သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေး ကယ်ဆယ်ရေး အခြေအနေ ကုလသမဂ္ဂ အားမလို အားမရဖြစ်ဆဲ


ဆိုင်ကလုန်း မုန်တိုင်းသင့်ခဲ့သူတွေအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ကယ်ဆယ်ရေး အေဂျင်စီတွေ လတ်တလော လုပ်ဆောင်နေတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့မှာ ရှိတဲ့ ကုလသမဂ္ဂ လူသားချင်း စာနာမှု ကူညီရေး ဆိုင်ရာဌာနက သတင်းစာ ရှင်းလင်းပွဲတရပ် ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲအကြောင်း
ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမျာ ကုလသမဂ္ဂ လူသားချင်း စာနာမှု ကူညီရေးဆိုင်ရာဌာနက အရှေ့တောင်အာရှရေးရာ အကြီးအကဲ တယ်ရီ ကိုဗားဒဲလ် (Terje Sakaydal) ကတော့ - နေ့စဉ်နဲ့အမျှ အသက်ရှင်ကျန်နေခဲ့တဲ့သူတွေအတွက် စိုးရိမ်မှုတွေဟာ တဖြည်းဖြည်း တိုးလာနေပါတယ်။ အခု မုန်တိုင်းကျပြီးတာ ၁၀ ရက်ကြာလာပေမယ့် လုပ်စရာ လုပ်ငန်းတွေက အများကြီး ကျန်နေပါသေးတယ်တဲ့။

ကယ်ဆယ်ရေးပစ္စည်းတွေ တိုးမြင့် ရောက်လာနေပေမယ့် ဒုက္ခရောက်နေသူတွေထံကို လိုအပ်တဲ့ အကူအညီပစ္စည်းတွေ ရောက်နိုင်ဖို့ သူတို့အနေနဲ့ အများကြီး စိုးရိမ် ပူပန်မိပါတယ်တဲ့။ စစ်အစိုးရက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ အတိုင်းအတာတခု အထိ လိုက်လျောမှုရှိခဲ့ပေမယ့် ဒီကိစ္စဟာ အင်မတန် ကြီးမားတဲ့ ကပ်ဘေး ဒုက္ခကြီးဖြစ်တဲ့အတွက် ကြီးမားတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ဖို့လိုအပ်ပါတယ်တဲ့။ ဒါ့အပြင် မြန်မာပြည်ကို ကယ်ဆယ်ရေးပစ္စည်းတွေ တဖြည်းဖြည်း ရောက်လာနေတဲ့အကြောင်းလည်း တာဟဲ ဆာကေးဒဲလ် က အခုလို ပြောပါတယ်။

“ကျနော်တို့ အခု ပြောဆိုနေတဲ့အချိန်မှာပဲ ကယ်ဆယ် အထောက်အကူတွေဟာ တဖြည်းဖြည်းနဲ့ ရောက်လာနေပါပြီ၊ ဒါပေမယ့် အဲဒါတွေက အရမ်းနည်းနေပြီး အရမ်းကို နှေးကွေးလွန်းနေပါတယ်။ ရောက်လာတဲ့အကူအညီတွေက နည်းလွန်းနေသေးတဲ့ အတွက် သိသာတယ်ဆိုတဲ့ အနေအထားကို ရောက်ဖို့က အများကြီး လိုပါသေးတယ်။”

ဒီကယ်ဆယ်ရေးလုပ်ငန်းတွေကို အားလုံးက ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ လိုတဲ့အကြောင်းကိုတော့ တာဟဲ ဆာကေးဒဲလ် က အခုလို ဆက်ပြောပါတယ်။

“တခြား ကြုံတွေ့ရတဲ့ အခက်အခဲ အကျပ်အတည်းတွေအပြင် ဒီကိစ္စဟာ ထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာမှာ အခက်အခဲ အများကြီးရှိတဲ့ လုပ်ငန်းဖြစ်တာကြောင့် ထောက်ပံ့ရေးပစ္စည်းတွေ မြန်မြန် ရောက်နိုင်အောင် ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ လိုပါတယ်။ ရှိသမျှ ပို့ဆောင်ရေး နည်းလမ်းတွေ အားလုံးအသုံးချပြီး ကူညီကြဖို့ လိုပါတယ်။”

ဒီသတင်းစာရှင်းလင်းပွဲမှာ ရှိနေခဲ့သူ ကုလသမဂ္ဂ လူသားချင်း စာနာမှု ကူညီရေးဆိုင်ရာဌာန ပြောခွင့်ရပုဂ္ဂိုလ် Richard Horsey ကလည်း - ကယ်ဆယ်ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ လေယာဉ်တွေ ရောက်ရှိနေပါတယ်။ ကုလသမဂ္ဂက ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ လောယာဉ် အနည်းဆုံး ၆ စင်းလောက် မြန်မာပြည်ကို ရောက်သွားပြီးပါပြီတဲ့၊ နောက်ထပ် ၆ စင်းလောက် ထပ်ရောက်ဖို့လည်း အစီအစဉ်ရှိပါတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် ရစ်ချက် ဟိုဆေး (Richard Horsey) က ပြောပါတယ်။

“ဒါပေမယ့် ဒီ ကယ်ဆယ်ရေးလုပ်ငန်းစဉ်ရဲ့ အောင်မြင်မှု ပမာဏနဲ့ အတိုင်းအတာကို ကယ်ဆယ်ရေး ပစ္စည်းတွေ ရောက်လာနေတဲ့အပေါ်မှာကြည့်ပြီး မဆုံးဖြတ်ကြဖို့ ကျနော် တိုက်တွန်းလိုပါတယ်။ အစောပိုင်းက ကြားခဲ့ကြရသလိုပါပဲ၊ အကူအညီ အများဆုံး လိုအပ်နေတဲ့ မြစ်ဝကျွန်းပေါ်ကို ကယ်ဆယ်ရေးပစ္စည်းတွေ အမြန်ဆုံး ရောက်နိုင်အောင် လုပ်ဆောင်တဲ့ နေရာမှာ အခက်အခဲတွေ အများကြီး ရှိနေတာကြောင့်ပါ။ ရန်ကုန်ကနေ နယ်တွေကို ရောက်ဖို့အတွက် အခက်အခဲ၊ အတားအဆီးတွေ အများကြီး ရှိနေပါတယ်လို့” ရစ်ချက် ဟိုဆေး က ပြောသွားတာပါ။”

ဒါ့အပြင် ကုလသမဂ္ဂအနေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ လိုအပ်တဲ့ ဝန် ထမ်းအရေအတွက် ရရှိရေးနဲ့ NGO အဖွဲ့အစည်းတွေ မြန်မာနိုင်ငံထဲ ဝင်ဖို့ကိစ္စတွေမှာ အခက်အခဲတွေ ရှိနေတဲ့ အကြောင်း ရစ်ချက် ဟိုဆေး က ပြောပါတယ်။

အဓိကကတော့ စစ်အစိုးရဖက်က ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ထင်သလောက် ပူးပေါင်း ဆောင်ရွက်ခြင်း မရှိတဲ့အပေါ် သူတို့ဖက်က စိတ်ပျက်နေတာတွေကို ထိန်းထိန်းသိမ်းသိမ်း ပြောသွားပုံရပါတယ်။

အခုအချိန်ထိတော့ မြန်မာနိုင်ငံထဲကို ကူညီထောက်ပံ့ရေးပစ္စည်းတွေ တဖြည်းဖြည်းနဲ့
ဝင်ရောက် လာနေပေမယ့် အဓိက ကြုံနေရတဲ့ပြဿနာက အဲဒီ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေ တကယ် လိုအပ်နေတဲ့ ပြည်သူတွေလက်ထဲကို ရောက်ရှိဖို့ပဲ ဖြစ်ပါတယ်။ ဒီကနေ့ပဲ အမေရိကန်နိုင်ငံက ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ လေယာဉ်တစင်း ရန်ကုန်မြို့ကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီပစ္စည်းတွေ လိုအပ်တဲ့လူတွေထံ တိုက်ရိုက် ဖြန့်ဖြူးနိုင်ဖို့ ရန်ကုန်မှာရှိတဲ့ NGO အဖွဲ့အစည်းတွေ လက်ထဲ အမေရိကန်က တိုက်ရိုက် ထည့်ပေးချင်ပေမယ်လို့ စစ်အစိုးရက သူတို့ပဲ တာဝန်ယူ ဖြန့်ဖြူးပေးမယ်လို့ ပြောနေသံတွေ ကြားနေရပါတယ်။

အခုလောလောဆယ် ဆေးရုံတွေမှာ ကုသပေးနေတဲ့ လူနာတွေရှိနေပေမယ့် ဒီလူတွေဟာ ဒဏ်ရာရနေတဲ့ လူနာတွေဖြစ်ပြီး ဒီအနေအထားဟာ အချိန်မရွေး ပြောင်းလဲနိုင်တယ်လို့လည်း ထောက်ပြပြောဆိုသွားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG