သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား-တရုတ် ဆန္ဒမပါပဲ ကမ္ဘာ့အရေး မဆုံးဖြတ်နိုင်


ရုရှားနဲ့ တရုတ် ၂ နိုင်ငံ ဆက်ဆံရေးတွေက ကမ္ဘာ့ဇာတ်ခုံပေါ်မှာ တွန်းအားတခုအဖြစ် ထွက်ပေါ်လာနေပြီး၊ ဒါတွေကို လျစ်လျူရှု ထားလို့ မဖြစ်နိုင်တော့ဘူးလို့ ရုရှားသမ္မတ ဒီမီထရီ မက်ဒ်ဗီ ဒက် (Dmitri Medvedev) က ပြောဆို လိုက်ပါတယ်။

တရုတ် နဲ့ ရုရှား ၂ နိုင်ငံရဲ့ ဆုံးဖြတ်ချက်တွေ မပါပဲ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ မဖြစ်နိုင်တော့ဘူး ဆိုပြီး ဘေဂျင်း တက္ကသိုလ်က ဟောပြောပွဲမှာ ကျောင်းသားတွေကို ရုရှားသမ္မတ က ပြောဆိုလိုက်တာပါ။

တချို့နိုင်ငံတွေ အနေနဲ့ စိတ်မသက်မသာ ဖြစ်နေပေမဲ့လည်း ရုရှားနိုင်ငံကတော့ တရုတ်နဲ့ ပိုပြီး ရင်းရင်းနှီးနှီး ဆက်ဆံရေးတွေ ရှိလာစေဖို့ ကျိုးပမ်းသွားမယ်လို့လည်း သူက ပြောပါတယ်။ တရုတ်နိုင်ငံခရီးစဉ် ဒုတိယနေ့မှာ ရုရှားသမ္မတ က အခုလို မှတ်ချက်ပေး ပြောဆိုလိုက်တာပါ။ ဒီကနေ့ ခရီးစဉ်ကိုတော့ ဘေဂျင်းမြို့က တီယန်နန်မင် ရင်ပြင်က တရုတ်ပြည်သူ့ သူရဲကောင်း ဗိမ္ဗာန်မှာ လွမ်းသူပန်းခွေချတဲ့ အစီအစဉ်နဲ့ စတင်လိုက်တာပါ။ ရုရှားသမ္မတ က တရုတ်ပြည်သူ့ ကွန်ဂရက် ဥက္ကဋ္ဌ ဝူ ဘန်ဂူး (Wu Bangguo) နဲ့ လည်း တွေ့ဆုံခဲ့ပြီး၊ တရုတ်နဲ့ ရုရှားပါလီမန်တွေအကြား ပိုပြီး ရင်းရင်းနှီးနှီး ဆက်ဆံကြဖို့ လိုတယ်လို့လည်း အလေးထား ပြောဆိုခဲ့ပါသေးတယ်။

အခုလဆန်းပိုင်းကပဲ ရုရှားနိုင်ငံရဲ့ သမ္မတသစ် ဖြစ်လာခဲ့တဲ့ မစ္စတာ မက်ဒ်ဗီ ဒက် ရဲ့ တရားဝင် ပြည်ပခရီးဖြစ်တဲ့ အခု တရုတ်နိုင်ငံခရီးစဉ်အတွင်း ကုန်သွယ်ရေးနဲ့ နိုင်ငံတကာရေးရာ ကိစ္စတွေကို ပြောဆိုသွားဖို့လည်း ရှိပါတယ်။ တရုတ်နိုင်ငံမှာ ဒေါ်လာ သန်း ၁ ထောင် တန်ဘိုးရှိတဲ့ ယူရေနီယန်သန့်စင်မှု စက်ရုံတခု တည်ဆောက်ဖို့ အတွက်လည်း တရုတ်သမ္မတ ဟူဂျင်တောင်းနဲ့ သောကြာနေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG