သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ကျွမ်းကျင်သူ မလိုအပ်ဟု ထိုင်းဝန်ကြီး ချုပ်ကို စစ်အစိုးရ တုံ့ပြန်


လေမုန်တိုင်းဘေးဒဏ် ခံရသူတွေအတွက် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေတဲ့ အပေါ် မြန်မာစစ်အစိုးရကို နားချဖို့ မြန်မာနိုင်ငံကို နေ့ချင်းပြန် သွားရောက်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် သူ့ရဲ့ခရီးစဉ် ရည်ရွယ်ချက် အထမြောက်တဲ့ ပုံတော့ မရှိပါဘူး။ မြန်မာစစ်အစိုးရက အခြေအနေတွေကို ထိန်းချုပ်နိုင်တဲ့ ပြည်ပက ကျွမ်းကျင်သူတွေတောင် မလိုဘူးဆိုပြီး သူ့ကို ပြန်ပြော လိုက်တာပါ။ ထိုင်းဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ စုံစမ်းလို့ ရသမျှ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ လေမုန်တိုင်းဒဏ်ခံရသူတွေအတွက် နိုင်ငံတကာက ကူညီဖို့ ကမ်းလှမ်းမှုတွေ ရှိနေပေမယ့် ကယ်ဆယ်ရေးလုပ်သားတွေ ကိုယ်တိုင်ကိုယ်ကျ ဝင် ရောက်လုပ်ကိုင်ဖို့ ကိစ္စမှာတော့ လက်ခံဖို့ နှောင့်နှေးနေဆဲ ဖြစ်တဲ့အပေါ် တိုက်တွန်းမယ်ဆိုပြီး ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ဒရာေ၀ က ခရီးစဉ်မတိုင်ခင်မှာ ပြောထားပေမယ့် ဒါတွေအောင်မြင်မှု ရခဲ့တဲ့ အခြေအနေမှာ မရှိပါဘူး။ မြန်မာနိုင်ငံမှာ လူပေါင်း သန်း ၆၀ ရှိပြီးတော့ ပုဂ္ဂလိက ကဏ္ဍက ပြဿနာကို ကိုင်တွယ်နိုင်တဲ့ အကြောင်း ၂ နာရီကျော်ကြာ တွေ့ဆုံခဲ့အပြီး ထိုင်းဝန်ကြီးချုပ်ကို မြန်မာစစ်အစိုးရ ဝန် ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန် က ပြောဆိုလိုက်တာပါ။ မြန်မာစစ်အစိုးရရဲ့ ရုပ်မြင်သံကြား သတင်းမှာလည်း ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ သတင်းအကျဉ်း ပြသခဲ့ပြီး လေမုန်တိုင်းဒဏ် ခံရသူတွေအတွက် လိုအပ်ချက်တွေဟာ ပြည့်စုံနေပြီး ဘာမှ မလိုကြောင်း မြန်မာဝန်ကြီးချုပ်က တုံ့ပြန်ပြောဆိုခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဘန်ကောက်ကို နေ့ချင်းပြန် ပြန်ရောက်လာတဲ့ ထိုင်းဝန်ကြီးချုပ် ကလည်း ရောက်ရောက်ချင်း ဆိုသလိုပဲ သတင်းထောက်တွေကို ပြန်ပြောခဲ့တာပါ။ ကယ်ဆယ်ရေးလုပ်ငန်း အခြေအနေနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုရာမှာတော့ အစိုးရရဲ့ ယာယီ ကယ်ဆယ်ရေး စခန်းကို သွားရောက် ကြည့်ရှုပြီး ကယ်ဆယ်ရေး ပစ္စည်းတချို့ ကိုယ်တိုင်ပေးခဲ့တဲ့ အတွေ့အကြုံကို ပြောပြရာမှာ

“ဒုက္ခသည်တွေအတွက် စားစရာသောက်စရာ အိုးခွက်ပန်းကန်တွေ၊ ဇွန်းတွေ ရှိပါတယ်။” - ဆိုပြီး ထိုင်းဝန်ကြီးချုပ် က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ သူတို့ရင်ဆိုင်နေရတဲ့ ပြဿနာနဲ့ ပတ်သက်လို့လည်း ယုံကြည်မှုရှိပြီးတော့၊ ရောဂါပျံ့ပွားနေတာတွေလည်း မရှိ၊ အငတ်ဘေး ကြုံနေတာတွေလည်း မရှိ၊ မိုးခေါင်ရေရှား ဖြစ်နေတာလည်း မရှိဘူးလို့ သူ့ကို အာဏာပိုင်တွေဖက်က ပြောတယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ဆိုပါတယ်။ ဒါပေမယ့်လို့ နိုင်ငံတကာကပေးမယ့် အကူအညီတွေကိုတော့ လက်ခံဖို့ မြန်မာစစ်အစိုးရက ဆန္ဒရှိပြီးတော့ နိုင်ငံတကာက ကျွမ်းကျင်သူတွေကိုတော့ မလိုဘူးလို့လည်း သူ့ကို ပြောလိုက်တယ်လို့ ပြောပါတယ်။

တကယ်တော့ အကူအညီပေးရေး လုပ်ငန်းတွေနဲ့ပတ်သက်လို့ မြန်မာစစ်အစိုးရက နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်း ဆောင်ရွက်မှု မရှိတာကြောင့် ပြစ်တင်ဝေဖန်တာတွေ၊ တိုက်တွန်းတာတွေ နေ့စဉ်နေ့တိုင်းလိုလို ထွက်ပေါ်နေတာပါ။ မြန်မာစစ်အစိုးရက ဒီလို ကူညီစရာမလိုဘူးလို့ ပြောဆို နေပေမယ့် ကုလသမဂ္ဂ ကယ်ဆယ်ရေး အဖွဲ့တွေကတော့ အနည်းဆုံး အမေရိကန် ဒေါ်လာ ၁၇၈ သန်း လိုမယ်ဆိုပြီး ခန့်မှန်းထားတာပါ။ တချိန်တည်းမှာ လတ်တလော မြန်မာနိုင်ငံကို ရောက်လာတဲ့ ကယ်ဆယ်ရေးပစ္စည်း တချို့ဟာလည်း ပြင်ပကို ထုတ်ရောင်းနေတာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေတာမို့ အကူအညီတွေကို ဖြန့်ဝေတာတွေ အပါအဝင် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ နိုင်ငံတကာက ကျွမ်းကျင်သူတွေ ပါဝင်ဆောင်ရွက်ဖို့က အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG