မြန်မာနိုင်ငံမှာ ဒီနေ့ပြုလုပ်သွားတဲ့ နာဂစ် မုန်တိုင်း ဒုက္ခသည်တွေအတွက် အကူအညီပေးရေး အလှူရှင်နိုင်ငံများရဲ့ ညီလာခံကို တက်ရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နော်ပတွန် ပထမ က မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ကူညီပေးရေး ကိစ္စမှာ စိန်ခေါ်မှုတွေ ရှိနေဆဲပဲလို့ ညီလာခံအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက် မြို့က ထိုင်း နိုင်ငံခြားရေး ရုံးမှာ စောင့်နေတဲ့ သတင်းထောက်တွေကို ရန်ကုန်မှာရှိနေတဲ့ ထိုင်း နိုင်ငံခြားရေး
ဝန်ကြီးက တယ်လီဖုန်းကတဆင့် တိုက်ရိုက်ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ဘန်ကောက်ရောက် ဗွီအိုအေ သတင်းထောက် ဦးကျော်ကျော်သိန်းက အကြောင်းအစုံကို မေးမြန်းထားပါတယ်။
ဒီနေ့ညီလာခံမှာ ဘယ်လို့ တိုးတက်မှုတွေ ရှိသလဲလို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောပါသလဲ။
ဒီနေ့ ညီလာခံရဲ့ ဖြစ်ထွန်းတိုးတက်မှုကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကို မေးတဲ့အခါမှာ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက အခုလိုပြောပါတယ်။
ဒီနေ့ညီလာခံကို နိုင်ငံပေါင်း (၅၂)နိုင်ငံ၊ နိုင်ငံတကာ အဖွဲ့အစည်းပေါင်း (၄၅)ဖွဲ့နဲ့ နိုင်ငံတကာ အစိုးရတွေရဲ့ ဝန်ကြီး အဆင့် အနည်းဆုံး (၃၂)ဦး တက်ရောက်တဲ့ ညီလာခံမှာ လူတွေ အစုံအလင် တက်ရောက်တဲ့ပွဲ ဖြစ်တဲ့အတွက် တိုးတက်မှုရှိတဲ့ပွဲဖြစ်ပါတယ်။ နောက်တခုကတော့ မြန်မာ အစိုးရ ဘက်က နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ တည်ဆောက်လိုက်နိုင်မယ့် ယုံကြည်မှုတခုပါ။ ဒါဟာလဲ အဓိက တိုးတက်မှုတခုပါ။
ဒီညီလာခံမှာ ဆိုင်ကလုံး ဒုက္ခသည်တွေအတွက် ပေးမယ့် အလှူရှင်နိုင်ငံတွေရဲ့ ရှေ့ဆက် အကူအညီ ရေး လုပ်ငန်းတွေမှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေရှိလာနိုင်မလဲဆိုတာကို သူတို့ ဆွေးနွေး ပါသေးလား။
ဒီနေ့ညီလာခံမှာ ရှေ့ဆက် ရင်ဆိုင်ရမယ့် အခက်အခဲတွေ ဘာတွေရှိနိုင်မလဲဆိုတာကို ထိုင်း နိုင်ငံခြားရေး ဝန်ကြီးက အခုလို ပြောပါတယ်။
ပထမအခက်အခဲကတော့ နိုင်ငံတကာက အလုပ်သမားတွေကို ပြည်ဝင်ခွင့်ဗီဇာပေးရေး ကိစ္စပါ။ ဒီပြည်ဝင်ခွင့်ဗီဇာပေးရေး ကိစ္စမှာ မြန်မာစစ်အစိုးရက ကိစ္စရပ်တခုချင်းနဲ့ပဲ ဗီဇာတွေကို ထုတ်ပေးမှာ ဖြစ်ပြီး အကန့်အသတ်မရှိ၊ အတားအဆီးမရှိ ဝင်ခွင့်ပြုဖို့ သဘောထားတော့ မရှိပါဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်းက မစ္စတာ ဘန်ကီမွန်းနဲ့ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကြား သဘောတူညီမှု ရခဲ့တယ်ဆိုတဲ့ နိုင်ငံတကာ လုပ်သားတွေကို ပြည်ဝင်ခွင့်ဗီဇာပေးရေး အပေါ်မှာ ဒီနေ့ညီလာခံကနေပြီး ရှိနေသေးတဲ့ စိန်ခေါ်မှုဆိုပြီး နိုင်ငံခြားရေး ဝန်ကြီးက ပြောသွားတဲ့ ကိစ္စပါ။ ဒီနှစ်ခုမှာ ကွဲလွဲမှုရှိနေပါတယ်။ နောက်စိန်ခေါ်မှုတခုကတော့ အလှူငွေရရှိရေးပါ။ မြန်မာအစိုးရဘက်ကနေပြီးတော့ မုန်တိုင်းဒဏ်သင့် ဒေသတွေ ပြန်လည် တည်ဆောက်ရေး ဖြစ်တဲ့ ရံပုံငွေ အမေရိကန် ဒေါ်လာ ဘီလီယံပေါင်း (၁၀.၇)လောက်လိုမယ်လို့ တောင်းဆိုထားပါတယ်။ ဒါပေမဲ့ ဒီငွေကို ပေးပါမယ်။ ဒီငွေကို ရစေရမယ်လို့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက တိတိကျကျ အာမချက် ပြုမသွားတဲ့ အတွက် ဒီကိစ္စကလည်းပဲ ရှေ့ဆက်ရင်ဆိုင်ရမယ့် အခက်အခဲ စိန်ခေါ်မှုအဖြစ်ရှိနေသေးတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောသွားပါတယ်။
ထိုင်းနိုင်ငံအနေနဲ့က မြန်မာနိုင်ငံက ဒုက္ခသည် အတွက် သီးခြားကူညီဖို့ အတွက်ရော သူတို့ ဘာတွေ ကတိပေးထားပါသလဲ။
အဓိကပြောသွားတာကတော့ သိပ်မကြာခင် ကာလမှာပဲ ထိုင်းနိုင်ငံအနေနဲ့ စပါးမျိုးစေ့ မျိုးကွဲပေါင်း အမြောက်အများကို ထိုင်းနိုင်ငံအနေနဲ့ ပေးပို့မယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ ထိုင်းနိုင်ငံဟာ အာစီယံအဖွဲ့ရဲ့ ဥက္ကဌနေရာကို စင်္ကာပူနိုင်ငံကနေ လွဲှပြောင်းရယူတော့မှာမို့ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ အာစီယံရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ယန္တရားကို အပြည့်အ၀ ထိထိရောက်ရောက် အောင်အောင် မြင်မြင်ကိုင်တွယ်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ဆိုပါတယ်။ နောက်တခုက အရှေ့တောင် အာရှများအသင်း အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်ပစ်ဆူဝမ် ဦးဆောင်တဲ့ အလုပ်အဖွဲ့နဲ့ ပတ်သက်ပြီးတော့လည်း ပြောသွားပါတယ်။ ဒီအလုပ်အဖွဲ့ဟာ လုပ်ငန်းတွေ စတင်လည်ပတ်နေပါပြီ။ (၂၄) လုံး အချိန်ပြည့်အလုပ်လုပ်နေပါတယ်လို့ ပြောသွား ပါတယ်။ ဒိအဖွဲ့ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ အခြေစိုက် ပါတယ်။
ဒီညီလာခံမှာရော မြန်မာဘက်က ဘယ်သူတွေတက်ပြီး ဘာကတိတွေ ပေးခဲ့တယ်လို့ ပြောပါသလဲ။
မြန်မာဘက်က ဘာကတိတွေပေးခဲ့သလဲဆိုတာကတော့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ပြောသွား တဲ့ထဲမှာ ကျွန်တော်တော့ မကြားလိုက်ရပါဘူး။ မြန်မာဘက်ကနေ တက်ရောက်တဲ့ သူတွေကတော့ သူတို့က အရေးကြီးဆုံးအနေနဲ့ ဒုတိယ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်ပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာန၊ စီမံရေး ဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေက တာဝန်ရှိသူ အများ တက်ရောက်တယ်လို့ ပြောခဲ့ပါတယ်။