သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် လေဘေးကယ်ဆယ်ရေး နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ အာဆီယံဖွဲ့စည်း


နာဂစ်မုန်တိုင်းဒဏ်သင့်ခဲ့ရတဲ့ ဒေသကလူထု
ကို နိုင်ငံတကာအကူအညီတွေ ထိထိ
ရောက်ရောက် ပေးပို့နိုင်ရေးအတွက် နိုင်ငံ
တကာ ညွန့်ပေါင်းအဖွဲ့တခုကို ဖွဲ့စည်းထားပြီး
ပြီဖြစ်ပြီး ဒီအဖွဲ့ဟာ ကျယ်ကျယ်ပြန့်ပြန့် အသိ
အမှတ်ပြု ထောက်ခံမှုကို ရရှိထားပြီးပြီလို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ရဲ့ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်
ပစ်ဆူဝန် (Dr. Surin Pitsuwan) က
ပြောလိုက်ပါတယ်။ သူဟာ မြန်မာပြည်ကို သွားရောက်ခဲ့ပြီးတဲ့နောက် ဘန်ကောက်မြို့ကို
အရောက်မှာ သတင်းစာရှင်းလင်းပွဲတခု
ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့
ဘန်ကောက်ရောက် ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထား
ပါတယ်။

အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝန်ဟာ မြန်မာနိုင်ငံကို နှစ်ရက်
ကြာ သွားရောက်ခဲ့ပြီးတဲ့နောက် ဒီကနေ့မှာပဲ မြန်မာနိုင်ငံကနေ ဘန်ကောက်မြို့ကို ရောက်လာတာပါ။ သတင်းစာရှင်းလင်းပွဲအတွင်း သူ အဓိက မီးမောင်းထိုးပြောသွား
တာကတော့ မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့်လူထုကို ကူညီရေးမှာ နိုင်ငံတကာနဲ့
မြန်မာနိုင်ငံကြား ညှိနှိုင်းဆက်စပ် ဆောင်ရွက်ပေးမယ့် အာဆီယံအဖွဲ့ရဲ့ အခန်းကဏ္ဍ
ပါပဲ။

ကုလသမဂ္ဂနဲ့ အာဆီယံတို့ပူးပေါင်းပြီး Coalition of Mercy ကရုဏာညွန့်ပေါင်းအဖွဲ့လို့
ဆိုရမယ့် အဖွဲ့တခုကို ဖွဲ့စည်းပြီးပြီဖြစ်ပြီး အဲဒီအဖွဲ့ဟာ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်
ပြုမှုကို ရရှိထားပြီးဖြစ်ကြောင်း မစ္စတာဆူရင်က ပြောပါတယ်။

“ညွန့်ပေါင်းအဖွဲ့ကို ထူထောင်ပြီးပါပြီ။ ဒီအဖွဲ့ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အတည်ပြုပြီးပါပြီ။ ကုလသမဂ္ဂက အတည်ပြုပြီး၊ အသိအမှတ်ပြုပြီး၊ ထောက်ခံပြီးပါပြီ။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကမ္ဘာတဝှမ်းက အစိုးရတွေကနေ အတည်ပြုပြီး၊ အသိ
အမှတ်ပြုပြီး၊ ထောက်ခံပြီးပါပြီ။” လို့ မစ္စတာ ဆူရင် ပစ်ဆူဝန်က ပြောသွားပါတယ်။

ဒါ့အပြင် အဖွဲ့ဝင် ၂၂ ဦးပါ အာဆီယံလုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင် ၉ ဦးပါ အခြေခံအလုပ်အဖွဲ့ စတာတွေကိုလည်း ဖွဲ့စည်းပြီးကြောင်း သူက ပြောသွားပါသေးတယ်။ ပြီးခဲ့တဲ့ ၁၉ ရက်
နေ့က စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်း
အဝေးကနေ အာဆီယံသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အတွင်းရေးမှူးချုပ်ကို လုပ်ပိုင်ခွင့်အာဏာတွေ အပြည့်အပ်နှင်းပြီး အဲဒီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာစစ်အစိုးရရဲ့ ထိပ်ဆုံးအဆင့် တာဝန်ရှိသူတွေဆီထိ ပေးပို့ဖို့ မစ္စတာဆူရင်ကို
မြန်မာပြည် စေလွှတ်ခဲ့ကြတာပါ။

တနင်္ဂနွေနေ့ကျရင် မြန်မာနိုင်ငံကို အကူအညီပေးရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံ
တခုကိုလည်း ရန်ကုန်မြို့မှာ ကျင်းပတော့မှာပါ။ ဒီညီလာခံကို ကုလသမဂ္ဂ အတွင်းရေး
မှူးချုပ်၊ အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ အာဆီယံနိုင်ငံတွေက ဝန်ကြီးအဆင့် တာဝန်ရှိ
သူတွေအပြင် အလှူရှင်နိုင်ငံတွေ၊ စိတ်ဝင်စားတဲ့ တခြားနိုင်ငံတွေလည်း တက်ရောက်
ကြဖို့ ရှိနေပါတယ်။ ဒီညီလာခံကနေ လက်ရှိပေါ်ပေါက်နေတဲ့ ကိစ္စရပ်တွေကို ရှင်းလင်း
အောင်လုပ်ဖို့၊ ဆုံးဖြတ်ချက်ချဖို့၊ လုပ်ငန်းအကောင်အထည် ဖော်မယ့်အဖွဲ့ကို
ထူထောင်ပြီး ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ ဆိုတာတွေကို ဆွေးနွေးသွားကြ
မယ်၊ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံကြားမှာ ယုံကြည်မှုအဆင့်တဆင့်ကို တည်ဆောက်ကြ
မယ်လို့ မစ္စတာဆူရင်က ပြောခဲ့ပါတယ်။

မြန်မာစစ်အစိုးရဟာ မုန်တိုင်းဒဏ်သင့်လူထုကို ကယ်ဆယ်ကူညီဖို့ နိုင်ငံတကာရဲ့ ကမ်းလှမ်းချက်တွေကို အပြည့်အ၀ လက်မခံဘဲ အချိန်တွေကြာနေခဲ့ပြီးတဲ့နောက်မှာမှ
အခုလို အာဆီယံအဖွဲ့ကနေ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာကြားမှာ ကြားခံအဖြစ်
ဝင်ရောက်ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG