မြန်မာပြည်မှာ မေလ ၃ ရက်နေ့က တိုက်ခတ်သွားတဲ့ နာဂစ်ဆိုင်ကလုန်း လေပြင်းမုန်တိုင်းသင့်ခဲ့တဲ့ ဒေသများမှာ ဖွဲ့စည်းပုံမူကြမ်း ဆန္ဒခံယူပွဲ ဒုတိယတကျော့ ဒီကနေ့ ပြုလုပ်ဖို့ စစ်အစိုးရက ပြင်ဆင်နေပါတယ်။ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းက တချို့ မြို့နယ်မှာ လူထုဆန္ဒခံယူပွဲများကို ရက် ရွှေ့ဆိုင်းခဲ့ပါတယ်။
လေဘေးသင့်လို့ အကြီးအကျယ် သေကျေပျက်ဆီးနေတဲ့ အတွက် နိုင်ငံတကာက ဝိုင်း ဝန်း ကန့်ကွက်နေတဲ့ကြားကပဲ မေလ ၁၀ ရက်နေ့တုန်းက စစ်အစိုးရက ကျန်နေရာများမှာ ဖွဲ့စည်းပုံ မူကြမ်း လူထုဆန္ဒခံယူပွဲကို ပြုလုပ်ခဲ့ပါတယ်။
မနေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံတွင်း ကယ်ဆယ် ထောက်ပံ့ရေး လုပ်ငန်းများမှာ ပါဝင်ကူညီမယ့် နိုင်ငံသားကျွမ်းကျင်သူ အလုပ်သမားအားလုံး ဝင်ခွင့်ပေးဖို့ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သဘောတူလိုက်ပြီဖြစ်ကြောင်း ပြောဆိုပါတယ်။ အဲဒီအချိန်ထိတော့ မြန်မာနိုင်ငံတွင်း အင်တိုက်အားတိုက် ကယ်ဆယ်ထောက်ပံ့ရေးများ လုပ်ဖို့ နိုင်ငံခြားသား အများစုကို စစ်အစိုးရက ပိတ်ပင်ခဲ့ပါတယ်။
နိုင်ငံတကာ အထောက်အပံ့များကို အရပ်ဖက်သင်္ဘောများ စက်လှေများနဲ့သာ ပေးသင့်တယ်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောဆိုကြောင်း မစ္စတာ ဘန်ကီမွန်းက ပြောဆိုတာကြောင့် မြန်မာကမ်းရိုးတမ်းအနီး ကယ်ဆယ်ရေး ပစ္စည်းများနဲ့ ဝန်ထမ်းများ သယ်ဆောင်ထားတဲ့ ပြင်သစ်၊ ဗြိတိသျှနဲ့ အမေရိကန် စစ်သင်္ဘောများ ကမ်းကပ်လုပ်ဆောင်ရေး ဘယ်လို ဖြစ်လာမလဲ ဆိုတာ မရှင်းလင်း မသေချာသေးပါဘူး။ သူတို့ရဲ့ ထောက်ပံ့ကယ်ဆယ်ရေးပစ္စည်းများနဲ့ ဝန်ဆောင်မှုကို လက်ခံဖို့ ဝန်လေးနေရာကနေ အခုလို သဘောထား ပြောင်းလဲလာတဲ့အတွက် နိုင်ငံတကာ ကျွမ်းကျင်သူအလုပ်သမားများက သတိထား ကြိုဆိုလိုက်တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂအကြီးအကဲက မုန်တိုင်းဒဏ်ခံရတဲ့နေရာတွေကို သူ ကြာသပတေးနေ့က လေယာဉ်နဲ့ ပျံသန်းခဲ့ပြီး ကယ်ဆယ်ရေးစခန်းတွေကို သွားရောက် ကြည့်ရှုခဲ့စဉ် အဖြစ်ဆိုးရဲ့ အတိုင်းအတာ ကြောင့် သူ စိတ်ထိခိုက်ခဲ့တယ်လို့ ပြောကြားပါတယ်။ မုန်တိုင်းဒဏ်ခံရတဲ့ ၂၅ % ကိုသာ အကူအညီ ပေးနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
မစ္စတာ ဘန်ကီမွန်းက တနင်္ဂနွေနေ့ ရန်ကုန်မြို့ အလှူရှင်များ ညီလာခံကို တခြား ကုလသမဂ္ဂ အရာရှိကြီးတွေအပြင် အာဆီယံ ကိုယ်စားလှယ်များနဲ့အတူ တက်ရောက်ပါလိမ့်မယ်။ မြန်မာအစိုးရက ဒေါ်လာ ၁၁ ဘီလီယံ နိုင်ငံခြား အထောက်အပံ့ပေးရန် တောင်းခံထားပါတယ်။
စနေနေ့ ဆန္ဒခံယူပွဲအတွက် ဒေါ်အောင်ဆန်းစုကြည် အစော မဲပေးခဲ့တယ်လို့ သောကြာနေ့မှာ မြန်မာအရာရှိတွေက ကြေညာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက အကျယ်ချုပ် ကျခံနေရတဲ့ သူ့နေအိမ်မှာ အာဏာပိုင်များကို မဲများ ပေးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံး နေအိမ်အကျယ်ချုပ် ချထားမှုသက်တမ်း တိုးပေးထားမှု ဒီကနေ့ည ကုန်ဆုံးမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထားဖို့ ဥပဒေကြောင်းအရ အခြေအမြစ် မရှိဘူးလို့ အမေရိကန်အခြေစိုက် သူ့ရှေ့နေ ဂျဲရစ် ဂင်ဆာက ပြောပါတယ်။ ၂၀၁၀ ခုနှစ်မှာ အထွေထွေ ရွေးကောက်ပွဲ လုပ်နိုင်ဖို့ အခြေခံဥပဒေကြမ်းကို မဲဆန္ဒရှင်တွေက တခဲနက် မဲပေးခဲ့ကြတယ်လို့ အစိုးရက ကြေညာခဲ့နှင့်ပြီး ဖြစ်ပါတယ်။
အခြေခံဥပဒေက စစ်တပ်ထိန်းချုပ်မှု ခို်င်မာအောင်သာ လုပ်ပေးလိမ့်မယ်လို့ အတိုက်အခံနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။ မေလ ၃ ရက်နေ့ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် လူ ၇၈,၀၀၀ သေဆုံးပြီး ၅၆,၀၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ မြန်မာခေါင်းဆောင်များက ပြောပါတယ်။