သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းဘေး ကယ်ဆယ်ရေး ဥရောပသမဂ္ဂ နည်းမျိုးစုံ ကူညီဖို့ ဆွေးနွေး


မြန်မာနိုင်ငံက မုန်တိုင်းဒဏ်ခံစားရတဲ့ ဒုက္ခသည်တွေကို ကူညီ ကယ်ဆယ်နိုင်ဖို့အတွက် နိုင်ငံတကာကနေ အကူအညီတွေကို ခွင့်ပြုပေးဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို အီးယူ ဥရောပ သမဂ္ဂအဖွဲ့ဝင်တွေက တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ကူညီဖို့ အီးယူအနေနဲ့ နည်းမျိုးစုံကို သုံးပြီး ကူညီရမယ်လို့ အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲကလည်း ပြောဆိုပါတယ်။

အီးယူရဲ့ ကူညီ ကယ်ဆယ်ရေး ဆိုင်ရာ မဟာမင်းကြီးကလည်း မြန်မာနိုင်ငံဆီကို သွားနေပြီ ဖြစ်ပါတယ်။ အခုလို ဒုက္ခသည်တွေဆီကို ကူညီရေးအတွက် အီးယူရဲ့ ကြိုးပမ်းမှုတွေအကြောင်း အပြည့်အစုံကို မစုမြတ်မွန်က အစီရင်ခံထားပါတယ်။

မြန်မာနိုင်ငံက မုန်တိုင်းဒုက္ခသည်တွေအတွက် ဘယ်လိုထိရောက်တဲ့ အကူအညီတွေ ပေးသင့်သလဲ ဆိုတာကို အင်္ဂါနေ့တုန်းက အီးယူအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဝန်ကြီးတွေဟာ ဘယ်လ်ဂျီယံနိုင်ငံ ဘရာဇဲလ် မြို့တော်မှာ အရေးပေါ် ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံက မုန်တိုင်းဒဏ်ခံထားရတဲ့ နေရာတွေမှာ လူသားချင်းဆိုင်ရာ အကူအညီတွေ ဘယ်လောက် လိုအပ်နေတယ် ဆိုတာကို သုံးသပ်ဆွေးနွေးခဲ့ကြပြီးတော့ နိုင်ငံတကာရဲ့ လူသားချင်း ကူညီ စောင့်ရှောက်မှုဆိုင်ရာ အကူအညီတွေကို ဒုက္ခသည်တွေဆီ အရောက်ပို့နိုင်ဖို့ ဘယ်လို အကောင်းဆုံး နည်းလမ်းတွေသုံးပြီး ပူးပေါင်းဆောင်ရွက် သွားကြမလဲ ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံထားရတဲ့ ဒုက္ခသည်တွေကို ကူညီဖို့ နိုင်ငံတကာက အကူအညီပေးမယ့် သူတွေကို ခွင့်မပြုရင် မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ လူသားတို့အပေါ် ကျူးလွန်တဲ့ ပြစ်မှုတစ်ခု အဖြစ်ကို ရောက်သွားနိုင်တယ်လို့ အီးယူက ပြောပါတယ်။ မြန်မာပြည်ထဲမှာ အကူအညီ အလွန်အမင်း လိုအပ်နေတဲ့သူတွေ အများအပြား ရှိနေပြီးတော့ သူတို့အတွက် ဖြစ်နိုင်တဲ့ နည်းလမ်းမှန်သမျှကို သုံးပြီး ကူညီသွားမယ်လို့ အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ ဟာဗီယာ ဆိုလားနား ကလည်း ပြောကြားခဲ့ပါတယ်။

အီးယူရဲ့ ကူညီကယ်ဆယ်ရေးဆိုင်ရာ မဟာမင်းကြီး လူးဝစ် မီခဲလ် ကတော့ မြန်မာနိုင်ငံကို ပြည်ဝင် ခွင့်ရခဲ့လို့ အရေးပေါ် အစည်းအဝေး အပြီးမှာပဲ မြန်မာနိုင်ငံဆီကို သွားနေပြီ ဖြစ်ပါတယ်။ သူဟာ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံတဲ့နေရာမှာ နိုင်ငံတကာက ကျွမ်းကျင်သူတွေရဲ့ ကူညီထောက်ပံ့မှုကို ဒုက္ခရောက်နေတဲ့သူတွေ ရရှိနိုင်ဖို့ အကောင်းဆုံး နည်းလမ်းတွေကို မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးလိမ့်မယ်လို့ အီးယူက ထုတ်ပြန်တဲ့ သတင်းကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ ဒုက္ခရောက်နေကြတဲ့သူတွေရဲ့ အသက်ကို ကယ်ဆယ်နိုင်ဖို့ မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာက အတွေ့အကြုံရှိတဲ့ ကျွမ်းကျင်သူတွေရဲ့ အကူအညီတွေကို လက်ခံသင့်တယ်လို့ မဟာမင်းကြီးက ပြောပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ဟာ လူသားချင်းစာနာမှု သက်သက်အတွက် ဖြစ်ပြီး နိုင်ငံရေးနဲ့ လုံး၀ မပတ်သက်ပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ ကလည်း မြန်မာပြည်ကို အကူအညီ ပေးချင်တာထက် တခြားဘာမှ မပိုပါဘူးလို့ အရေးပေါ် အစည်းအဝေးအပြီးမှာ မစ္စတာ မီခဲလ် ကပြောခဲ့ပါတယ်။

ကယ်ဆယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေအနေနဲ့ ဘက်မလိုက် ကယ်ဆယ်ရေး အလုပ်တွေကိုသာ လုပ်ကြမှာဖြစ်လို့ သူတို့ကို ပြည်ဝင်ခွင့်ဗီဇာ ပေးသင့်ကြောင်း၊ ဥရောပ ကော်မရှင်အနေနဲ့ ထောက်ပံ့ကြေးတွေ ထပ်ပြီးပေးဖို့ အသင့်ရှိနေ ပေမယ့်လည်း ကျွမ်းကျင်သူတွေမပါဘဲ ဒီထောက်ပံ့ငွေတွေဟာ အသုံးကြမှာမဟုတ်ကြောင်းကို အီးယူ ကူညီကယ်ဆယ်ရေးဆိုင်ရာ မဟာမင်းကြီး လူးဝစ် မီခဲလ် က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် ဥရောပကော်မရှင်က ယူရို ၂ သန်း ပေးခဲ့ပြီးပါပြီ။ ဒီငွေတွေကို ဘယ်လိုသုံးနေသလဲဆိုတာကိုတော့ ရန်ကုန်မြို့က ဥရောပ ကော်မရှင်ရုံး ပြောခွင့်ရသူ ဟန်းကာ အက်ဗိုက် က အခုလို ရှင်းပြပါတယ်။

“မုန်တိုင်းဒုက္ခသည်တွေအတွက် ဥရောပ ကော်မရှင်က ယူရိုငွေ ၂ သန်း ကူညီခဲ့ပါတယ်။ ဒီအလှူငွေတွေကို ကမ္ဘာ့ကြက်ခြေနီနဲ့ ကုလသမဂ္ဂလို နိုင်ငံတကာ အဖွဲ့အစည်းတွေကို ပေးခဲ့ပြီး သူတို့ကနေတဆင့် ကယ်ဆယ်ရေးပစ္စည်းတွေ ဖြန့်ဖြူးပေးနေပါတယ်။ အဓိကကတော့ ပလက်စတစ် အမိုးအကာ၊ သောက်ရေသန့် တို့လို ဒုက္ခသည်တွေ တကယ်လိုအပ်နေတဲ့ ပစ္စည်းတွေကို ပေးဝေနေတာပါ။”

မြန်မာနိုင်ငံဆိုင်ရာ ဥရောပကော်မရှင်ရုံးက မစ္စ ဟန်းကာ အက်ဗိုက် ပြောခဲ့တာပါ။ ဗြိတိန်အစိုးရရဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ပထမဆုံးအသုတ် လေယာဉ်ဟာလည်း ဒူဘိုင်း မြို့ကနေ ရန်ကုန်မြို့ဆီကို မနေ့ညတုန်းကပဲ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ မုန်တိုင်းဒုက္ခသည် မိသားစုပေါင်း ၉,၀၀၀ ကျော်လောက်အတွက် လုံလောက်နိုင်မယ့် ပလက်စတစ်အမိုးအကာတွေ တင်ဆောင်သွားတဲ့ လေယာဉ်ဟာ ရန်ကုန်မြို့ဆီကို သွားနေပြီလို့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဗြိတိသျှဝန်ကြီး ဒေါက်ကလက်စ် အလက်ဇန်းဒါးက အတည်ပြု ပြောခဲ့ပါတယ်။ ကယ်ဆယ်ရေး ပစ္စည်းတွေ တင်ဆောင်ထားတဲ့ နောက်ထပ် လေယာဉ် ၄ စင်းဟာလည်း ရန်ကုန်မြို့ကို သွားနိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

မြန်မာနိုင်ငံထဲကို ကယ်ဆယ်ရေးဆိုင်ရာ အကူအညီတွေရောက်အောင် ဘယ်လို အကောင်းဆုံး လုပ်ပေးသင့်သလဲဆိုတဲ့အပေါ်မှာ ဒေသတွင်းမှာရော၊ နိုင်ငံတကာမှာပါ သဘောတူညီမှု ရနိုင်ဖို့ ဗြိတိန်က သံတမန်နည်းနဲ့ အစွမ်းကုန် ကြိုးစားနေတယ်လို့ မစ္စတာ အလက်ဇန်းဒါးက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG