သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲကို မြန်မာနိုင်ငံသို့ စေလွှတ်ဖို့ရှိ


မြန်မာပြည်မှာ နာဂစ်ဆိုင်ကလုံးမုန်တိုင်းသင့်ပြီးတဲ့နောက် ပြဿနာ အကျပ်အတည်း ကြီးမားလာတဲ့ ကိစ္စကိုင်တွယ်ဖို့ ကုလသမဂ္ဂက လူသားချင်းစာနာမှု အေဂျင်စီ အကြီးအကဲကို မြန်မာနိုင်ငံကို စေလွှတ်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။ အဲဒီ ကုလသမဂ္ဂအေဂျင်စီ အကြီးအကဲ ဂျွန်ဟုမ်းက လာမယ့် ရက်အနည်းငယ်အတွင်း WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် လေယာဉ်ပျံနဲ့ ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်ကာ မြန်မာပြည်ကို သွားရောက်မယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နယူးယောက်မှာ သတင်းထောက်များကို မကြာခင်က ပြောကြားပါတယ်။

လေဘေးဒုက္ခသည်များထံ နိုင်ငံတကာ ကယ်ဆယ်ရေး ပစ္စည်းများ အမြန်ဆုံး ရောက်ရှိရေး ကိစ္စဆွေးနွေးဖို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီဝင်နိုင်ငံများ မြန်မာ့ အိမ်နီးနားချင်း နိုင်ငံများက ကိုယ်စားလှယ်များနဲ့ အရေးပေါ်အစည်းအဝေး တရပ် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်က ခေါ်ယူကျင်းပခဲ့တာ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရက အလျော့အတင်းလုပ်လိုက်တာ ဧရာဝတီတိုင်း လေဘေးသင့်ပြီး သီတင်း နှစ်ပတ်လောက်အကြာမှာ တွေ့ရပေမယ့်လို့ အများကြီးလိုအပ်နေသေးတယ်လို့လည်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ပြောဆိုပါတယ်။

မြန်မာစစ်အစိုးရက ထောက်ပံ့ရေး ပစ္စည်းတချို့နဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတချို့ နိုင်ငံတွင်းကို ဝင်ရောက်ခွင့်ပြုပေမယ့် နိုင်ငံတကာ ကယ်ဆယ်ရေး ကြိုးပမ်းမှုကြီးတော့ အခိုင်အမာ ဆန့်ကျင်နေဆဲဖြစ်ပါတယ်။ လေဘေးသင့်ပြီးနောက်ပိုင်း ဒုက္ခသည် နှစ်သန်းခွဲလောက် အတိဒုက္ခရောက်နေကြဆဲဖြစ်တယ်လို့ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ထုတ်ဖော် ကြေညာပါတယ်။ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရောဂါကြောင့် သေဆုံးသူဦးရေ ထပ်ပြီး တိုးပွားလာနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားပါတယ်။ မြန်မာနိုင်ငံက အိမ်နီးနားချင်း ထိုင်း၊ တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံက စာနာမှုကယ်ဆယ်ရေး ဝန်ထမ်း (၁၆၀)စေလွှတ်ဖို့ ဖိတ်ခေါ်ထားတယ်လို့ ကုလသမဂ္ဂ စာနာမှု အေဂျင်စီ အကြီးအကဲက ထုတ်ပြောပါတယ်။ ဒါပေမယ့် ကယ်ဆယ်ရေး ရိက္ခာတွေ ဖြန့်ဖြူးရေးနဲ့ ကူညီဖို့ နိုင်ငံခြား ကျွမ်းကျင်သူတွေ မလိုအပ်ဘူးလို့ မြန်မာအာဏာပိုင်တွေက ပြောဆိုကြောင်း ထိုင်း ဝန်ကြီးချုပ် ဆမတ်ဆွန်ထရာဝေက ပြန်ပြီး ပြောပြပါတယ်။ ဝန်ကြီးချုပ် စမတ်က သူ မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့က ခဏရောက်ခဲ့စဉ်အတွင်း အာဏာပိုင်တွေက ငတ်မွတ်ခေါင်းပါးမှု၊ သို့မဟုတ် ရောဂါ ဖြစ်မှုမရှိဘူးလို့ ငြင်းဆိုလိုက်ပြီးနောက် လူခြောက်သိန်းအတွက် ကယ်ဆယ်ရေး စခန်းတွေ ထူထောင်ခဲ့တယ်လို့ ပြောဆိုကြောင်း သူက ပြန်ပြီးပြောပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG