သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လေဘေးဒဏ် ပြန်လည် ထူထောင်ရေးအဆင့် မရောက်သေး


မြန်မာနိုင်ငံက နာဂစ်မုန်တိုင်းဒဏ်သင့် လူထုကို ကူညီရာမှာ ပြန်လည် ထူထောင်ရေး အဆင့်ကို မရောက်သေးဘဲ လက်ရှိအချိန်ထိ ကူညီ ကယ်ဆယ်ရေး အဆင့်မှာပဲ ရှိနေ သေးတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောလိုက်ပါတယ်။ ဒီကနေ့ ဘန်ကောက်မြို့၊ ဒွန်မောင်း လေဆိပ်ကို ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ မြန်မာနိုင်ငံကို ပေးပို့မယ့် အခြေစိုက် စခန်းအဖြစ် စတင် အသုံးပြုပြီး ပထမဆုံး လေယာဉ် ထွက်ခွာတဲ့ အထိမ်းအမှတ် ဖွင့်ပွဲ အခမ်းအနားမှာ အတွင်းရေးမှူးချုပ်က အဲဒီလိုပြောခဲ့တာပါ။ အပြည့်အစုံကို အဲဒီအခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဘန်ကောက်ရောက် ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံက နာဂစ် မုန်တိုင်းဒဏ်သင့် လူထုကို ကူညီရေး လုပ်ငန်းတွေမှာ ကူညီ ကယ်ဆယ်ရေး အဆင့် ပြီးသွားပြီ၊ ပြန်လည် ထူထောင်ရေးအဆင့်ကို ရောက်နေပြီလို့ မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ရက်ပိုင်း သွားရောက်ခဲ့တုန်းက မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောခဲ့ပါတယ်။ မစ္စတာ ဘန်ကီမွန်းကတော့ ဒီကနေ့ ညနေက ဒွန်မောင်း နိုင်ငံတကာ လေဆိပ်၊ ကုန်လှောင်ရုံ အမှတ် (၃) မှာ ကျင်းပတဲ့ အခမ်းအနားမှာ အခုလို ပြောသွားပါတယ်။

“နောက်ထပ် သေဆုံးမှုတွေ၊ ဒုက္ခရောက်မှုတွေကို ကာကွယ် တားဆီးဖို့အတွက် ကျနော်တို့ လုပ်နိုင်သမျှ အားလုံးကို လုပ်ဆောင်ရမှာ ကျနော်တို့ရဲ့ တာဝန်ပါ။ ဒါ့ကြောင့်လည်း ဒီကနေ့ ဒွန်မောင်း လေဆိပ်ကို လေကြောင်း သယ်ယူပို့ဆောင်ရေး အချက်အချာ နေရာအဖြစ် အသုံးပြုဖို့ တရားဝင်ဖွင့်ပွဲဟာ အင်မတန်အရေးပါတာပါ။ လိုအပ်နေသူတွေ၊ အားနည်းနေသူတွေဟာ အရေးပေါ်အထောက်အပံ့တွေကို မှီခိုအားထားနေကြရတာပါ။ ဒါ့ကြောင့် မြန်မာနိုင်ငံကို အကူအညီတွေ ပေးပို့ရေးလမ်းကြောင်းဟာ ဖြစ်နိုင်သမျှ စွမ်းအင်အပြည့်နဲ့ သယ်ယူပို့ဆောင်ရေးအရ ခိုင်မာသင့်ပါတယ်။” လို့ မစ္စတာ ဘန်ကီ မွန်းကပြောခဲ့ပါတယ်။

မစ္စတာဘန်ကီမွန်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ချိန်မှာ အရင်တုန်းက ခွင့်မပြုခဲ့တဲ့ နိုင်ငံတကာက ကူညီကယ်ဆယ်ရေး လုပ်သားတွေ လာရောက်ဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သဘောတူခဲ့ပါတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က ရေတပ်သင်္ဘောတွေနဲ့ မရိန်း ကမ်းတက် တပ်သားတွေဟာလည်း အကူအညီပေးခွင့်ရဖို့ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်မှာ စောင့်ဆိုင်းနေခဲ့တာ ရက်အတန် ကြာနေပါပြီ။

မရိန်းတပ်သားတွေဟာ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးဒေသမှာ ခံစားခဲ့ရတဲ့ ဆူနာမီ ငလျင် ရေလှိုင်းဒဏ်လို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသတွေမှာ ကူညီ ကယ်ဆယ် ရေးလုပ်ငန်းတွေ လုပ်ဖူးတဲ့ အတွေ့အကြုံ အစဉ်အလာတွေရှိတာကြောင့် ဒီ မရိန်း တပ်သားတွေကိုရော ကူညီကယ်ဆယ်ရေးလုပ်သားတွေအဖြစ် သတ်မှတ်ပါသလားလို့ ဗွီအိုအေမြန်မာပိုင်းက မစ္စတာဘန်ကီမွန်းကို မေးခဲ့ပါတယ်။

“အခုလက်ရှိ ကျနော်တို့ပြောနေကြတာက လူသားဘေးဒုက္ခ ကူညီလုပ်ဆောင်ပေးမယ့် နိုင်ငံတကာက ကူညီကယ်ဆယ်ရေးလုပ်သားတွေ ဝင်ရောက်မယ့်ကိစ္စပါ။ စစ်သင်္ဘော တွေ၊ စစ်လေယာဉ်တွေကို အသုံးပြုဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးပြောဆိုဖို့ မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းမှာ တွန့်ဆုတ်မှုရှိတယ်လို့ ကျနော်ကြားရပါတယ်။ ဒါပေမယ့် ကျနော်တို့ ဆက်ကြည့်ကြတာပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခွင့် ဆက်ရှိကောင်း ရှိနေနိုင်ပါသေးတယ်။ ဒါပေမယ့် ပိုပြီး အရေးကြီးတာကတော့ လက်ရှိမှာ အလုပ်ဖြစ်အောင် လုပ်ဆောင်နိုင်မယ့် အကူအညီပေးရေးအစီအစဉ်ကို ထူထောင် ပြီးပြီဆိုတာပါ။ ဒါပေမယ့် လုပ်စရာတွေကတော့ အများကြီး ရှိပါသေးတယ်။” လို့ ပြောသွားခဲ့ပါတယ်။

ဒီကနေ့ ပထမဆုံး ထွက်ခွာသွားတဲ့ လေယာဉ်ပေါ်မှာတော့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ပေးအပ်မယ့် ခြင်ထောင်တွေ၊ သောက်ရေသန့် လုပ်တဲ့စက်တွေ၊ ဆေးဝါးတွေ စသည်ဖြင့် ပါသွားပါတယ်။

ဒီကနေ့ ဖွင့်ပွဲအခမ်းနားကို ထိုင်းဝန်ကြီးချုပ် မစ္စတာ စမတ်က် ဆွန်ဒရာဝဲ၊ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ နိုပါဒွန် ပတ်ထမား၊ ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အတွင်း ရေးမှူးချုပ် မစ္စတာ ဆူရင် ပစ်ဆူဝန်၊ အာဆီယံနိုင်ငံတွေရဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံရုံးတွေက သံအမတ်တွေ၊ တာဝန် ရှိသူတွေ၊ နိုင်ငံတကာ အစိုးရတွေရဲ့ ကိုယ်စားလှယ်တွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးက တာဝန် ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG