သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒခံယူပွဲ မသမာမှုများနေဟု NLD သုံးသပ်


မကြာသေးခင်က ကျင်ပပြီးစီးသွားတဲ့ စစ်အစိုးရရဲ့ အခြေခံဥပဒေ အတည်ပြုရေး၊ လူထုဆန္ဒခံယူပွဲမှာ မသမာမှုတွေလည်း အများအပြား ရှိခဲ့သလို ဥပဒေနဲ့ မညီတာတွေလည်း အများအပြား ရှိခဲ့တယ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောပါတယ်။ ဒီလို မမှန်မကန် အခြေအနေတွေအောက်မှာ ကျင်းပခဲ့ပေမယ့်လည်း အဲဒီက ထွက်ပေါ်လာမယ့် ရလဒ်တွေ အခြေအနေတွေ မရှိသေးဘူးလို့ NLD ကဆိုပါတယ်။ ဘာကြောင့်မို့လို့ NLD က အခုလို ပြောသလဲဆိုတာကို NLD ပြောခွင့်ရပုဂ္ဂိုလ်နဲ့ ဦးအောင်လွင်ဦးက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဟုတ်ကဲ့ခင်ဗျ၊ ပြီးခဲ့တဲ့စနေနေ့က ကျင်းပခဲ့တဲ့ လူထုဆန္ဒခံယူပွဲမှာ အကြီးအကျယ် မမှန်မကန်လုပ်မှုတွေ လုပ်ခဲ့တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောဆိုလိုက်တာပါ၊ ဒါ့အပြင် အခုကျင်းပတဲ့ ဆန္ဒခံယူပွဲဟာ ဥပဒေနဲ့ မညီတဲ့အပြင် လူထုဆန္ဒကို ဆန့်ကျင်ပြီး လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်အဖြစ်လည်း NLD က သဘောထားပါတယ်။

“ကျနော်တို့ ၁၀ ရက်နေ့က လုပ်ခဲ့တဲ့ ပြည်သူ့ဆန္ဒခံယူပွဲ ကတော့ လုံး၀ ဆန္ဒခဲယူပွဲ မဟုတ်ပါဘူး၊ ပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှုပြီးတော့ သူတို့လိုချင်တာကို ဥပဒေချိုးဖေါက်ပြီး အတင်း အဓမ္မလုပ်သွားတာပါ၊ သူတို့ကိုယ်တိုင် ထုတ်ခဲ့တဲ့ ဥပဒေနဲ့ တခုမှမညီတဲ့ ထောက်ခံမဲ ရယူရေးပွဲပဲ၊ ဆန္ဒခံယူပွဲ ဆိုတာတောင်မှ ဒီစကားလုံးက မထိုက်တန်တော့ဘူးလို့ ထင်ပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ဖြစ်ပါတယ်၊ ဒီလိုမသမာမှုတွေနဲ့ပတ်သက်လို့ NLD ဖက်က သိရှိထားတဲ့ အချက်တွေကိုလည်း ဦးဉာဏ်ဝင်းက အခုလို ဆက်ပြောပါသေးတယ်။

“ကျနော် အကြမ်းဖျင်း ပြောမယ်၊ ကျနော်တို့ ကန့်ကွက်မဲ ခပ်များများ ထွက်လာလို့ရှိရင် မဲကို မရေတော့ဘူး၊ လုံးဝပိတ်ပြီးတော့ ရယက နဲ့ ရဲတွေက သိမ်းတယ်၊ နောက်ထပ် ကျနော်တို့ တနည်းကတော့ ကန့်ကွက်မဲများရင် အဲဒါတွေကို ပယ်မဲလုပ်တယ်။ များသောအားဖြင့် မဲရုံထဲမှာ ကိုယ်တိုင် ထောက်ခံမဲကို မဲရုံမှူးနဲ့ သက်ဆိုင်ရာ အာဏာပိုင် ရယက တွေက အတင်းအဓမ္မ လုပ်သွားတယ်။ ဆိုတော့ စောစောက ကျနော် ပြောသလို ဆန္ဒခံယူပွဲ မဟုတ်ပါဘူးခင်ဗျ၊ ကျနော်တို့ အခုကြားတာက ကျောက်ပန်းတောင်းမှာ လသပြားရွာနဲ့ ရွာနှစ်ရွာဗျာ၊ အဲဒီရွာနှစ်ရွာက နှစ်ရွာစလုံး မဲတမဲမှ ထွက်မပေးဘူး၊ တယောက်မှ ဆန္ဒမဲ မပေးဘူး၊ မပေးတဲ့အတွက် ဒီကနေ့မနက်မှာ အဲဒီရွာကို ဝိုင်းပြီး ထားတယ်၊ ရွာကလူတွေ အဝင်အထွက် မလုပ်ရဘူး၊ ရပ်ရွာလူကြီးအပါအဝင်၊ ကျနော်တို့ အဲလို သတင်းရပါတယ်။”

တကယ်တော့ ဆန္ဒခံယူပွဲမတိုင်မီ ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခံခဲ့ရတာမို့ ဒါကို ရွှေ့ဆိုင်းဖို့ ပြည်တွင်းပြည်ပက တောင်းဆိုမှုတွေလည်း ရှိခဲ့တာပါ၊ ဒါပေမယ့်လည်း မြန်မာစစ်အစိုးရဖက်ကတော့ လေမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရန်ကုန်တိုင်းထဲက မြို့နယ်ပေါင်း ၄၀ နဲ့ ဧရာဝတီတိုင်းထဲက မြို့နယ် ၇ခုကိုပဲ ဘေးသင့်ရာဒေသအဖြစ် ဆန္ဒခံယူပွဲကျင်းပဖို့ နောက်ထပ် ၂ ပတ်ရွှေ့ဆိုင်းခဲ့တာပါ။ မြန်မာစစ်အစိုးရ အာဏာပိုင်တွေဖက်ကတော့ ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲမှာ မဲပေးကြသူ အများအပြား ရှိတယ်လို့ ပြောပါတယ်၊ အခက်အခဲတွေ၊ ပြဿနာတွေကြားကနေ အာဏာပိုင်တွေဖက်က ဒီလို တက်သုတ်ရိုက် လုပ်ဆောင်ခဲ့ပေမယ့်လည်း ဒီကနေ ရလဒ်တွေ မြန်မြန်ဆန်ဆန် ထွက်ပေါ်လာလိမ့်မယ်လို့ NLD က ယုံကြည်မထားပါဘူး။

“ကျနော်တို့ကတော့ ဒီဥစ္စာ သိပ်မြန်မြန်လည်း ဖြစ်မှာမဟုတ်ဘူး။ ဥပဒေပြဌာန်းချက်အရလည်း ကျနော်က သိပ်မြန်မြန် မဖြစ်နိုင်ဘူးလို့ပြောတဲ့ အဓိပ္ပါယ်က ကျနော်တို့ အခုနောက်ဆုံး ထုတ်ထားတဲ့ ဖွဲ့စည်းပုံ ဥပဒေမူကြမ်း ၂၀၀၈ မှာ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင် အာဏာ သက်ရောက်တဲ့ ရက်က ၂၀၁၀ ရွေးကောက်ပွဲက ပြည်ထောင်စုလွှတ်တော် စတဲ့နေ့လို့ ပြောထားတဲ့အတွက် သူတို့ခပ်မြန်မြန် ထုတ်စရာအကြောင်းမရှိဘူးလို့ အဲန်ကယ်တော့ မြင်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ ကတော့ ဆန္ဒခံယူပွဲတွေပြီးလို့ နောက် ၂ နှစ်ကြာ ၂၀၁၀ နှစ်မှာ ရွေးကောက်ပွဲတွေလုပ်၊ အရပ်သား အစိုးရကို အာဏာလွှဲပေးမယ် ဆိုပြီးပြောဆိုထားတာ ဖြစ်ပေမယ့် အခြေခံဥပဒေတောင် သတ်သတ်မှတ်မှတ် မရှိဘဲ အခုလို ကြေညာထားတဲ့အပေါ်မှာလည်း ဝေဖန်မှုတွေရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG