သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရရဲ့ နှေးကွေးတဲ့ တုံ့ပြန်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပြင်းအထန် ဝေဖန်


ဆိုင်ကလုန်းမုန်တိုင်းသင့် ဒုက္ခသည်တွေကို ကူညီရေးနဲ့ ပတ်သက်တဲ့ ကုသလမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုကို မနေ့က မွန်းလွဲပိုင်းမှာ နယူးယောက်ခ်မြို့ ကုလသမဂ္ဂ အဆောက်အဦမှာ ကျင်းပခဲ့ပါတယ်။ ဒုက္ခသည်တွေဆီ ထိရောက်တဲ့ အကူအညီတွေ ပေးနိုင်ဖို့နဲ့ အခက်အခဲတွေ များနေရင် မြန်မာပြည် ဒီထက်ပို အခြေအနေ ဆိုးမယ့်အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုကျော်အောင်လွင်က အစီရင်ခံထားပါတယ်။
နာဂစ်ဆိုတဲ့ ဆိုင်ကလုန်းမုန်တိုင်းဒဏ် အပြင်းအထန် ခံခဲ့ရတဲ့ ၁၁ ရက်မြောက်နေ့မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာဖြစ်ပြီးတော့ သူ့အနေနဲ့ မြန်မာ့မုန်တိုင်းဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မှုတွေ အကြီးအကျယ် ဖြစ်နေသလိုပဲ တုံ့ပြန်မှုတွေ နှေးကွေးနေတာနဲ့ ပတ်သက်ပြီးတော့လည်း သူ အကြီးအကျယ် စိတ်ပျက်နေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ စစချင်းမှာကိုပဲ အခုလို မစ္စတာ ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။
“မြန်မာစစ်အစိုးရရဲ့ သတင်းတွေအရတော့ သေဆုံးသူပေါင်း မနေ့က မနက်အထိ ၃၁,၉၃၈ ယောက်နဲ့ ပျောင်ဆုံးနေတဲ့သူပေါင်း ၃၃,၄၆၀ အထိ ရှိလာနေပါပြီ။ နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အဖွဲ့တွေရဲ့ သတင်းတွေအရတော့ ဒီထက်မက အများကြီး ပိုနေပါတယ်။ ကျနော်တို့ဟာ တကယ့်ကို အရေးတကြီး ဖြစ်နေတဲ့ အခြေအနေမှာ ရောက်နေတာပါ။ မြန်မာပြည်ထဲကို အကူအညီတွေ များများနဲ့မြန်မြန် မရောက်လို့ရှိရင် ရောဂါဘယတွေ ကူးဆက်ပြန့်ပွားလာတော့မယ့် အခြေအနေတွေ ဖြစ်နေပါတယ်။ အဲဒါကြောင့် ဒီလူတွေ အသက်ရှင်ရေးကို ပထမဆုံးထားပြီးတော့ လုပ်ပါဆိုပြီး မြန်မာစစ်အစိုးရကို ကျနော်တိုက်တွန်းနေတာပါ” - လို့ မစ္စတာ ဘန်ကီမွန်းကနေ ပြောသွားခဲ့ပါတယ်။
ကြိုတင်ကာကွယ်မှုတွေကို အကုန်လုံး လုပ်နိုင်မှ၊ ဒါမှမဟုတ်ရင်တော့ ပိုဆိုးတဲ့ ဒုက္ခတွေ ကြုံတွေ့ရလိမ့်မယ်လို့လည်း ဆိုပါတယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဲန်ဂျီအို အဖွဲ့အစည်းတွေရဲ့ ကူညီမှုတွေ ထိထိရောက်ရောက်ရဖို့ လုပ်ကိုင်ကြတဲ့နေရာမှာ လွတ်လွတ်လပ်လပ်နဲ့ သွားလာလုပ်ကိုင်ဖို့က အရေးတကြီး လိုအပ်နေတယ်လို့လည်း ပြောပါတယ်။
“နိုင်ငံခြား ကယ်ဆယ်ကူညီရေးလုပ်သားတွေကို မြန်မာပြည်ဝင်ခွင့် ဗီဇာတွေ မပေးဘဲ မြန်မာအစိုးရက ဆက်ပြီးတော့ ငြင်းပယ်နေတာတွေ ရှိနေပါတယ်။ ကျနော်တို့ အခုထက်ထိ လုပ်နိုင်တဲ့ အခြေအနေတွေဟာဆိုလို့ရှိရင် ဒုက္ခရောက်နေသူပေါင်း ၂၇၀,၀၀၀ ရဲ့ ဆယ်ပုံတစ်ပုံ ကိုတောင် မလုပ်နိုင်သေးပါဘူး။ အစားအသောက် အကူအညီတွေဟာ ဆိုလို့ရှိရင်လည်း မြန်မာပြည်ထဲကို ခွင့်ပြုထားတာ အခုထိ လုပ်အပ်နေတာရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိသေးဘူး။” - လို့ ပြောသွားပါတယ်။
“မြန်မာစစ်အစိုးရဖက်က နိုင်ငံတကာအကူအညီတွေကို ချုပ်ချယ်တင်းကြပ် ထားတာကနေ အခုတော့ တဖြည်းဖြည်းချင်း စပြီးတော့ ခွင့်ပြုမှုတွေတော့ ရှိလာပါပြီ။ ဒါပေမယ့် ကျနော် ထပ်ပြီးတော့ ပြောလိုက်ပါမယ်။ အကူအညီတွေဟာ အကြီးအကျယ်ကို လိုအပ်နေပါသေးတယ်။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေတုန်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို ကျနော် တယ်လီဖုန်း အကြိမ်ကြိမ် ဆက်ခဲ့ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပူးပေါင်းဆောင်ရွက်မှု အပြည့်အ၀ ရရေးပါ။ ဒါပေမယ့်လည်း သူ့ဆီကို တယ်လီဖုန်း ဘယ်လိုမှ ဆက်လို့မရခဲ့ပါဘူး။ ဒါကြောင့်မိုလို့ သူ့ဆီကို ဒီနေ့မနက်ပဲ သံတမန်လမ်းကြောင်းကနေ တဆင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံကို စာတစ်စောင် ပေးပို့လိုက်ရပါတယ်။ ဒါဟာ မုန်တိုင်းတိုက်ခတ်ပြီးနောက် ဒုတိယအကြိမ် ကျနော် ပေးပို့လိုက်တဲ့စာပါ။ ကူညီကယ်ဆယ်ရေး အရာရှိတွေအတွက် ပြည်ဝင်ခွင့် ဗီဇာတွေ ခပ်မြန်မြန် ထုတ်ပေးလိမ့်မယ်လို့လည်း ကျနော် မျှော်လင့်နေပါတယ်။
“နိုင်ငံတကာက အကြီးအကျယ် ဝိုင်းပြီးတော့ ကူညီနေကြတာတွေကို အသိအမှတ် ပြုပါတယ်။ လေးစားပါတယ်။ အာဆီယံနိုင်ငံတွေနဲ့လည်း ကျနော် အနီးကပ်ကို ဆောင်ရွက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပါတယ်။”
“မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အာဆီယံနိုင်ငံတွေ အပါအဝင် နိုင်ငံတော်တော်များများနဲ့ ပြောဆိုလုပ်ကိုင် နေတဲ့နေရာမှာ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ အရပ်ဖက်ကရော၊ စစ်ဖက်ကရော အဲဒီနိုင်ငံတွေက ဝိုင်းပြီးတော့ အကူအညီ ပေးကြဖို့ ကျနော် ပြောဆိုထားပါတယ်။ အိမ်နီးချင်းတိုင်းပြည်တွေက တတ်နိုင်သမျှ အကူအညီတွေကို ချက်ချင်းပေးကြဖို့ တာဝန်တွေ ရှိပါတယ်။ အဲဒါကိုလည်း ကျနော် တိုက်တွန်းပြောဆိုပါတယ်။ အခုကိစ္စဟာ နိုင်ငံရေးကိစ္စမဟုတ်ဘူး ဆိုတာကို ကျနော် သေသေချာချာ ပြောချင်ပါတယ်။ ဒါဟာ လူတွေရဲ့ အသက်တွေကို ကူညီ ကယ်ဆယ်ရေး ကိစ္စပါ။ လူတွေရဲ့ အသက်တွေ ထပ်ပြီးတော့ မဆုံးရှုံးရအောင် လုပ်ရမယ့်အချိန် ရောက်နေပါပြီ။”
သတင်းစာရှင်းလင်းပွဲအပြီး အမေးအဖြေ လုပ်တဲ့အခါမှာလည်း သတင်းထောက်တွေ အဓိကထား မေးကြတဲ့အထဲမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေပြီးတော့ မြန်မာစစ်အစိုးရကို အရေးယူ ပိတ်ဆို့မှုတွေ၊ ဒါမှမဟုတ်ရင် ပိုတင်းကြပ်တဲ့ ကိုင်တွယ် ဖြေရှင်းမှုတွေ လုပ်မလားလို့ မစ္စတာ ဘန်ကီမွန်းကို ပြောဆိုမေးမြန်းကြပါတယ်။ အဲဒီအခါမှာတော့ မစ္စတာ ဘန်ကီမွန်းက -
“ဒါကတော့ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေရဲ့အပေါ်မှာ မူတည်ပါတယ်။ ဒီကိစ္စကို ဆုံးဖြတ်ချက်ချဖို့ သူတို့ ဆွေးနွေးကြမလား။ ဒီအကြောင်းကို အရေးယူဆောင်ရွက်မှုတွေ လုပ်ကြမလားဆိုတာ အဖွဲ့ဝင် နိုင်ငံတွေရဲ့သဘောပါပဲ။ ဒီအချိန်မှာတော့ ကျနော် အဓိကထားပြီး အာရုံစိုက်နေတာကတော့ လူသားချင်းစာနာတဲ့ အကူအညီတွေ ဒုက္ခသည်တွေဆီကို မြန်နိုင်သမျှ အမြန်ဆုံး ပေးပို့နိုင်ဖို့ပါပဲ။” - လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မနေ့က ကုလသမဂ္ဂမှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာပြည်နဲ့ပတ်သက်ပြီးတော့ ရှင်းလင်း ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
မနေ့က သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု ကူညီရေးဆိုင်ရာ အကြီးအကဲ ဂျွန်ဟုမ်း(စ်) ကလည်း မုန်တိုင်းဒုက္ခသည်တွေအကြောင်း ပြောပြခဲ့ပါသေးတယ်။
ဂျွန်ဟုမ်း(စ်) က သတင်းစာရှင်းလင်းပွဲအပြီးမှာ သတင်းထောက်တွေ ဝိုင်းမေးကြတာကို ဖြေကြားခဲ့တာ ရှိပါတယ်။ အဲဒီထဲမှာတော့ မြန်မာစစ်အစိုးရဖက်က ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ ကယ်ဆယ်ကူညီရေး ပုဂ္ဂိုလ်တချို့ကို မြန်မာပြည် လာခွင့်ရအောင် ဗီဇာတွေ ပေးခဲ့တာကို သတင်းကောင်းတစ်ခုအနေနဲ့ သူက ပြောဆိုခဲ့ပါတယ်။
“ကုလသမဂ္ဂ ကယ်ဆယ်ရေးနဲ့ ကူညီရေး၊ နောက်တခါ တခြား အေဂျင်စီက ကူညီရေးပုဂ္ဂိုလ်တွေ စုစုပေါင်း ၃၄ ယောက်ကို မြန်မာပြည်ထဲ ဝင်ခွင့်ပေးခဲ့တာ အခု သူတို့ရောက်နေကြပါပြီ။ နောက်ထပ်လည်း ပေးလိမ့်မယ်လို့ အကောင်းဖက်ကနေ ရှုမြင်ရမယ့် သဘောတွေ ရှိနေပါတယ်။ ဒါပေမယ့် အခုလောက်ပေးယုံနဲ့တော့ မလုံလောက်ပါဘူး။ အကူအညီတွေကို မြန်မြန်ဆန်ဆန် ဖြန့်ဝေပေးဖို့က နိုင်ငံခြား တပ်တွေရဲ့ အကူအညီတွေ လိုအပ်နေပါတယ်။ ဒါတွေကို မြန်မာစစ်အစိုးရဖက်က ခွင့်ပြုရေးဟာ အရေးကြီးပါတယ်။” - လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ကူညီရေးဆိုင်ရာ အကြီးအကဲ ဂျွန်ဟုမ်း(စ်) က ပြောသွားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG