မုန်တိုင်းဒဏ်ခံခဲ့ရတွေကို အာဏာပိုင်တွေက ဝေတဲ့ ဆန်တွေဟာ မကောင်းတဲ့ ဆန်တွေ ဖြစ်နေတယ်၊ လုံလုံလောက်လောက်လည်း မရဘူးဆိုပြီး ဒုက္ခသည် တချို့က စောဒက တက်နေကြတာတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ တာဝန် ရှိသူတဦးက သူတို့ မသိတဲ့အကြောင်းနဲ့ သူတို့အနေနဲ့တော့ စံသတ်မှတ်ထားတဲ့ အတိုင်း ဖြန့်ဝေပေးနေကြောင်း၊ ခုချိန်ထိဆိုရင် ဒုက္ခသည် စုစုပေါင်း ၄၀,၀၀၀ တို့ကို ကူညီ ထောက်ပံ့ခဲ့ပြီး ဖြစ်ကြောင်း ဗွီအိုအေကို ပြောခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်က ဦးကျော်ကျော်သိန်းက တင်ပြထားပါတယ်။
တချို့မြို့နယ်တွေမှာ မုန်တိုင်းဒဏ်ခံ ဒုက္ခသည်တွေကို ဝေတဲ့ဆန်တွေဟာ မကောင်းတဲ့ ဆန်တွေ ဖြစ်နေပြီး ရတဲ့ပမာဏကလည်း လုံလောက်မှု မရှိဘူးဆိုတဲ့ သတင်းတွေက ထွက်နေခဲ့တာ ရက်အနည်းငယ်ရှိနေပါပြီ။ ဒါနဲ့ပတ်သက်ပြီး ဘန်ကောက်မြို့က WFP တာဝန်ရှိသူတွေ၊ တခြား အကူအညီပေး အဖွဲ့တွေက တာဝန်ရှိသူတွေကို မေးမြန်းခဲ့ဖူးပေမယ့် ဘယ်သူကမှ ဒါကို မသိကြပါဘူး။ ရန်ကုန်မြို့မှာရုံးစိုက်တဲ့ WFP ရဲ့ မြန်မာပြည်ဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ မစ္စတာ ခရစ္စ ကေး (Mr. Chris Kaye) ကလည်း သူမသိတဲ့အကြောင်း ဗွီအိုအေကိုပြောခဲ့ပါတယ်။
“လူတွေအနေနဲ့ ဆန်လုံလုံလောက်လောက် မရဘူး ဒါမှမဟုတ် မကောင်းတဲ့ ဆန်တွေကို ရနေတယ်ဆိုတာနဲ့ပတ်သက်ပြီး ကျနော် လုံးဝမသိပါဘူး။ WFP က ဖြန့်ဝေတဲ့ ဆန်တွေဟာ ကျနော်တို့ရဲ့ စံသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ဆန်တွေကိုသာ ဖြန့်ဝေတယ်ဆိုတာကို ကျနော် အာမခံနိုင်ပါတယ်။” - လို့ မစ္စတာ ခရစ္စကေးကဆိုပါတယ်။
မုန်တိုင်းကြောင့် စားသောက်စရာမဲ့၊ နေစရာမဲ့ ဘေးဒုက္ခရောက်နေရတဲ့ ပြည်သူစုစုပေါင်းဟာ တစ်သန်းခွဲကျော်ရှိမယ်လို့ ကုလသမဂ္ဂ အပါအဝင် အဖွဲ့အစည်း အသီးသီးက ခန့်မှန်းထားကြပါတယ်။ ဒါပေမယ့် ဒီအဖွဲ့အစည်းတွေက အကူအညီ ပေးနိုင်လိုက်ပြီးတဲ့ လူအရေအတွက်ကတော့ တကယ် လိုအပ်နေတဲ့ အရေအတွက်နဲ့ နှိုင်းယှဉ်ရင် နည်းပါးလွန်းပါသေးတယ်။ မစ္စတာ ခရစ္စကေးက သူတို့ WFP အနေနဲ့ ခုချိန်ထိ အကူအညီ ပေးလိုက်နိုင်ပြီးတဲ့ လူအရေအတွက်ကို ပြောပြခဲ့ပါတယ်။
“မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ လူတွေထဲက အရေအတွက် အတော်များများကို ကျနော်တို့ ကူညီနိုင်ခဲ့ပြီးပါပြီ။ ခုချိန်ထိဆိုရင် WFP အနေနဲ့ ခန့်မှန်းခြေ လူပေါင်း ၄၀,၀၀၀ ကို နိုင်ငံတွင်းမှာရှိနေတဲ့ အထောက်အကူ ပစ္စည်းတွေ ပေးအပ်ခဲ့ပြီးပါပြီ။” - လို့ပြောပါတယ်။
WFP ဟာ လက်ရှိမှာ မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို ကူညီနေတဲ့ လက်တစ်ဆုပ်စာ အဖွဲ့အစည်းတွေထဲက တခုပါ။ တကယ်ကတော့ သူတို့ကိုယ်တိုင်လည်း မြန်မာအာဏာပိုင်တွေနဲ့ ထိတွေ့ဆက်ဆံရာမှာ အစစ အဆင်ပြေ ချောမွေ့နေတာ မဟုတ်ပါဘူး။ မကြာသေးခင်ကပဲ WFP ရဲ့ အကူအညီ ပစ္စည်းတွေကို အာဏာပိုင်တွေက ထုတ်မပေးခဲ့တဲ့ဖြစ်ရပ် ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီပစ္စည်းတွေကိုလည်း WFP က လက်ခံရရှိခဲ့ပြီးပြီ ဖြစ်ပြီး လက်ရှိမှာ အားလုံး အဆင်ပြေပြေ သွားနေတယ်လို့ သူက ပြောပါတယ်။
“WFP နဲ့ တခြားအဖွဲ့အစည်းတွေရဲ့ အစားအစာရော၊ အစားအစာ မဟုတ်တဲ့ တခြား ပစ္စည်းတွေ ကိုရော ချောချောမွေ့မွေ့ပဲ လက်ခံရရှိနေပါတယ်။ လေဆိပ်ကနေ ထွက်လာဖို့နဲ့ သက်ဆိုင်ရာ ဒေသတွေဆီ ရောက်ဖို့ လုပ်ဆောင်နိုင်တဲ့ အခြေအနေ ရှိသလောက်ပေါ့။ မိုးက အတော့်ကို ပြင်းပြင်းထန်ထန် ရွာနေတာမို့ လမ်းတွေက အခြေအနေ မကောင်းတာကြောင့်မို့သာ လုပ်ငန်း လုပ်ဆောင်မှု အနေနဲ့ရော သယ်ယူပို့ဆောင်ရေး အနေနဲ့ရော လက်ရှိအချိန်မှာ စိန်ခေါ်မှုကြီး ဖြစ်နေတာပါ။” - လို့ မစ္စတာ ခရစ္စကေး ပြောခဲ့ပါတယ်။
အစိုးရပိုင်သတင်းမီဒီယာတွေမှာ မုန်တိုင်းဒဏ်သင့်လူထုအတွက် အာဏာပိုင်တွေက ပစ္စည်းတွေ ပေးအပ်တာကို နေ့စဉ်လို ဖော်ပြနေပြီး တကယ် အကူအညီပေးတဲ့ အဖွဲ့အစည်းနိုင်ငံတွေရဲ့ အမည်တွေကို ထင်ထင်ရှားရှား ဖော်ပြရမယ့်အစား မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ နာမည်တွေကို ဖော်ပြထားတာလည်း တွေ့ရပါတယ်။
မစ္စတာ ခရစ္စ ကေးကတော့ WFP အနေနဲ့ အကူအညီ ပစ္စည်းတွေကို တိုက်ရိုက်သော်လည်းကောင်း၊ မိတ်ဘက်အဖွဲ့အစည်းတွေက တဆင့်သော်လည်းကောင်း ပေးအပ်နေတယ်လို့ ပြောပါတယ်။
“နယ်စည်းမခြား ဆရာဝန်များအဖွဲ့နဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့လို မဟာမိတ်အဖွဲ့အစည်း အမျိုးမျိုးနဲ့ ပူးတွဲဖြန့်ဝေပေးနေပါတယ်။ အာဏာပိုင်တွေဆီကနေတဆင့် မဟုတ်ပါဘူး။ အာဏာပိုင်တွေနဲ့ အတတ်နိုင်ဆုံး နီးနီးစပ်စပ် ပူးတွဲလုပ်ဆောင်နေတယ် ဆိုတာကို သေချာစေဖို့ အတွက် ကျနော်တို့ လုပ်နိုင်တာမှန်သမျှ လုပ်ဆောင်နေပါတယ်။ ကျနော်တို့ ဘာတွေ လုပ်နေတယ်၊ ဘယ်လိုလုပ်နေတယ် ဆိုတာကို အာဏာပိုင်တွေ သိတယ်ဆိုတာ သေချာအောင် လုပ်ပါတယ်။ အစိုးရက သတ်မှတ်ပေးတဲ့ ဦးစားပေး လုပ်ရမယ့် အလုပ်တွေကို ကျနော်တို့လုပ်ပါတယ်၊ ဒါကျနော်တို့ တာဝန်ပါ။ အများစုမှာ ကျနော်တို့ကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ပေးထားပါတယ်။”
ဒါပေမယ့် သူတို့လုပ်ချင်သလောက် အတိုင်းအတာပမာဏနဲ့ မလုပ်ဆောင်နိုင်သေးဘူး ဆိုတာကိုတော့ မစ္စတာ ခရစ္စ ကေးက ပြောခဲ့ပါတယ်။
“အကူအညီပေးရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ခုချိန်ထိ ကျနော်တို့ အလုံအလောက် မရသေးသလို ဒဏ်သင့်ခဲ့ရတဲ့ လူအများစုကြီး ရှိရာ ဒေသတွေမှာ လုပ်ဖို့လိုအပ်တယ်လို့ ကျနော်တို့ သိထားတာတွေကို လုပ်ဆောင်ဖို့ လိုအပ်တဲ့ သယ်ယူပို့ဆောင်ရေး အထောက်အပံ့တွေ ကျနော်တို့ မရသေးပါဘူး။” - လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ခရစ္စ ကေးက ပြောပြခဲ့တာပါ။
ကုလသမဂ္ဂအနေနဲ့ မုန်တိုင်းဒဏ်သင့်တဲ့ မြန်မာလူထုအားလုံးကို အပြည့်အ၀ ကူူညီနိုင်ဖို့ရာ လိုအပ်တဲ့ အကူအညီ အလုံအလောက် မရသေးပါဘူး။ ဒါ့ကြောင့်လည်း လူဦးရေ တစ်သန်းခွဲကျော်တို့အတွက် အကူအညီငွေ ဒေါ်လာ ၅၉ သန်းရရှိဖို့ မေတ္တာရပ်ခံချက် ထုတ်ပြန်ထားပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ဒီအကူအညီတွေကို အမြန်ဆုံးပေးအပ်ကြပါလို့ မစ္စတာ ခရစ္စ ကေးက တောင်းဆိုခဲ့ကြောင်းပါ။