မုန်တိုင်းသင့်ဒုက္ခသည်တွေ ကူညီရေး နိုင်ငံတကာအကူအညီတွေကို လက်ခံဖို့ လိုလိုလားလား အားတက်သရောမရှိတဲ့ မြန်မာစစ်အစိုးရကို အမေရိကန်သမ္မတ ဘုရှ်က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ကိုယ့်ရဲ့ပြည်သူတွေရဲ့ ဒုက္ခတွေကို ကူညီဖို့ လက်နှေးနေတဲ့ စစ်အစိုးရကို တကမ္ဘာလုံးက ဒေါသထွက်ပြီး အပြစ်တင်ထိုက်တယ်လို့ သမ္မတ ဘုရှ်က အမေရိကန် စီဘီအက်စ် သတင်းဌာနကို မနေ့တုန်းက ပြောဆိုလိုက်ပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ မြန်မာစစ်အစိုးရရဲ့ နှေးကွေးတဲ့ တုံ့ပြန်မှုတွေကြောင့် လူဘယ်နှစ်ယောက် သေဆုံးတယ်ဆိုတာတောင် အသေအချာ ရေတွက်နိုင်စွမ်း မရှိကြဘူးလို့လည်း သမ္မတ ဘုရှ်က အပြစ်တင်လိုက်ပါတယ်။
မုန်တိုင်းသင့်လို့ ၁၀ ရက်ကြာပြီးမှ အမေရိကန်ကယ်ဆယ်ရေး လေယာဉ်တစ်စင်းကို မနေ့က ၀င်ခွင့် ပြုခဲ့တာနဲ့တော့ ကျေနပ်နေလို့ မဖြစ်ဘူးလို့လည်း အမေရိကန် သမ္မတ ဘုရှ်က ဆိုပါတယ်။ မြန်မာ့ လေဘေးနဲ့ ရေဘေးဒုက္ခသည်တွေကို ကယ်ဆယ်ရေး WFP ခေါ် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ရဲ့ ကူညီရေးလုပ်ငန်းတွေမှာ သုံးစွဲဖို့အတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၁၃ သန်း ထပ်ပြီး ထည့်ဝင်မယ်လို့ ကြေညာခဲ့ပြီး ဖြစ်ပါတယ်။