တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့အပတ်အတွင်းဖြစ်ခဲ့တဲ့ ငလျှင်ဒဏ်ကြောင့် နောက်ဆုံးစာရင်းအရ လူပေါင်း ၃သောင်း နှစ်ထောင် အထိ သေဆုံးခဲ့တဲ့နောက် လာမယ့် တနင်းလာနေ့ကနေ တမျိူးသားလုံးရဲ့ ကြေကွဲဝမ်းနည်းပူဆွေးဖွယ်နေ့အဖြစ် သုံးရက်သတ်မှတ်မယ်လို့ တရုတ်အစိုးရက ကြေညာ လိုက်ပါတယ်။
အဲဒီလို နိုင်ငံတော်ရဲ့ ပူဆွေးဝမ်းနည်းဖွယ်နေ့ကာလမှာ အိုလံပစ်မီးရှုးတိုင်လှည့်လည်မှုတွေကို ယာယီ ရပ်ဆိုင်းထားပြီး၊ နိုင်ငံတော်အလံအားလုံးကိုလည်း တိုင်ဝက်လွှင့်ထူဖို့ အစိုးရက ကြေညာ ထားပါတယ်။
အနည်းဆုံး လူသုံးဦးသေဆုံးခဲ့ရတဲ့ တနင်းနွေနေ့က Jiangyou မြို့မှာ ပြင်းထန်တဲ့ ငလျှင်လှုပ်ပြီး တဲ့နောက် အခုလို ကြေညာချက်ထွက်လာတာပါ။
စီချွမ်းပြည်နယ်အတွင်း ပြီးခဲ့တဲ့အပတ်က လှုပ်ခတ်ခဲ့တဲ့ငလျှင်နဲ့နောက်ဆက်တွဲ ငလျှင်ငယ်တွေ ကြောင့် သေဆုံးသူအရည်အတွက်ဟာ သုံးသောင်း နှစ်ထောင် ငါးရာနီးပါးနဲ့ ဒဏ်ရာရသူ နှစ်သိန်း နှစ်သောင်း ကျော် ရှိပြီလို့ အစိုးရရဲ့ ဆင်ဟွာသတင်းဌာနက ကြေညာခဲ့ပါတယ်။ သေဆုံးတဲ့ အရည်အတွက်ဟာ ငါးသောင်းလောက်အထိ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ခန့်မှန်း ထားပါတယ်။ ငလျှင်ဒဏ်ဖြစ်ခဲ့တဲ့နေရာကနေ စနေနေ့က အသက်ရှင်သူလူပေါင်း ၆၀ကျော် ကယ်ဆယ်နိုင်ခဲ့ပေမယ့်လို့ ဒီကနေ တနင်းနွေနေ့မှာတော့ အသက်ရှင်ကျန်သူ ကယ်တယ်နိုင်တဲ့ အရည်အတွက် ကျဆင်းသွားပါတယ်။
တဆက်တည်းပါပဲ ပြီးခဲ့တဲ့အပတ် ပြင်းထန်တဲ့ငလျှင်ကြောင့် ရှားပါး သဘာဝတိရိစ္ခာန်တွေကို ထိမ်းသိမ်းထားတဲ့နေရာတခုလည်း ထိခိုက်ခဲ့ပါတယ်။ အဲဒီမှာ ပန်ဒါ သုံးကောင် ပျောက်ဆုံးခဲ့တယ်လို့ တရုတ်က ပြောပါတယ်။ Wolong ရှားပါး သဘာ၀ ထိန်းသိမ်းရေးစခန်းကနေ ပန်ဒါ အကောင် ၆၀ကျော် အသက်ဘေးက လုံလုံခြုံခြုံ ရှိခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ကနဦး ကြေညာခဲ့တာပါ။ ဒီနောက်မှာ အခုလို ပန်ဒါ သုံးကောင် ပျောက်ဆုံးကြောင်း တရားဝင် သတင်းထပ်ထုတ်တာပါ။