သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးဒဏ်သင့်ဒေသအတွင်း ဝမ်း ရောဂါကြောင့် သေဆုံးမှုများ ရှိနေ


မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသရဲ့ တချို့နေရာတွေမှာ လေမုန်တိုင်းဘေးက လွတ်ကင်းခဲ့တဲ့ ပြည်သူတွေထဲမှာ နောက်ဆက်တွဲ ကျန်းမာရေး အခြေအနေတွေကြောင့် သေဆုံးမှုတွေ ရှိနေပြီလို့ သိရပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ထိုင်းအခြေစိုက် ဗီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က စုံးစမ်းတင်ပြထားပါတယ်။

တွံတေးနယ်ဘက်မှာဆိုရင် ရေမသန့်ရှင်းတာကြောင့် မိုလို့ ဝမ်းလျောရောဂါတွေ ဖြစ်ပြီးတော့မှ တချို့ သေဆုံးမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ အဲဒီဒေသတွေမှာဆိုရင် တချို့မိသားစုလိုက် သေဆုံးတာတွေတောင် ရှိနေတယ် ဆိုပြီးတော့မှ ဒေသခံတစ်ယောက်က အခုလို ပြောပြပါတယ်။

“အခု ဝမ်းရောဂါဖြစ်နေတဲ့သူက သံလျင်မှာ အသက် ၄၃ နှစ်အရွယ်ရှိတဲ့ ကိုအောင်ကျော်မိုး၊ နောက်တခြား ကျေးရွာတခုမှာလည်း မိန်းကလေးငယ်တစ်ဦး ၉ ရက်နေ့က ဝမ်းရောဂါနဲ့ဆုံးလို့ အသုဘချတယ်။ တွံတေးဘက်မှာလည်း မိန်းကလေး နှစ်ဦး ဝမ်းရောဂါဖြစ်တယ်လို့ ကြားတယ်။ နောက် သံလျင်မြို့နယ် ဘုရားကြီးကုန်း ကျေးရွာမှာ မိသားစု ၅ ဦးစလုံး ဖြစ်တယ်လို့ ကြားရတယ်။ ဝမ်းရောဂါနဲ့ သေကြတာပါ။ နောက် တခြား ဝမ်းရောဂါ ခံစားနေရလို့ ဆေးရုံမှာ တင်ထားရတဲ့ သူကလည်း ၇ ဦး ၈ ဦးလောက် ရှိပါတယ်။”

နောက် သက်ကယ်တောင်ဘက်ကိုသွားပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ အဖွဲ့ဝင်တစ်ယောက်နဲ့ အဆက်အသွယ် ရပါတယ်။ ရတော့ သူက ပြောပြတာကတော့ အဲဒီ ဒေသဘက်တွေမှာ ဆိုလို့ရှိရင် မုန်တိုင်းအတွင်းမှာ သေဆုံးသွားတဲ့လူတွေရဲ့ အလောင်းတွေက အခုချိန်ထိ ပေါလောမျောနေတုန်းပဲ လို့ သူက ပြောပါတယ်။ သူ့ တွေ့မြင်ချက်အရဆိုရင် တချို့နေရာတွေမှာဆိုရင် နှစ်လောင်းတွဲ သုံးလောင်းတွဲ မျောနေကြပြီး အားလုံး စုစုပေါင်း သူ မြင်တွေ့ရတာဟာဆိုရင် အလောင်း ၃၀ လောက် မျောနေတုန်းပဲလို့ သူက ပြောပါတယ်ခင်ဗျ။ အဲဒီဘက်ဒေသတွေကတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသတွေ ဖြစ်ပါတယ်။ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ အခုချိန်ထိ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မရောက်သေးဘူးလို့လည်း ပြောပါတယ်။

အဲဒီဘက်က လူတွေရဲ့ နေထိုင်စားသောက်မှုတွေနဲ့ ပတ်သက်လို့ မေးတဲ့အခါမှာတော့ လမ်းပန်း ဆက်သွယ်ရေးကောင်းတဲ့ တချို့ရွာကြီးတွေကို ရောက်လာတဲ့ တချို့ စားနပ်ရိက္ခာတွေကို အဲဒီ ခက်ခဲတဲ့ရွာက လူတွေက သွားရောက်ယူပြီးတော့မှ မျှတစားရတယ်လို့ ပြောပါတယ်။

ဒီလိုအကူအညီတွေလိုအပ်နေတဲ့ ဒုက္ခသည်တွေဆီကို နိုင်ငံအဝှမ်းက အကူအညီတွေ ပေးပို့ကြတာ ရှိမရှိဆိုတာနဲ့ပတ်သတ်လို့ သိရအောင် အလှူလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့လူတွေကို မေးကြည့်တဲ့ အခါမှာတော့ မြင်းခြံမြို့ဘက်မှာဆိုလို့ရှိရင် မြင်းခြံမြို့က ကုန်သည်တွေ၊ နောက်ပြီးတော့ ပြည်သူတွေက အားလုံးစုပေါင်းပြီးမှ အလှူငွေ ကောက်ခံတာ သိန်း ၆၀ လောက် ရတယ်လို့ ပြောပါတယ်။ အဲဒီအချိန်မှာ တချို့ ကုန်စိမ်းကုန်သည် တချို့ကဆိုရင် ထန်းလျက်၊ ကြက်သွန်လို စတဲ့ စားသောက်စရာ ပစ္စည်းတွေနဲ့ တချို့ဆိုလို့ရှိရင် အဝတ်အထည်တွေလည်း ပါဝင်ပြီး လှူဒါန်းကြတယ်လို့ သိရပါတယ်။

ဒါပေမယ့် အဲဒီလို ကောက်ယူပြီးရရှိတဲ့ ပစ္စည်းတွေကို ဧရာဝတီတိုင်းက တကယ် ဒုက္ခရောက်နေတဲ့ သူတွေဆီကို ပို့ဆောင်ဖို့ကိစ္စမှာတော့ ဒေသခံ ခယက အာဏာပိုင်တွေကနေ ကားတွေကို ထွက်ခွင့် မပြုခဲ့ဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ကတည်းကပါ။ ကူညီကယ်ဆယ်ရေးကားတွေ သွားမယ်ဆိုလို့ရှိရင် သူတို့ကို ၈၀၀,၀၀၀ ပေးရမယ်ဆိုပြီးတော့မှ တောင်းဆိုတယ်လို့လည်း ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒါပေမယ့် ဒီနေ့ နောက်ဆုံးရရှိတဲ့သတင်းအရ ဆိုရင်တော့ တချို့ကားတွေဟာ အဲဒီ ဧရာဝတီတိုင်း ဘက်ကို ထွက်သွားနေပြီ။ ဘယ်လိုနည်းနဲ့ စီစဉ်ပြီး ထွက်သွားတယ် ဆိုတာကိုတော့ သေသေချာချာ မသိရဘူးလို့ ဒေသခံက ပြောပါတယ်။ အဲဒီ မြင်းခြံမြို့မှာ အခုဖြစ်နေတဲ့ ပြဿနာကတော့ ကူညီလှူဒါန်းလိုသူတွေက အများအပြား ရှိနေတယ်။ ဒါပေမယ့် သူတို့ လှူဒါန်းတဲ့ပစ္စည်းတွေကို အဲဒီဒုက္ခသည်တွေရဲ့လက်ထဲကို တိုက်ရိုက်မရောက်မှာကို စိုးရိမ်နေကြတယ်လို့ အဲဒီဒေသခံကပဲ ပြောပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG