သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးဒုက္ခသည် ကလေးများ အာဟာရပြတ်ပြီး အသက်ဆုံးရှုံးနိုင်ဖွယ်ရှိ


အရေးပေါ် စားနပ်ရိက္ခာတွေ အချိန်မီ မပေးပို့နိုင်ဘူးဆိုရင် လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ မြန်မာနိုင်ငံက မုန်တိုင်းဒဏ်ခံခဲ့ရတဲ့အထဲက ကလေးငယ်ပေါင်း ထောင်နဲ့ချီပြီးတော့ အငတ်ဘေးကြောင့် သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ Save the Children အဖွဲ့က သတိပေးလိုက်ပါတယ်။

နာဂစ် ဆိုင်ကလုန်း တိုက်ခတ်ခဲ့တာ ရက်သတ္တပတ် ၂ ပတ် ရှိလာခဲ့တဲ့နောက် မုန်တိုင်း ဘေးဒဏ် ခံခဲ့ရတဲ့ ဒေသတွေက ငယ်ရွယ်သူကလေး ထောင်ပေါင်းများစွာဟာ အဟာရချို့တဲ့မှုနဲ့ ဆိုးဆိုးရွားရွား ကြုံနေရတယ်ဆိုပြီး ဒီကနေ့ပဲ ကြေငြာချက်တစောင် ထုတ်ပြန်ပြောဆိုလိုက်တာပါ။ မြန်မာ စစ်အစိုးရ ကတော့ ပြည်တွင်းပြည်ပက အကူအညီတွေကို ချက်ခြင်းလက်ခံပြီး ဒုက္ခသည်တွေကို ပေးအပ် နေတယ်၊ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြီးစီးသွားလို့ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေမှာ ပံ့ပိုးပေးနေတယ်ဆိုပြီး ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်အစိုးရ အနေနဲ့ နိုင်ငံတကာက ပေးကမ်းလှူဒါန်းတာတွေကို လက်ခံနေတာတွေ ရှိပေမဲ့လို့ အငတ်ဘေး၊ ရောဂါကူးစက်မှု ဘေးဒဏ်တွေကို ကာကွယ်ဖို့အတွက် လိုအပ်ချက်နဲ့စာရင် အများကြီးကို နည်းနေသေးတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ တာဝန်ရှိသူတွေက ပြောနေကြတာပါ။ မုန်တိုင်းဘေးက လွတ်မြောက်လာသူ ဒုက္ခသည်တွေထဲက ၂၀ ရာခိုင်နှုန်း လောက်သာ အခြေခံလိုအပ်ချက် အကူအညီတချို့ ရကြတယ်လို့လည်း ကုလသမဂ္ဂက ပြောဆိုထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG