သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းကြောင့် ဒုတိယကပ်ဆိုးကြီး ကြုံရနိုင်ခြေ နိုင်ငံတကာကြက်ခြေနီ သတိပေး


မြန်မာနိုင်ငံမှာ ဒုတိယအကြိမ် ကပ်ဘေးကြီးသာ ကျရောက်လာမယ်ဆိုရင် အခြေအနေ
တွေ ပိုပြီးဆိုးရွားလာမှာမို့ အလွန်အမင်း စိုးရိမ်မိကြောင်း ကြက်ခြေနီနဲ့ လခြမ်းနီများ
အဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ခုချိန်ထိ ဒီလိုမဖြစ်သေးပေမယ့် ဖြစ်လာမယ့်အလားအလာကို စိုးရိမ်နေကြတာပါ။ နောက်ထပ် ဆိုင်ကလုံးမုန်တိုင်းတခု၊
ဒါမှမဟုတ် လေမုန်တိုင်းတခုသာ ကျရောက်မယ်ဆိုရင်လည်း ပိုဆိုးရွားသွားဖွယ်ရှိပြီး ရောဂါဖြစ်ပွားမှုတွေ တိုးလာမှာကို စိုးရိမ်နေရကြောင်း ဆိုပါတယ်။ အပြည့်အစုံကို
ဘန်ကောက်ကနေ ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထား
ပါတယ်။

ဒုတိယအကြိမ် ကပ်ဘေးကြီးကျရောက်မယ့်အပေါ် စိုးရိမ်မှုရှိနေတာကို ဒီကနေ့ ထိုင်း
နိုင်ငံ၊ ဘန်ကောက်မြို့၊ နိုင်ငံခြားသတင်းထောက်များအသင်းမှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲတခုအတွင်း နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်းများအဖွဲ့ချုပ်
(IFRC) တာဝန်ရှိသူတွေက ပြောခဲ့ကြတာပါ။

IFRC အဖွဲ့ရဲ့ သတင်းပြန်ကြားရေးကိုယ်စားလှယ် မစ္စတာ ဂျိုး လောင်ရီ (Mr. Joe
Lowry) က …

“အခုချိန်ထိတော့ မဖြစ်သေးပါဘူး။ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ ဖြစ်လာမှာကို
ကျနော်တို့ အရမ်းစိုးရိမ်နေပါတယ်။ ဖြစ်လာခဲ့ရင် အသင့်လျော်ဆုံးနဲ့ အမြန်ဆုံးတုံ့ပြန်
နိုင်အောင် ကျနော်တို့ ကြိုးစားပြင်ဆင်နေပါတယ်။” လို့ ပြောသွားခဲ့ပါတယ်။

မစ္စတာ ဂျိုး လောင်ရီဟာ မြန်မာနိုင်ငံမှာ ၆ ရက်ကြာနေထိုင်ခဲ့၊ ရန်ကုန်မြို့ အပြင်ဘက်
ကီလိုမီတာ ၂၀ လောက်အကွာမှာရှိတဲ့ ဒုက္ခသည်တွေကို နေရာချပေးထားတဲ့ စခန်း
တွေဆီ သွားရောက်ခဲ့ပြီး ဒီကနေ့မှာမှ ရန်ကုန်မြို့ကနေ ဘန်ကောက်မြို့ကို ပြန်ရောက်
လာတာပါ။

လာမယ့် ၆ ရက်အတွင်း မိုးရေချိန် ၁၂ စင်တီမီတာအထိ ရွာသွန်းဖွယ်ရှိတာကြောင့်
လည်း အလွန်အမင်း စိုးရိမ်မှုရှိနေတယ်လို့ သူက ပြောခဲ့ပါသေးတယ်။

“ဆိုးရွားလာနေတဲ့ ရာသီဥတုအပေါ် ကျနော်တို့ စိုးရိမ်ပူပန်နေပါတယ်။ လူတွေဟာ ပုံမှန်အနေအထားထက် ဆိုးရွားတဲ့ အခြေအနေမှာ နေနေကြရပါတယ်။ ရန်ကုန်မြို့
ပတ်ဝန်းကျင်နဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ လူတွေဟာ စာသင်ကျောင်းတွေ၊ ဆေးရုံ
တွေ၊ ဘုရားဝင်းတွေထဲမှာ နေနေကြရပါတယ်။ အဲဒီအဆောက်အဦးတွေမှာ ခေါင်မိုး
တွေကလည်း ရှိတာမဟုတ်ပါဘူး။ သူတို့ပတ်ပတ်လည်မှာလည်း ရေကဖုံးလွှမ်းနေတာ
ပါ။ သန့်ရှင်းရေးအခြေအနေက အရမ်းကိုဆိုးရွားလွန်းပြီး သူတို့မှာ သောက်ရေ သုံးရေ
လည်း မရှိပါဘူး။ သူတို့တွေဟာ အမိုးအကာတွေ အရေးတကြီးကို လိုအပ်နေပါတယ်။”
လို့ မစ္စတာ ဂျိုး လောင်ရီက သူတွေ့ကြုံခဲ့ရတာကို ပြန်ပြောပါတယ်။

အမိုးအကာတွေ၊ သောက်ရေသုံးရေတွေကို IFRC က ဖြန့်ဖြူးပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့အထိဆိုရင် IFRC ရဲ့ အကူအညီပစ္စည်းတွေပါတဲ့ လေယာဉ် ၁၄ စီး
ရောက်ခဲ့ပြီးပြီဖြစ်ပြီး မနေ့ကတရက်ထဲမှာကို လေးစီးရောက်ခဲ့သလို နောက်ထပ်
လာနေတာတွေလည်း ရှိပါတယ်လို့ သူကပြောပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသကို အကူအညီတွေ ရောက်နေပြီဖြစ်ပြီး ရန်ကုန်ပတ်ဝန်းကျင်မှာ
လည်း အကူအညီတွေ ဖြန့်ဝေပေးခဲ့တယ်လို့ IFRC ရဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့
အကြီးအကဲ မစ္စ ဘရစ်ဂျစ် ဂါရ်ဒ်နာ (Bridget Gardner) ကပြောကြောင်း မစ္စတာ ဂျိုး
လောင်ရီက ပြန်ပြောပြပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်မှာကိုပဲ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က
ပေးအပ်တဲ့ ဆန်တန်ချိန် ၃၀ ကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကနေတဆင့် ဖြန့်ဝေပေးခဲ့ပါသေးတယ်တဲ့။

ဒါပေမယ့် အကူအညီ မရသေးတဲ့လူတွေ အများကြီးရှိနေသေးပြီး တချို့နေရာတွေကို
သူတို့ မသွားရောက်နိုင်သေးတာကိုလည်း ဝန်ခံပြောကြားခဲ့ကြပါတယ်။ IFRC ရဲ့
မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲဟောင်းဖြစ်ပြီး လက်ရှိမှာ ဘန်ကောက်
အခြေစိုက် IFRC လုပ်ငန်းညှိနှိုင်းရေးမှူး မစ္စ ဂျိုအန်နာ မက်ကလင်း (Ms. Joanna
Mclean) က …

“မြစ်ဝကျွန်းပေါ်ဒေသက လူတွေအတွက် လုပ်ပေးစရာတွေ အများကြီးလိုနေပါသေး
တယ်။ ကြက်ခြေနီအဖွဲ့အနေနဲ့ ကူညီနိုင်တယ်လို့ ကျမယုံကြည်ပါတယ်။ ဒါဟာ ရေရှည်
လုပ်ငန်းစဉ်ပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ အများကြီး ပိုလုပ်နိုင်တယ်ဆိုတာ ကျမ ယုံကြည်ပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာလည်း နည်းလမ်းအမျိုးမျိုးနဲ့ လုပ်နိုင်တာတွေ
ရှိပါတယ်။ ဒါဟာ ကျမတို့လုပ်ဖို့ ကြိုးစားနေတာပါပဲ။” လို့ ပြောခဲ့ပါတယ်။

ဆေးဝါးပစ္စည်းတွေ၊ ဆေးဘက်ဝန်ထမ်းတွေ အလုံအလောက်ရှိတာ တွေ့ခဲ့ရပါသလား
လို့ မစ္စတာ ဂျိုး လောင်ရီကို ဗွီအိုအေမြန်မာပိုင်းက မေးခဲ့ပါတယ်။

“မရှိသေးပါဘူး။ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ အကောင်းဆုံး လုပ်ဆောင်
နေပါတယ်။ ဒါပေမယ့် သူတို့မှာရှိတဲ့ ပစ္စည်းကိရိယာတွေအားလုံးဟာ ဆိုးဆိုးရွားရွား ပျက်စီးကုန်ပါတယ်။ ဒါကြောင့် လိုအပ်တာတွေ ရှိနေပါတယ်။ အထူးသဖြင့် ရှေးဦး
သူနာပြု ပစ္စည်းတွေပါ။” လို့ ပြန်ဖြေခဲ့ပါတယ်။

ဆရာဝန်တယောက်က လူနာဘယ်နှစ်ယောက်ကို တာဝန်ယူကုသနေရတယ်ဆိုတာ
သူ တိတိကျကျ မပြောနိုင်ပေမယ့် ဆေးဝန်ထမ်း ၄-၅ ယောက်ဟာ လူ ၂၀၀ လောက်
ကို တနေကုန် ပြုစုကုသနေကြရတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေရဲ့ ပူးပေါင်း
ဆောင်ရွက်မှုပေါ် ကျေနပ်အားရမှုရှိမရှိ ဝေဖန်ပြောကြားဖို့ မစ္စတာ ဂျိုး လောင်ရီက ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် IFRC ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ မစ္စ ဘရစ်ဂျစ်
ဂါရ်ဒ်နာကတော့ မြစ်ဝကျွန်းပေါ်ဒေသက ပြန်ရောက်လာပြီးတဲ့နောက် ဒေသဆိုင်ရာ
ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ ဆောင်ရွက်ချက်တွေ၊ သူတို့နဲ့ ကြက်ခြေနီအဖွဲ့ကြား ပူးပေါင်းဆောင်ရွက်မှုတွေကိုသာ ချီးကျူးပြောကြားခဲ့တယ်လို့ မစ္စတာ ဂျိုး လောင်ရီက ပြန်ပြောပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG