သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာပြည်သွားမည်


ကုလသမဂ္ဂရဲ့ အတွင်းရေးမှူးချုပ် ဘန် ကီမွန်း မြန်မာနိုင်ငံကို ဒီတပတ်ထဲ သွားရောက်ဖို့ ရှိပါတယ်။ ဆိုင်ကလုန်း မုန်တိုင်း ဘေးဒဏ်က အသက်မသေ လွတ်မြောက်လာသူတွေအတွက် အကူအညီ ပေးအပ်ဖို့ လုပ်ငန်းတွေမှာ မြန်မာစစ်အစိုးရဖက်က အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ဖိအားပေးမှုတွေ ကြီးထွားလာနေချိန်မှာပဲ အခုခရီးစဉ် ထွက်ပေါ်လာတာပါ။ အတွင်းရေးမှူးချုပ် အနေနဲ့ ဗုဒ္ဓဟူးနေ့ ဒါမှမဟုတ်ရင်လည်း ကြာသပတေးနေ့ နောက်ဆုံးထားပြီး မြန်မာနိုင်ငံကို ရောက်ရှိလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ကုလသမဂ္ဂပြောခွင့်ရ အမျိုးသမီးက တနင်္ဂနွေနေ့က ပြောဆိုလိုက်တာပါ။

အတွင်းရေးမှူးချုပ်က မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို တယ်လီဖုန်းကတဆင့် စကားပြောဆိုဖို့ ကျိုးပမ်းခဲ့ပေမဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံကို တိုက်ခတ်ခဲ့တာ ၂ ပတ်ကျော် ကြာလာတဲ့အထိ ငြင်းပယ်နေဆဲ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြည်ပက အကူအညီတွေအတွက် လမ်းဖွင့်ပေးလာအောင်၊ နိုင်ငံတကာက ကယ်ဆယ်ရေး လုပ်သားတွေအပေါ် ကန့်သတ်ချက်တွေ ရှိနေတာတွေကို လျှော့ပေါ့လာအောင် မြန်မာစစ်အစိုးရကို ဖိအားပေးပြောဆိုဖို့အတွက် ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ ဂျွန် ဟုမ်းစ် (John Holmes) လည်း မြန်မာနိုင်ငံကို တနင်္ဂနွေနေ့က ရောက်ရှိသွားပါပြီ။

မြန်မာစစ်အစိုးရက နိုင်ငံတကာက ကယ်ဆယ်ရေး အကူအညီ တချို့ကို လက်ခံခဲ့ပေမဲ့ ဒါဟာ အငတ်ဘေး၊ ရောဂါကူးစက်မှု ဘေးဒဏ်တွေကို ကာကွယ်ဖို့အတွက် လိုအပ်ချက်နဲ့စာရင် အများကြီးကို နည်းနေသေးတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ တာဝန်ရှိသူတွေက ပြောနေကြတာပါ။ ဒီအတောအတွင်း မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဆိုင်ကလုန်းဒဏ် ခံခဲ့ရအပြီး (၁၆) ရက်အကြာ တနင်္ဂနွေနေ့မှာပဲ ပထမဆုံးအကြိမ် အဖြစ် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရန်ကုန်တိုင်းထဲက လှိုင်သာယာ၊ ဒဂုံ စတဲ့မြို့နယ်တွေကို သွားရောက် ကြည့်ရှုတယ်ဆိုပြီးတော့ အစိုးရပိုင် ရုပ်မြင်သံကြားက ကြေငြာလိုက်ပါတယ်။

XS
SM
MD
LG