစ်ပါတယ်။ အထူးသဖြင့် ပန်းဝင်တဲ့ ကြိုးတန်းကို ဖြတ်မှပဲ ဘယ်မြင်းနိုင်တယ်ဆိုတာကို အဖြေသိလာတဲ့အခြေအနေပါ။
ဒါကြောင့် အီဒီယမ်အဓိပ္ပါယ်ကတော့ နောက်ဆုံးအချိန်ရောက်တဲ့အထိ ကြိုးပမ်းလုပ်ဆောင်တာ၊ နောက်ဆုံးအချိန်ထိတောင်မှ အဖြေမထွက်နိုင်တဲ့ အခြေအနေမျိုးကို ဆိုလိုတာဖြစ်ပါတယ်။
ဒီအသုံးနဲ့ပတ်သက်လို့ ဂျော့ရှ် ဂရိုး George Grow ပေးတဲ့ ဥပမာကို နားဆင်ကြည့်ကြရအောင်။
“The election was so closed it when down to the wire and was decided by a court.”
ရွေးကောက်ပွဲက သိပ်ကို အကြိတ်အနယ်ပါပဲ။ နောက်ဆုံးအချိန်ထိအောင် အဖြေမထွက်နိုင်သေးတဲ့အတွက်ကြောင့် တရားရုံးတော်ကနေ အဆုံးအဖြတ် ပေးခဲ့ရတယ်လေလို့ အဓိပ္ပါယ်ရပါတယ်။
A Cliff Hanger
ဒုတိယတင်ပြမယ့် အီဒီယမ်အသုံးကတော့ A Cliff Hanger ဆိုတာပဲဖြစ်ပါတယ်။
စာလုံးပေါင်းက A တခု၊ Cliff တောင်စောင်း၊ Hanger က တွဲလောင်းကျနေတာလို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် စာပိုဒ်တခုလုံးရဲ့ အဓိပ္ပါယ်ကတော့ - တောင်စောင်းမှာ တွဲလောင်းကျနေတဲ့ ဖြစ်ရပ်ပေါ့ရှင်။
တောင်စောင်းမှာ တွဲလောင်းခိုနေရတဲ့ အနေအထားမျိုးဆိုရင် ဘယ်လောက် သည်းထိတ်ရင်ဖိုဖြစ်မယ်ဆိုတာကို သောတရှင်များ စဉ်းစားကြည့်နိုင်ပါတယ်။ ဒါကြောင့်မို့လည်း ဒီအသုံးက သည်းထိတ်ရင်ဖို ဖြစ်ရမယ့်အခြေအနေမျိုးကို ရည်ညွှန်းအသုံးပြုပါတယ်။
ရွေးကောက်ပွဲမှာဆိုရင်လည်း ဘယ်သူနိုင်မယ်၊ ရှုံးမယ်ဆိုတာ မသိဘဲ နောက်ဆုံးအခြေအနေအထိ ရင်တမမနဲ့ စောင့်နေရတဲ့ အခြေအနေမျိုးပေါ့ရှင်။ ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို နားဆင်ကြည့်ကြရအောင်။
“The Indiana Democratic primary will be a cliff hanger for both candidates. We are not sure who will win as both Senator Clinton and Obama have campaign hard.”
အင်ဒီယားနားပြည်နယ်မှာ ကျင်းပမယ့် ဒီမိုကရက် ပဏာမရွေးကောက်ပွဲ ကတော့ ကိုယ်စားလှယ်နှစ်ဦးစလုံးအတွက် သည်းထိတ်ရင်ဖို ဖြစ်စရာပါ။ အထက်လွှတ်တော်အမတ် နှစ်ဦးတို့ဖြစ်ကြတဲ့ ကလင်တန်ရော အိုဘားမားပါ အဲဒီမှာ အကြိတ်အနယ် မဲဆွယ်လှုပ်ရှားနေကြတာမို့ ဘယ်သူနိုင်မယ် ရှုံးမယ်ဆိုတာ ကျနော်တို့ သေချာပေါက် မသိနိုင်သေးပါဘူးလို့ အဓိပ္ပါယ်ရပါတယ်။
Swing Voter
နောက်ဆုံးတင်ပြပေးမှာကတော့ - Voter ဖြစ်ပါတယ်။
စာလုံးပေါင်းက Swing က တဖက်နဲ့တဖက် လွှဲတာ၊ Voter ကတော့ မဲဆန္ဒရှင်ဆိုတော့ စကားပိုဒ်တခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လွှဲတတ်တဲ့ မဲဆန္ဒရှင်ပေါ့ရှင်။
အီဒီယမ်အဓိပ္ပါယ်ကတော့ အထူးသဖြင့် အမေရိကန်နိုင်ငံရေးလောကမှာ အဓိကနိုင်ငံရေးပါတီကြီးနှစ်ရပ်တို့ဖြစ်ကြတဲ့ ရီပတ်ပလစ်ကန် နဲ့ ဒီမိုကရက်တို့ ရှိရာမှာ ရှေးရိုးစွဲသမားတွေအများစုကတော့ ရီပတ်ပလစ်ကန်တွေ ဖြစ်ကြပြီး ခေတ်ရှေ့ပြေးတဲ့ အမြင်ပွင့်လင်းတဲ့သူတွေအများစုကတော့ ဒီမိုကရက်တွေ ဖြစ်ကြပါတယ်။
ဒါပေမဲ့လို့ ရီပတ်ပလစ်ကန်လည်းမဟုတ်၊ ဒီမိုကရက်လည်း မဟုတ်တဲ့ ပါတီစွဲမရှိပဲနဲ့ ကိုယ်ကြိုက်တဲ့ပုဂ္ဂိုလ်ကို ကြိုက်သလို မဲပေးတဲ့သူတွေလည်း ရှိပါတယ်။ သူတို့တတွေရဲ့ မဲတွေဟာလည်း တခါတရံတော့ အနိုင်အရှုံးမှာ သွားပြီး အဆုံးအဖြတ် ပေးနိုင်တဲ့အတွက်ကြောင့်လည်း ဒီ Swing Voter တွေရဲ့ မဲဟာ အရေးကြီးလှတယ်လို့ ဆိုနိုင်ပါတယ်။
ဥပမာ - ၁၉၈၀ ခုနှစ်တုန်းကဆိုရင် သမ္မတ ရော်နယ်ရေဂင် လက်ထက်က သူ့ကို မဲပေးခဲ့ကြတဲ့ ဒီမိုကရက်တွေရှိသလို၊ သမ္မတ ဘေလ် ကလင်တန် လက်ထက် ကလည်း သူ့ကို မဲပေးခဲ့ကြတဲ့ ရီပတ်ပလစ်ကန်တွေ ရှိခဲ့တာမို့ သူတို့တွေဟာ Swing Voter တွေ တနည်းအားဖြင့် ဘက်ပြောင်းတဲ့ မဲဆန္ဒရှင်တွေပေါ့ရှင်။
Swing Voter ဆိုတဲ့ ဘက်ပြောင်းမဲဆန္ဒရှင်တွေရှိသလို အမေရိကန်ပြည်နယ်ရဲ့ ၅၀ အနက် တချို့ပြည်နယ်တွေမှာလည်း ဘက်ပြောင်းနိုင်တဲ့ ပြည်နယ်တွေရှိပါတယ်။ ဥပမာအားဖြင့် ပန်ဆာဗေးနီးယား၊ အိုဟိုင်းအိုး၊ ဖလော်ရေဒါပြည်နယ်တို့ကိုဆိုလို့ရှိရင် Swing States လို့ ရည်ညွှန်းပြောနိုင်ပါတယ်။
Swing Voter နဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာ ကို နားဆင်ကြည့်ကြရအောင်။
“In a country where many voters identify with the particular political party swing voters those who do not have a strong party loyalty often take central state in an election year.”
မဲဆန္ဒရှင်တွေက နိုင်ငံရေးပါတီတခုခုကို ထောက်ခံကြလေ့ရှိတဲ့ နိုင်ငံတနိုင်ငံမှာ ဘက်ပြောင်းမဲဆန္ဒရှင်တွေဖြစ်ကြတဲ့ ဘယ်ပါတီအပေါ်မှာမှ အထူးတလည် ထောက်ခံမှု ပြင်းပြင်းထန်ထန် မရှိကြတဲ့သူတွေဟာ ရွေးကောက်ပွဲနှစ်မှာဆို အထူးအရေးပေး ခံကြရတယ်လေလို့ အဓိပ္ပါယ်ရပါတယ်။
ဒီကနေ့ တင်ပြခဲ့တဲ့ အီဒီယမ်အသုံးတွေကတော့ Down to the wire, A cliff hanger, Swing voter တို့ ဖြစ်ကြပါတယ်။ နောက်သီတင်းပတ် အခုလို အချိန်မျိုးမှာလည်း ရွေးကောက်ပွဲတွေနဲ့ ပတ်သက်တဲ့ အီဒီယမ်အသုံးတွေကို တင်ပြပေးဦးမှာမို့ စောင့်မျှော်နားဆင်ကြပါရှင်။