မြန်မာစစ်အစိုးရက နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ အားလုံးကို မြန်မာနိုင်ငံကို ၀င် ရောက်ခွင့် ပေးပြီး လေဘေး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပေးဖို့ သဘောတူလိုက်တဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ သောကြာနေ့က နေပြည်တော်မှာ ၂ နာရီကျော်ကြာ ဆွေးနွေးခဲ့ပြီးတဲ့နောက် မစ္စတာ ဘန်ကီမွန်းက အခုလို ကြေညာလိုက်တာပါ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးပွဲဟာ ကောင်းမွန်တဲ့ ဆွေးနွေးပွဲတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားက အကူအညီပေးရေးအဖွဲ့တွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တာပါ။ စစ်အစိုးရဘက်က လူမျိုးမရွေးဘဲ ဘယ်သူပဲဖြစ်ဖြစ် လက်ခံဖို့ သဘောတူလိုက်ပါပြီလို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။
ဒီလို စစ်အစိုးရဘက်က သဘောတူလိုက်တာဟာ မြန်မာပြည် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံလိုက်ရပြီးတဲ့နောက် ထူးခြားတဲ့ ပြောင်းလဲမှု တစ်ခုဖြစ်တယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။