သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လမ်းပမ်းဆက်သွယ်ရေး ခက်ခဲ၊ ရဟတ်ယာဉ် အကူအညီ အပူတပြင်းလို


နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ကြရတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသက တချို့နေရာတွေဟာ ရေလမ်း ကုန်းလမ်းကနေ ခရီးမပေါက်တာကြောင့် လေကြောင်းကနေ ရဟတ်ယာဉ်တွေနဲ့ အရေးပေါ် ဆေးဝါး စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေကို အမြန်ဆုံး မပေးပို့နိုင်ရင် ဒုက္ခသည်တွေ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပြီလို့ စေတနာ့ဝန်ထမ်း အနုပညာရှင်တွေက စိုးရိမ်နေကြပါတယ်။ အဲဒီဒေသတွေကို လှေငယ်လေးတွေနဲ့ ကိုယ်တိုင်သွားပြီးတော့ ကူညီခဲ့တဲ့ လူရွှင်တော် ကိုဇာဂနာကို မအေးအေးမာက ဆက်သွယ် မေးမြန်းထားပါတယ်။

ဧရာဝတီတိုင်းအတွင်းက မြောင်းမြ၊ လက်ပွတ်တာ၊ ဘိုကလေး စတဲ့နေရာတွေကို ကားလမ်းတွေက သွားမယ်ဆိုရင်လည်း တံတားတွေ ကျိုးပျက်နေပြီးတော့ ရေလမ်းကနေ လှေငယ်လေးတွေနဲ့ အနုပညာရှင်တွေက ခက်ခက်ခဲခဲ သွားရောက် ကြည့်ရှုတဲ့အခါမှာ မြို့တမြို့မှာ လူဦးရေ ၁,၅၀၀ နဲ့ ၂,၀၀၀ ကြားလောက်ရှိတဲ့ အုပ်စုပေါင်း ၂၀ လောက် ရှိနေပြီးတော့ အစားအသောက်၊ ရေ၊ အဝတ်အစား လုံးဝမရှိတာကြောင့် သေဆုံးရမယ့် အခြေအနေမှာ ရှိနေတယ်လို့လည်း ပြောပြပါတယ်။

စွယ်စုံအနုပညာရှင် ကိုဇာဂနာကတော့ သူတို့ရဲ့ လက်တွေ့ တွေ့ကြုံခဲ့ရတာတွေကို အခုလို ပြောပြပါတယ်။

“မြောင်းမြမှာဆိုလို့ရှိရင် စခန်းက ၃၀ လောက်ရှိတယ်။ အဲဒီစခန်း ၃၀ မှာ - ဥပမာနမူနာတခုပြောရင် စခန်းကြီးဆိုတဲ့ ရွာတခုရှိတယ်။ အဲဒီကိုဆိုရင် ၁ နာရီခွဲလောက် သွားရတယ်။ ရေထဲကနေ ဖြတ်ပြီးတော့ သွားရမှာ။ ပင်လယ်ဘက်ကနေ ဖြတ်ပြီးတော့ ရေထဲကနေ အဲဒီကိုသွားရမှာ။ အဲဒီမှာ ဒုက္ခသည် အရေအတွက်က ၁,၆၀၀ နဲ့ ၁,၈၀၀ လောက်ရှိတယ်။ သူတို့ဆီကို ဘာမှမလုပ်နိုင်ဘူး။ အကူအညီတွေ ဘယ်လိုမှ မပေးနိုင်ဘူး။ အဲဒီလူတွေက ဒီကို လာလို့လည်း မရဘူး။ နောက် အဲဒီသူတွေဆီမှာလည်းပဲ စားစရာသောက်စရာလည်း ဘယ်လိုမှ ရှိနိုင်တော့မယ် မထင်ဘူး။ နောက်ပြီးတော့ အဝတ်အစား၊ နေစရာအိမ်ဆိုတာလည်း ဘာမှမရှိဘူး။ အဲဒီလူတွေက ဒီလို ကျွန်းကြီး တကျွန်းပေါ်ကို ပစ်တင်ထားရတဲ့လူတွေလို ဖြစ်နေပြီ။ ဆိုတော့ အဲဒီလိုမျိုးနေရာ ၁၈ ခုလောက် ရှိနေတဲ့အခါမှာ လက်ပွတ်တာမှာလည်း အဲဒီလိုနေရာတွေက ၁၈ ခု၊ ၁၉ ခုလောက် ရှိတဲ့နေရာမှာ ကျနောတို့က အဲဒီ ဝဲလောက်တို့၊ ကန်လက်တို့ နောက်ပြီးတော့ နတ်မြစ်ချောင်းတို့ အဲဒီလိုနေရာတွေ ကနေ ကျနော်တို့ ဝင်ဖို့ကြိုးစားတဲ့အချိန်မှာ အဲဒီဘက်တွေမှာ နေရာ ၃၀ လောက်မှာလည်း ဘယ်လိုမှ ဝင်လို့မရဘူး။”

သူတို့အနေနဲ့ လှေငယ်လေးတွေနဲ့ သွားတဲ့အခါမှာ ရေထဲမှာ သစ်ပင်တွေ၊ အမိုက်သရိုက်တွေ၊ လူသေတွေ ပြည့်နေပြီးတော့ လှေနဲ့သွားတဲ့အခါမှာလည်း ပစ္စည်းများများစားစား တင်လို့မရတဲ့ အတွက် သူတို့အနေနဲ့ အတော်လေးလည်း စိတ်မကောင်း ဖြစ်နေရကြပါတယ်။

“အဲတော့ ကျနော်တို့က အဲဒီလို ဟယ်လီကော်ပတာလေး ဘာလေးနဲ့များ ထားပေးလို့ရရင်တော့ သိပ်ကောင်းမှာပဲလို့တော့ ကျနော်တို့က တောင်းတတာပဲ။ ကျနော်မှမဟုတ်ဘူး။ ဒီအလုပ်ကို သယ်ယူပို့ဆောင်ရေးနဲ့ ပစ္စည်းဖြန့်ဖြူးရေး လုပ်နေတဲ့ ကျနော်တို့ အနုပညာရှင်တွေ ပြည်သူတွေ အားလုံးကလည်း ဒီခံစားချက်က အတူတူချည်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပေးချင်တယ်။ ပစ္စည်းကို ပေးချင်ပေမယ့် ပေးလို့မရတဲ့အတွက် မပေးရလို့ ဝမ်းနည်းနေတာ။ တကယ်လို့များ ဟယ်လီကော်ပတာနဲ့ လာချမယ်ဆိုရင် ပေးလို့ရရင် ကျနော်တို့ အကုန်လုံး ပေးချင်ပါတယ်လို့။ ကျနော်တို့ကတော့ အဲဒီလူတွေ ဒုက္ခရောက်ပြီး ကြာရင် ဘာမှမဟုတ်ဘဲနဲ့ ငုတ်တုတ်ထိုင်ပြီး သေသွားကြရမှာကြောက်လို့။”

အခုဆိုရင် အနုပညာရှင်တွေ သွားရောက်ကြည့်ရှုခဲ့တဲ့နေရာတွေကို နိုင်ငံတော်အစိုးရကနေပြီးတော့ ရဟတ်ယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေနဲ့ ကြည့်ရှုအားပေးနေတယ်ဆိုပြီးတော့ သတင်းတွေ ဖော်ပြထားတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီနေရာတွေမှာ ဒုက္ခသည်တွေ အနေနဲ့ နိုင်ငံတော်အစိုးရကနေပေးတဲ့ ဘာပစ္စည်းတွေ ရပြီးသလဲဆိုတာကိုလည်း မေးမြန်းခဲ့ပါသလားလို့ ကျမ မေးကြည့်ခဲ့ပါတယ်။

“အဲဒီမှာက သူတို့ဆီကို မရောက်ဘူး။ ဘာမှ။ ပထမ တခေါက် ရောက်တယ်တဲ့။ အဲဒါက ဆန် နို့ဆီဗူး ၇ လုံးရတယ်။ အဲဒါပြီးကတည်းက ဘာမှမရတော့ဘူး။ နောက်ဆုံးတနေ့ကတော့ ၁၄ ရက်နေ့ကတော့ ခေါက်ဆွဲခြောက် ၂ ထုပ် ရောက်တယ်တဲ့။ ဒါပဲ သိရတယ်။ ကတော့ - မရိုသေစကား အဝတ်အစားကို မလုံလောက်တော့ဘူး အဲဒီမှာ။”

အခုဆိုရင် နိုင်ငံတကာက ကူညီကယ်ဆယ်ရေးအဖွဲ့တွေကနေပြီးတော့ မြန်မာပြည်ကို အကူအညီ ပေးဖို့အတွက် အပြင်းအထန် တောင်းဆိုမှုတွေလည်း ရှိနေကြပါတယ်။ အဲတော့ အနုပညာရှင်တွေရဲ့ သဘောကရော ဘယ်လိုလဲလို့ မေးတဲ့အခါမှာတော့ -

“ကျနော်တို့ကတော့ ဝမ်းသာတာပေါ့ဗျာ။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်စေကာပူ ကျနော်တို့ ပြည်သူ ပြည်သားတွေ၊ အဲဒီလို ဒုက္ခသည်တွေ အမြန်ဆုံး အကူအညီ ရတယ်။ သူတို့ရဲ့ အသက်တွေကို ကယ်နိုင်မယ်ဆိုရင် ကျနော်တို့ကတော့ ဝမ်းသာတာပေါ့။ အခုပြောနေရင်းနဲ့ လာမယ်ဆိုရင်လည်း ကျနော်တို့က ဝမ်းပမ်းတသာနဲ့ ကြိုဆိုရမှာပဲ။ ကိုယ်က မလုပ်နိုင်တာကိုး။ ကိုယ်မလုပ် နိုင်တာကို လုပ်နိုင်တဲ့သူက လာလုပ်ပေးတယ်။ နောက်ပြီးတော့ ကျနော်တို့ ပြည်သူတွေ ဒုက္ခရောက်နေတဲ့ သူတွေ ရတယ်ဆိုတော့ ကျနော်တို့က ဝမ်းသာတာပေါ့။ ကျနော် အခုပြောနေရင်းနဲ့တောင် ဒီအကူအညီတွေ လာလိုက်ရင် ကောင်းမှာပဲလို့တောင် တွေးမိနေသေးတယ်။”

အခုဆိုရင် မုန်တိုင်းဒဏ်ခံရတဲ့ ပြည်သူတွေရှိတဲ့နေရာဟာ လှေငယ်လေးတွေနဲ့ သွားဖို့ အတွက်တောင် အခက်အခဲ ရှိနေတာကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ အမြန်လိုအပ်နေပါပြီ လို့လည်း အနုပညာရှင်တွေက ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG