သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးဒုက္ခမအေးခင် ဆန္ဒခံယူပွဲလုပ်မည့်ကိစ္စ အဲန်အယ်လ်ဒီ ကန့်ကွက်


လေမုန်တိုင်းဘေးဒဏ် အပြင်းအထန် ခံခဲ့ရတာတွေကနေ ပြန်လည်နလံ မထူနိုင်သေးတဲ့ အချိန်မှာပဲ မြန်မာ စစ်အစိုးရကတော့ သူ့ရဲ့ အခြေခံဥပဒေ ဆန္ဒခံယူပွဲကို အပြီးသတ်နိုင်ဖို့ကိုသာ တက်သုတ်ရိုက် လုပ်ဆောင်နေတာဟာ မလုပ်သင့်မလုပ်ထိုက်တဲ့ ကိစ္စတခုအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) က ပြစ်တင်လိုက်ပါတယ်။ လေမုန်တိုင်းသင့်ရာ နေရာတွေမှာ ဆန္ဒခံယူပွဲတွေ အပြီးသတ် ကျင်းပဖို့ လုပ်နေတာမို့ ဒုက္ခရောက်နေသူတွေအဖို့ တပူပေါ် နှစ်ပူဆင့်တဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့ အဲန်အယ်လ်ဒီ ကပြောဆိုလိုက်တာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက အစီရင်ခံထားပါတယ်။

မေလ (၁၀) ရက်နေ့မှာ နိုင်ငံနဲ့အဝန်း ဆန္ဒခံယူပွဲတွေ ကျင်းပဖို့ စီစဉ်ထားပေမယ့် လေမုန်တိုင်း ဒဏ်ခံခဲ့ရလို့ အတိဒုက္ခရောက်ခဲ့ရတဲ့ ဒေသတွေမှာ အစီအစဉ်တွေကို နောက်ထပ် ၂ ပတ် ရေ့ွှ့ဆိုင်း ခဲ့ပေမယ့် အခု ဒီအချိန် ကုန်ဆုံးတော့မယ့် အချိန်မှာ အာဏာပိုင်တွေဖက်က အပြီးသတ် လုပ်ကိုင်နိုင်ဖို့ ပြင်ဆင်နေတာမို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) က ကန့်ကွက် ပြောဆိုလိုက်တာပါ။ လေမုန်တိုင်းဘေးဒဏ် သင့်ခဲ့တဲ့ နေရာတွေမှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းမဆိုထားနဲ့ အရေးပေါ် အကူအညီပေးရေး လုပ်ငန်းတွေတောင် ဆောင်ရွက်နိုင်စွမ်း မရှိတဲ့ အခြေအနေမျိုးမှာ သေမယ့်နေ့ ထိုင်စောင့်နေရတဲ့ အဖြစ်မျိုးနဲ့ ကြုံနေရတာမို့ ဒီလို လုပ်ဆောင်မယ့် ကိစ္စဟာ မလုပ်သင့် မလုပ်ထိုက်တဲ့ လုပ်ရပ်အဖြစ် အဲန်အယ်လ်ဒီ က ပြောဆိုလိုက်တာပါ။

“လူတွေ သေဆုံး၊ ပျောက်ဆုံး၊ အိမ်ထောင်စုစာရင်းဆိုတာလည်း မရှိ၊ မှတ်ပုံတင် ဆိုတာလည်း ဘယ်ရောက်မှန်းမသိ။ အဲဒီလောက် အခြေအနေမှာ ဘယ်လိုလုပ်ပြီး မဲပေးနိုင်မလဲ။ လူတွေဟာ နက်ဖန်ခါ ဘာရောဂါရလို့ ဘယ်လို သေကြအုံးမလဲ၊ သေတဲ့သူတွေကလည်း သောင်းနဲ့ချီပြီး သေခဲ့ကြပြီ။ နောက်ထပ် ဘယ်တော့ ကိုယ့်အလှည့်ရောက်မလဲဆိုတာ စဉ်းစားနေကြတဲ့အချိန်မှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပအုံးမယ်ဆိုတော့ ဒါဟာပေါ့ဗျာ - ကျနော် စဉ်းစားကြည့်ပါတယ်။ ဒါကတော့ဖြင့် တကယ့်ကို လူလူချင်း မေတ္တာ၊ မုဒိတာ၊ ကိုယ်ချင်းစာစိတ် ထားသင့်ပါတယ်လို့ ကျနော်တို့က အဲဒါကို ပြောတာပါ။”

အဲန်အယ်လ်ဒီပါတီ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးသိန်းမြင့် ဖြစ်ပါတယ်။ အဲန်အယ်လ်ဒီက ဒီကိစ္စနဲ့ ပတ်သက်လို့ ဒီကနေ့ပဲ ကြေညာချက်တစောင် ထုတ်ပြန်ပြီး မြန်မာစစ်အစိုးရကို ပြစ်တင်ဝေဖန် လိုက်ပါသေးတယ်။ လေမုန်တိုင်းဘေးဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ ဧရာဝတီတိုင်းထဲက နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့လည်း ကိုယ်တိုင်လည်း မော်လမြိုင်ကျွန်း ဇာတိသား ဖြစ်တဲ့ ဦးသိန်းမြင့်က အခုလို ဆိုပါသေးတယ်။

“ဒီလေမုန်တိုင်းက ကျနော် ပြောရရင် ကျနော် မော်လမြိုင်ကျွန်းသား ဖြစ်ပါတယ်။ ဒီဒေသမှာ ဒီလောက်ကြီးကျယ်တဲ့ ပြင်းထန်တဲ့ ပျက်ဆီးဆုံးရှုံးမှုမျိုး ကျနော့် တသက်နဲ့တကိုယ် အသက် ၆၀ ကျော်ပါပြီ။ တခါမှ မမြင်ဖူးပါဘူး။ ကျနော် ကြားလည်း မကြားဖူးပါဘူး။ အခုဟာက ဘိုကလေးလို မြို့မျိုးမှာဆိုရင် အိမ်တစ်လုံးမှ အကောင်းမကျန်ရစ်တော့ပါဘူး။ အဲဒီလောက် ဒုက္ခတွေဗျာ။ လူတွေ သောင်းနဲ့ချီပြီးတော့ သေဆုံးနေရတဲ့ဒုက္ခတွေ၊ တချို့ဆိုရင် မိသားစုထဲမှာမှ တစ်ယောက်ပဲကျန်၊ စိုက်ပျိုးစရာ ကျွဲနွားမရှိ၊ ထွန်မရှိ၊ မျိုးစိမရှိ၊ စားစရာ ဝမ်းစာ မရှိတော့တဲ့ အဲဒီလို ဒုက္ခတွေ ကြုံနေရတဲ့ အချိန်။ ဘယ်လို ဆက်ပြီးတော့ အသက်ရှင်ရမှန်းတောင် မသိတဲ့ အခြေအနေမျိုးမှာ ဆန္ဒခံယူပွဲကို ဘယ်လိုလုပ်ပြီးတော့ သူ ဆန္ဒမဲ ပေးရမလဲ။ အဲဒီဟာကို ကျနော်တို့က အခြေအနေနဲ့ မကိုက်ညီဘူးလို့ ပြောတာပါ။ ပြီးတော့လည်း မော်လမြိုင်ကျွန်းအောက်က ညီနောင် ဆိုတဲ့ရွာမှာ နှစ်ထပ်ကျောင်း အသစ်ကြီးဟာ ဆောက်ပြီးမှ တစ်နှစ်ပဲ ရှိသေးတယ်။ အဲဒါက ဒီလှိုင်းဒဏ်ကြောင့် ပါသွားပြီးတော့ သစ်တိုတစ်ချောင်းတောင် မကျန်ရစ်အောင် လုံးလုံးပျောက်သွားတယ် ဆိုတော့ ဒီဟာက ဘယ်လောက်ထိ ပြင်းထန်သလဲ ဆိုတာ ခန့်မှန်းကြည့်ပါ။”

အဲန်အယ်လ်ဒီပါတီက ဦးသိန်းမြင့်ကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။ တကယ်တော့ လေမုန်တိုင်းကျရောက်ခဲ့လို့ လူပေါင်း သိန်းသောင်းချီသေဆုံးပြီး သန်းနဲ့ချီ ဒုက္ခရောက်ကြရတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့နောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန် ကီမွန်း ကိုယ်တိုင်က ကယ်ဆယ်ရေး လုပ်ငန်းတွေကိုသာ အာရုံစိုက် ဆောင်ရွက်ဖို့၊ ဆန္ဒခံယူပွဲကို ရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့ ပေမယ့် မြန်မာစစ်အစိုးရဖက်ကတော့ လျစ်လျူရှုခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG