သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့မုန်တိုင်းဘေးကယ်ဆယ်ရေး အမေရိကန်လွှတ်တော်မှာ ကြားနာစစ်ဆေး


မြန်မာနိုင်ငံက နာဂစ်ဆိုင်ကလုံးမုန်တိုင်း ဘေးအန္တရာယ် ကျရောက်ခဲ့မှုအပေါ် ကူညီ
ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု လွှတ်တော်မှာ
အင်္ဂါနေ့က ကြားနာပွဲတခု ပြုလုပ်ခဲ့ပါတယ်။ နာဂစ်မုန်တိုင်း ကျရောက်ခဲ့တဲ့နောက်ပိုင်း သေဆုံးမှုတွေ၊ ပျက်စီးမှုအတိုင်းအတာတွေအပြင် နိုင်ငံတကာက ကမ်းလှမ်းကြတဲ့ အကူအညီတွေအတွက် စစ်အစိုးရရဲ့ တုံ့ပြန်မှုတွေကို ကိုယ်တိုင် မြန်မာနိုင်ငံကို
သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာမှူး
ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စကော့မာဆယ်နဲ့ USAID ဒု-လက်ထောက်
အုပ်ချုပ်ရေးမှူး ဂရက်ဂေါလစ်တို့နဲ့အတူ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား
ညွန့်ပေါင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းတို့လည်း ပါဝင်ပြောကြားခဲ့ကြပါ
တယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က စုစည်းတင်ပြထားပါတယ်။

နာဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံရသူ မြန်မာနိုင်ငံသားတွေ သန်းနဲ့ချီပြီး ကူညီထောက်ပံ့
မှုတွေ လိုအပ်နေပေမယ့် မြန်မာစစ်အစိုးရက နိုင်ငံတကာက ကူညီထောက်ပံ့မှုတွေကို ထိထိရောက်ရောက်ပေးနိုင်ဖို့လမ်းတွေကို ပိတ်ပင်တားဆီးထားပြီး အခုထိ ပွင့်ပွင့်
လင်းလင်း မဆောင်ရွက်သေးပါဘူးလို့ မစ္စတာမာဆယ်က ပြောပါတယ်။ မကြာခင်
ရက်ပိုင်းတွေအတွင်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသအတွက် ကယ်ဆယ်ရေးပစ္စည်းတွေ အရင်ကထက်စာရင် ပိုပြီးရောက်ရှိခဲ့တဲ့အပြင် အိမ်နီးချင်းနိုင်ငံတွေက ဆေးဝန်ထမ်း
တချို့ အကူအညီပေးမယ့်သူတွေ ဝင်ရောက်ခွင့်ကိုလည်း မြန်မာစစ်အစိုးရက ခွင့်ပြုခဲ့
တာမို့ တိုးတက်မှုဟာ အနည်းအကျဉ်းတော့ ရှိလာပါတယ်လို့ ပြောပါတယ်။

ဒီတိုးတက်မှုအတိုင်းအတာဟာ သိပ်နှေးကွေးလွန်းတဲ့အပြင် မုန်တိုင်းဒုက္ခသည်တွေ
အတွက် အကူအညီလိုအပ်မှုဟာ သိပ်ကိုကြီးမားနေသေးတာမို့ မြန်မာစစ်အစိုးရအနေ
နဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ရော တခြား ကမ္ဘာ့နိုင်ငံအသိုင်းအဝိုင်းတွေနဲ့ လက်တွဲလုပ်ဖို့
လည်း မစ္စတာမာဆယ်က တိုက်တွန်းလိုက်ပါတယ်။

“အခြေအနေတွေဟာ တနေ့တခြား ပိုပိုဆိုးဝါးလာတာ တွေ့ရတယ်။ ဆိုင်ကလုံးတိုက်
ပြီး နှစ်ပတ်ကျော်လာတဲ့အထိ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ ဒုက္ခသည် လေးယောက်
ရှိရင် တယောက်ပဲ ကူညီကယ်ဆယ်ရေးရသေးတယ်လို့ ပြောပါတယ်။ ကူညီ
ကယ်ဆယ်ရေးအတွက် တံခါးကို အခုထက်ပိုပြီး အမြန်ဆုံးပွင့်အောင် ဖွင့်ပေးရမှာပါ။
ဒါမှလည်း နောက်ဆက်တွဲပေါ်လာနိုင်တဲ့ ကပ်ဒုက္ခကနေ ကာကွယ်နိုင်မှာပါ။”

ဒါ့အပြင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် ကျွမ်းကျင်သူတွေ လာရောက် ကူညီကယ်တင်ခွင့်ကို မြန်မာစစ်အစိုးရက ခွင့်မပြုခဲ့ရင် သေဆုံးသူဦးရေဟာ ထောင်နဲ့
ချီပြီး တိုးလာမှာမို့ ဒီတွေ့ကြုံရတဲ့ ကပ်ဆိုးအတွက် တကယ်တာဝန်ရှိသူဟာ ဗိုလ်ချုပ်
မှူးကြီးသန်းရွှေနဲ့ တခြား ထိပ်ပိုင်းခေါင်းဆောင်တွေပဲ ဖြစ်လိမ့်မယ်လို့လည်း ပြောကြား
ခဲ့ပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ သဘာဝအန္တရာယ် မုန်တိုင်းဒဏ်သင့်သူတွေကို မျက်နှာ
လွဲခဲပစ် လုပ်ဆောင်ချက်တွေဟာ သိပ်ကိုဆိုးဝါးလွန်းပြီး တွေးကြည့်ရင်တောင် မယုံ
နိုင်စရာ တွေ့နေရပါတယ်လို့လည်း မစ္စတာမာဆယ်က ပြောပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ခွင့်ပြုချက်ကို ယူမနေဘဲ ဧရာဝတီတိုင်းထဲက ဒုက္ခသည်
တွေအတွက် ဝင်ရောက်ပြီး အကူအညီတွေပေးဖို့ လွှတ်တော်မှာ ဦးဆောင်ပြီး
တောင်းဆိုခဲ့သူ နယူးယောက်ခ် လွှတ်တော်အမတ် ဂျိုးဆက် ခရော်လီကတော့ …

“စစ်အစိုးရရဲ့ အပြုအမူတွေဟာ နိုင်ငံတကာရဲ့ အကူအညီတွေယူဖို့ ကြောက်ရွံ့နေတယ်
လို့ ကျနော်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုကူညီမှုကနေ စစ်အစိုးရကို
တော်လှန်တဲ့အထိ ရောက်သွားမယ်လို့ သူတို့က ယုံကြည်နေလို့ပါပဲ။”

မစ္စတာခရော်လီဟာ အမေရိကန်အောက်လွှတ်တော် အာရှ-ပစိဖိတ်ရေးရာ ကော်မတီ
ခွဲမှာ တာဝန်ယူထားသူဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် အကူ
အညီတွေ တကယ်တမ်းမရောက်အောင် လုပ်ဆောင်နေတဲ့ အစိုးရအနေနဲ့ သူ့ရဲ့
လုပ်ရပ်တွေဟာ မှားယွင်းနေတယ်လို့ ရင်ထဲမှာတော့ တကယ်တမ်း သိနေတာပါလို့
လည်း မစ္စတာခရော်လီက ပြောပါတယ်။

USAID ရဲ့ ဒုတိယ လက်ထောက်အုပ်ချုပ်ရေးမှူး ဂရက်ဂေါလစ်ကလည်း မြန်မာစစ်အစိုး
ရအနေနဲ့ အကြီးအကျယ် အရေးပေါ်အကူအညီ လိုအပ်တဲ့နေရာတွေဆီကို သဘာဝ
ဘေးဒဏ်ဆိုင်ရာ ကျွမ်းကျင်သူတွေ မသွားနိုင်ရင် နိုင်ငံတကာက အကူအညီပေးမယ့်
သူတွေနဲ့ ဘယ်လိုလက်တွဲပြီး ကူညီရမလဲ၊ ပူးပေါင်းဆောင်ရွက်ဖို့ရာလည်း အင်မတန်မှ ခက်ခဲပါတယ်လို့ ပြောကြားခဲ့ပါတယ်။

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ
စိန်ဝင်းကို ဒီကြားနာပွဲနဲ့ပတ်သက်ပြီး မေးကြည့်တဲ့အခါမှာတော့ …

“USAID က ပုဂ္ဂိုလ်ရော၊ နိုင်ငံခြားရေးဌာနက ပုဂ္ဂိုလ်ရော သူတို့တွေလည်း မြန်မာပြည်
အခြေအနေ အကြောင်းတွေကို ပြောကြပါတယ်။ ကျနော်ပြောတဲ့ ပထမအချက်က
တော့ နာဂစ်ဆိုင်ကလုံး ပြီးသွားတဲ့အခါ တကယ်တမ်းဆိုရင် ထိခိုက်တဲ့နေရာတွေ၊
ဒုက္ခသည်တွေကို ၁၀ ရက်အတွင်းကယ်မှ၊ ဒါထက်ကြာသွားရင် အင်မတန်မှ ခက်ခဲ လာတဲ့အခြေအနေ၊ အားလုံးသိတဲ့အတိုင်း ဝမ်းရောဂါတွေဖြစ်မယ်၊ စားနပ်ရိက္ခာ
ပြတ်လတ်မှုတွေ၊ ငတ်မွတ်မှုတွေဖြစ်မယ်။ အခုတောင် ၁၄ ရက်လောက်ဖြစ်သွားပြီ။
အဲတော့ အမြန်ဆုံး ကယ်ဆယ်ဖို့၊ ရိက္ခာတွေကို လိုအပ်တဲ့သူတွေဆီ ရောက်ဖို့လိုတယ်။
အဲဒါကို ခွင့်ပြုချက်တွေ စောင့်မနေဘဲ တိုက်ရိုက်ပေးသင့်တယ်၊ ပေးပါဆိုပြီး ကျနော်တို့ တောင်းဆိုတယ်။

“နောက်တခုက ဆန္ဒခံယူပွဲကိစ္စပေါ့။ ဆန္ဒခံယူပွဲက ဒီလိုဒုက္ခရောက်နေတဲ့အချိန်မှာ
လူတွေက ဘယ်လိုလုပ်ပြီး ဒီအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆန္ဒမဲပေးနိုင်မလဲ။
အဲတော့ ဒါကို ကျနော်တို့ လက်မခံဘူး။ ဝေးလံတဲ့နေရာကို ပေးနိုင်တဲ့ စွမ်းအားလည်း
နအဖမှာ မရှိပါဘူး။ ဧရာဝတီတိုင်းမှာဆိုရင် လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ အများ
ကြီးလိုပါတယ်။ နောက်တခုက အခု ဆိုင်ကလုံးဖြစ်ပြီး နောက်ပိုင်းမှာ စားနပ်ရိက္ခာ
ပေးရုံနဲ့ မလုံလောက်တော့ဘူး။ ဖျားနာနေတဲ့လူတွေရှိတယ်။ ကျန်တဲ့လုပ်ငန်းတွေကို
လုပ်ပေးဖို့က တကယ့်ကို ပညာရှင်တွေလိုတယ်။”
ဒေါက်တာစိန်ဝင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG