မြန်မာနိုင်ငံက နားဂစ်ဆိုင်ကလုန်းမုန်တိုင်း ဒဏ်သင့် ဒုက္ခသည်တွေနဲ့ တရုတ်နိုင်ငံက ငလျင်ဒဏ်သင့် ဒုက္ခသည်တွေဟာ နိုင်ငံတကာအစိုးရ တွေဆီကနေ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး အကူအညီတွေ အမြောက်အများကို လိုအပ်နေပါတယ်။ ဒီလို သဘာဝဘေးအန္တရာယ်တွေ ကျရောက်ခဲ့တဲ့ နေရာတွေအတွက် အကူအညီတွေ ပေးအပ်ဖို့ကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းကနေ ချက်ချင်းလက်ငင်း ဆိုသလို ကမ်းလှမ်းခဲ့တာပါ။ ဒါပေမဲ့ ဒီလို ကမ်းလှမ်းမှုတွေကို တရုတ်အစိုးရနဲ့ မြန်မာအစိုးရအကြား တုံ့ပြန်ပုံချင်းကတော့ သိသိသာသာကို ခြားနားတာ တွေ့ရ ပါတယ်။ ဘယ်လိုကွာခြားချက်တွေ ရှိသလဲဆိုတာကို ဗွီအိုအေ သတင်းထောက် ဂယ်ရီ သောမတ် (Gary Thomas) ရဲ့ သတင်းပေးပို့ချက်ကို မနန္ဒာချမ်း က တင်ပြထားပါတယ်။
မြန်မာနိုင်ငံက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို နားဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီး တိုက်ခိုက်တဲ့တော့ ယိုင်တိယိုင်တိုင် ခနော်ခနဲ့ နဲ့ ဆောက်လုပ်ထားတဲ့ တဲအိမ်အများစု ဟာ စုတ်ပြတ်ပျက်ဆီးသွားတဲ့အချိန် - တခါ တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ ငလျင်လှုပ်ခတ်ခဲ့တဲ့အချိန် - နှစ်နိုင်ငံစလုံးမှာ အဆောက်အဦးတွေ ပြိုကျပျက်ဆီးခဲ့သ လို၊ သောင်းနဲ့ချီတဲ့လူတွေ သေဆုံးပြီး သန်းနဲ့ချီတဲ့ လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရတာပါ။
ဒီလိုအခြေအနေတွေကြောင့်မို့လို့လည်း သဘာဝဘေးဒဏ်ခံစားခဲ့ရတဲ့ ဒေသတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ ရုတ်တရက်ပေါ်ပေါက်လာတာ ဖြစ်ပါ တယ်။ ဒါပေမဲ့လို့ နိုင်ငံရေးဆိုတာကြီးက ဒီလို ဘေးအန္တရာယ်ကယ်ဆယ်ရေးတွေမှာ မကြာခဏဆိုသလို ကြားကနေ ခံနေတတ်နေပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အရေးပေါ် စီမံခန့်ခွဲမှု အေဂျင်စီ FEMA အဆင့်မြင့်အရာရှိ ဟောင်းတဦးဖြစ်သူ မစ္စတာ ဘယ်ရီ စကန်လွန် (Barry Scanlon) က သဘာဝဘေး အန္တရာယ်ကျရောက်ခဲ့တဲ့ နှစ်နိုင်ငံစလုံးက အစိုးရတွေရော၊ အကူအညီတွေပေးအပ် မယ့် နိုင်ငံတွေပါ ဒီလို သဘာဝဘေးအန္တာရယ် ကယ်ဆယ်ရေးကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်တဲ့နေရာမှာ နိုင်ငံရေးဂယက်တွေတော့ ရှိကြတယ်လို့ ဆိုလိုက်ပါတယ်။
“ဘေးဆိုးကြီးတွေရဲ့ဒဏ်ကို လူတိုင်း ခံကြရပါတယ်။ ဒီလူတွေကို ကူညီဖို့ ကျနော်တို့ တိုင်းပြည်ထဲ ဝင်သွားတိုင်း အိမ်ရှင်အစိုးရတွေအနေနဲ့လည်း သူတို့ပြည်သူတွေကို ကူညီနေကြတာဖြစ်တာကြောင့် သူတို့ဟာ အစိုးရကောင်းတရပ်အဖြစ် ရှုမြင်ခံရတယ် လို့ ယူဆပါတယ်။ ဒါဟာ ကမ္ဘာ့အလယ်မှာပဲဖြစ်ဖြစ် နိုင်ငံတခုမှာပဲဖြစ်ဖြစ် ကျနော်တို့ အတွက် အထောက်အကူလည်း ဖြစ်စေပါတယ်။”
ဒီကပ်ဘေးကြီးနှစ်ခုကို မြန်မာစစ်အစိုးရနဲ့ တရုတ်အစိုးရတို့ ကိုင်တွယ်ဖြေရှင်းပုံချင်း မတူကြဘူးဆိုတာကို မြင်တွေ့နေရပါတယ်။ တရုတ်အစိုးရဟာဆိုရင် အဲဒီငလျင်လှုပ် ခတ်ခဲ့တဲ့ဒေသကို တရုတ်ဝန်ကြီးချုပ် ဝမ် ဂျားပေါင် အပါအဝင် တရုတ်နဲ့ အနောက် နိုင်ငံက သတင်းထောက်တွေအခြံအရံနဲ့ ကယ်ဆယ်ရေးအကူအညီတွေ၊ ကယ်ဆယ် ရေးလုပ်သားတွေ ချက်ချင်းဆိုသလို စေလွှတ်ခဲ့တာကို မကြုံစဖူး တွေ့နိုင်ပါတယ်။
ဒါပေမဲ့ မြန်မာစစ်အစိုးရကကျတော့ တိုင်းပြည်တွင်းကို နိုင်ငံခြားအကူအညီတွေ ဒါမှမဟုတ် ကယ်ဆယ်ရေးလုပ်သားတွေ လက်ခံဖို့ကို အစကတည်းက ငြင်းဆန်ခဲ့ တာပါ။ နောက်ဆုံး အကူအညီတွေကို အနည်းငယ်လက်ခံခဲ့တဲ့အချိန်မှာတောင် ကယ်ဆယ်ရေးလုပ်သားတွေနဲ့ သတင်းထောက်တွေကို တားမြစ်ခဲ့ပါတယ်။ လက်ခံခဲ့တဲ့ အကူအညီအနည်းငယ်ကိုလည်း စစ်အစိုးရက သိမ်းဆည်းခဲ့ပြီးတော့ သူတို့ကိုယ်တိုင် ဝေငှခဲ့တာပါ။ ဒီအပေါ်မှာ မစ္စတာ ဘယ်ရီ က -
“အကြောင်းမလှချင်တော့လည်းဗျာ ကမ္ဘာပေါ်မှာရှိတဲ့ တချို့နေရာတွေက နိုင်ငံရေး အခြေအနေတွေက လူတွေကို ဆုံးဖြတ်ချက်အမှားတွေချအောင် လုပ်တတ်တဲ့ သဘောတွေ ရှိနေပြီးတော့ သူတို့ပြည်သူတွေ တကယ်တမ်း လိုအပ်နေတဲ့ အချိန်မှာ အကူအညီတွေကို လက်ခံဖို့ အတားအဆီးတွေလုပ်နေပါတယ်။”
သဘာဝဘေးအန္တရာယ်ကျရောက်တဲ့အပေါ် အစိုးရရဲ့ တုန့်ပြန်ချက်တွေဟာ နိုင်ငံရေးအရ ဆိုးကျိုးရှိနိုင်တယ်ဆိုတဲ့အကြောင်း ရေးသားနေတဲ့ ဖလော်ရေဒါပြည်နယ် နိုင်ငံတကာတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ ရစ်ချတ် အိုလ်စန် (Richard Olson) ကလည်း တရုတ်ခေါင်းဆောင်တွေဟာ အတိတ်ကဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ် တွေအပေါ် သူတို့ကိုင်တွယ်ခဲ့ပုံတွေနဲ့ပတ်သက်လို့ သင်ခန်းစာတွေ ရခဲ့တယ်လို့ အခုလို ပြောဆိုလိုက်ပါတယ်။
“ကောင်းကောင်းမွန်မွန် တုံ့ပြန်ပြီး နိုင်ငံတကာအကူအညီတွေအတွက် လမ်းဖွင့်ပေးမယ် ဆိုရင် သူတို့လူထုဆီကနေ နိုင်ငံရေးအရ အမှတ်ကောင်းကောင်း ရမယ်ဆိုပြီး တွက်ဆနိုင်လောက်အောင် အမျှော်အမြင်၊ အသိဉာဏ်ရှိတဲ့ပုံတော့ ရပါတယ်။”
ပြည်ပက ဝင်ရောက်စွက်ဖက်မှုတွေကို ကြောက်တတ်တဲ့ မြန်မာစစ်အစိုးရရဲ့ တုန့်ပြန်ပုံနဲ့ပတ်သက်လို့လည်း -
“ကောင်းပြီဗျာ။ သဘာဝဘေးဒုက္ခကြုံပြီး ဒီအကြပ်အတည်းကြီးကို မကိုင်တွယ်နိုင်ဘူးဆိုရင် ဒါဟာ အဝတ်ဗလာနဲ့ ဧကရာဇ်ဘုရင်လို နိုင်ငံရေးအခြေအနေနဲ့ အလားတူဖြစ်နေမှာပါ။ ဒါကြောင့်မို့လို့ လည်း အကြပ်အတည်းကို မကိုင်တွယ်နိုင်ဘူးဆိုမှတော့ ဘာကြောင့် ဒီအစိုးရကို တင်ထားဦးမှာလဲဆိုပြီးတော့ မြန်မာလူထုအနေနဲ့ ပြောနေတာပါ။”
ဒီလို ပြည်ပက အကူအညီတွေပေးတဲ့အပေါ် အကောင်းမြင်မှုမရှိတဲ့ နိုင်ငံတွေဆီကို နိုင်ငံခြားအစိုးရတွေကနေ အကူအညီတွေ ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးပို့တာ ဟာလည်း နိုင်ငံရေးအမြတ်ရတာပါပဲလို့ သုံးသပ်သူတွေက ထောက်ပြကြပါတယ်။ ဒါကြောင့် ဒါဟာ တချို့အိမ်ရှင်အစိုးရတွေအတွက် သူတို့နိုင်ငံထဲကို နိုင်ငံခြားက ကယ်ဆယ်ရေးအကူအညီတွေ မလိုချင်ကြတဲ့ အကြောင်းရင်းခံတရပ်ပဲဖြစ်တယ်လို့ ဆိုပါတယ်ရှင်။