သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားနဲ့ NLD ခေါင်ေးဆာင်တွေ နိုင်ငံတကာ ကယ်ဆယ်ရေး အမြန်လာရောက်ရေး တောင်းဆို


မုန်တိုင်းဒဏ်ခံရတဲ့ ပြည်သူတွေကို ကယ်ဆယ်ရေး လုပ်ဖို့အတွက် မြန်မာ့ရေပိုင်နက်ထဲမှာ ရောက်ရှိ နေတဲ့ နိုင်ငံတကာ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေကို မြန်မာနိုင်ငံတွင်းက လွှတ်တော်ကိုယ်စားလှယ် တွေ အပါအ၀င် မကွေးတိုင်းနဲ့ မန္တလေးတိုင်းအတွင်းက အဖွဲ့ချုပ်ခေါင်းဆောင်တွေက ကြိုဆို လိုက်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်းဖြစ် CRPPခေါ် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်တဲ့ ဦးထောင်ကိုထန်းကတော့ သဘာဝဘေးဒဏ်ကျရောက်နေတဲ့ ပြည်သူတွေအတွက် နိုင်ငံတကာ ကယ်ဆယ်ရေး တပ်ဖွဲ့တွေ အမြန်လာဖို့ တောင်းဆိုလိုက်ပါတယ်။

“နိုင်ငံတကာ ကယ်ဆယ်ရေးတပ်က လူသားချင်းစာနာတဲ့ အထောက်အကူ၊ Humanitarian intervention ပုံစံနဲ့ နိုင်ငံသူနိုင်ငံသားအနေနဲ့ ဒုက္ခရောက်တဲ့ ပြည်သူလူထုအတွက် ကြိုဆို ရမှာပေါ့ဗျာ။ နောက်တောင်နောက်ကျနေပြီ။ အမြန်ဆုံးလာဖို့ ကြိုဆိုရမှာပဲ။ နိုင်ငံရေးနဲ့ ပတ်သက် တာ မဟုတ်ဘူး။ ဆိုင်ကလုံးမုန်တိုင်းက နိုင်ငံရေး ကြောင့် တိုက်ခတ်လာတဲ့ လေမုန်တိုင်း မဟုတ်ဘူး။ သဘာဝအရ တိုက်ခတ်လာတဲ့ လေမုန်တိုင်း ဖြစ်တယ်။ ဟိုတွေးဒီတွေးနဲ့ နိုင်ငံတကာ ၀င်ရောက် စွတ်ဖက်မှုများ ရှိမလားဆိုတာ။ ဒါက မစဉ်းစားသင့်ဘူးလို့ ကျွန်တော်က ယူဆတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ ပြည်သူကြီးက နေ့စဉ်နဲ့ အမျှ နာရီနဲ့ အမျှ သေကြေ ပျက်စီးနေတယ်။ ဒုက္ခရောက်နေတယ်။ မျှော်လင့်နေတယ်။ နိုင်ငံတကာရဲ့ ကယ်ဆယ်ရေးကိုလည်း မျှော်လင့်နေတယ်။ တိုင်းပြည်မှာလည်း ကယ်ဆယ်ရေး ကိစ္စမှာလည်း မလုံးလောက်ဘူး။ လူအင်အားလည်း မလုံလောက်ဘူး။ နည်းပညာလည်း မလုံလောက်ဘူး။ ပြည်သူလူထု မျက်နှာကို ထောက်ပြီးတော့ တိုင်းပြည်ဒုက္ခကို ဘယ်တိုင်းပြည်မဆို လူသားချင်းစာနာတဲ့ အကူအညီကို ကျွန်တော်တို့ လက်ခံရမှာပဲ။”

မကွေးတိုင်း သရက်မြို့နယ်စည်း ကိုအောင်နိုင်သန်းကတော့ စစ်အစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ လုံလောက်မှုမရှိဘူးလို့ ပြောဆိုခဲ့ပြီး အမြန်ဆုံးလာဖို့အတွက် ပြောဆိုလိုက်ပါတယ်။

“ကျွန်တော်တို့ အနေနဲ့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ ကယ်ဆယ်ရေး တပ်တွေကို အမြန်ဆုံး ၀င်ရောက် လာပြီး အကူအညီတွေ ပေးစေချင်ပါတယ်။ အကူအညီတွေ အမြန်ဆုံးပေးနိုင်ဖို့ရန်လည်း တောင်းဆိုပါတယ်။ နိုင်ငံတကာရေပိုင်နက်အသီးသီးမှာရောက်နေကြတဲ့ အကူအညီပေးမယ့်သူတွေနဲ့ သက်ဆိုင်ရာ အစိုးရ အသီးသီးကို အသိပေးချင်ပါတယ်။”

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်စည်း ဦးမြင့်လွင်ကတော့

“ကျွန်တော်တို့ကတော့ နိုင်ငံတကာ တပ်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကယ်ဆယ်ရေး အကူအညီလာပေးတဲ့ သူတွေဟာ ကျွန်တော်တို့ဆီ လာပြီး တိုက်ခိုက်မယ့်သူတွေ မဟုတ်ဘူး။ ကူညီမယ့်သူဆိုရင် လက်ခံရမှာပဲ။ ဦးဇာဂနာပြောသလိုပဲ အခုချက်ချင်းလာကယ်ရင် အကောင်းဆုံးပဲ။ အကူအညီတွေဝင်တာကို အကူအညီ လက်ခံရမယ့်သူတွေက ကြိုဆိုပြီး လက်ခံဖို့ သင့်ပါတယ်လို့ ပြောချင်ပါတယ်။ အကုန်လုံး ဒုက္ခရောက်နေတဲ့ ပြည်သူ တစ်သန်းခွဲလောက်၊ သေသွားကြပြီး၊ ပျောက်ဆုံးနေတဲ့ ပြည်သူတစ်သိန်းကျော်ရဲ့ မျက်နှာကို ထောက်ထားပြီးတော့ အကူအညီတွေကို ယူပါလို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော် ၀မ်းနည်းလွန်းလို့ပါ။”

မကွေးတိုင်း အောင်လံမြို့နယ်စည်းအဖွဲ့ဝင် ဦးအေးမြင့်ကတော့

“မြန်မာ့ရေပိုင်နက် အတွင်းမှာ ရောက်ရှိနေပြီဆိုတာ သိကြတယ်။ အားလုံးက ၀င်စေချင်တဲ့ ပုံစံ။ ဘာကြောင့်လဲဆိုတော့ သဘာဝအန္တရယ်ကြောင့် ဒုက္ခသည် သိန်းနဲ့ချီပြီးတော့ သေကြေကြတယ်၊ သန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်ကြတယ်။ ဒီအခြေအနေတွေကို လူမှုဂရုဏာကိစ္စနဲ့ပဲ ကြည့်မယ်ဆိုရင် စိတ်ကောင်း စေတနာရှိတဲ့သူတိုင်း၊ ကိုယ်ကျင့်တရား ကောင်းတဲ့သူတိုင်း ၊လူသားအချင်းချင်း စာနာတတ်တဲ့ လူတိုင်းဟာ ဘယ်လူမျိုး၊ ဘယ်ဘာသာ၊ ဘယ်တိုင်းပြည် မဆို ကူညီကူညီ ရယူဖို့က အဓိကလိုအပ်တယ်။”

အခုဆိုရင် အမေရိကန် သင်္ဘော သုံးစီးနဲ့ ပြင်သစ်ပိုင် သင်္ဘောသုံးစီး တို့ဟာ မြန်မာ့ရေပိုင်နက်ရဲ့ အနီးနားမှာ အဆင်သင့် ဖြစ်နေပါတယ်။ ပြင်သစ်ပိုင် သင်္ဘောထဲမှာတော့ စားစရာ တန်ချိန် တစ်ထောင်ကျော်ပါပြီး ဆေးဝါးနဲ့ ဆေးတပ်သားတွေလည်း ပါဝင်ပါတယ်။ ရဟတ်ယာဉ် အငယ်စားတွေ၊ စပိဘုတ်တွေလည်းပါပြီး လက်ပွတ္တာမြို့ကို တစ်နာရီအတွင်းရောက်နိုင်တယ်။ သူတို့အနေနဲ့ အမိန့်ရတာနဲ့ ဒုက္ခသည်တွေကို ကူညီနိုင်တော့မယ့် အကြောင်း ပြင်သစ် သတင်းဌာနတခုကနေ ပြောဆိုမှုတွေရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG