သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့်ဒေသ ဆန္ဒခံယူပွဲ ထောက်ခံမဲရအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်း


ဆိုင်ကလုန်းလေမုန်တိုင်း ဘေးဒဏ်ခံခဲ့ရလို့ ရွှေ့ဆိုင်းထားတဲ့ မြန်မာစစ်အစိုးရရဲ့ အခြေခံဥပဒေ အတည်ပြုရေး နောက်ဆုံးအသုတ် ဆန္ဒခံယူပွဲတွေတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဆန္ဒခံယူပွဲမှာ အာဏာပိုင်တွေက နည်းအမျိုးမျိုးနဲ့ ထောက်ခံမဲတွေသာ ရနိုင်ဖို့ ကျိုးပမ်းမှုတွေရှိခဲ့သလို ဒီကြားထဲကပဲ ကန့်ကွက်မဲတွေ ထည့်ဖြစ်အောင်ထည့်ခဲ့ ကြသူတွေလည်း ရှိနေတာပါ။ အကြောင်းစုံကို စုံစမ်းထားတဲ့ ဦးအောင်လွင်ဦးက တင်ပြပေးပါမယ်။

နာဂစ် ဆိုင်ကလုန်း လေမုန်တိုင်း တိုက်ခတ်ခဲ့ရာ ဒေသတွေမှာ ရွှေ့ဆိုင်းထားခဲ့တဲ့ အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲတွေကို မြန်မာစစ်အစိုးရက အပြီးသတ်ကျင်းပလိုက်တာဖြစ်ပြီးတော့ ဒီလိုကျင်းပတဲ့ နေရာမှာ အာဏာပိုင်တွေ ဖက်က နည်းအမျိုးမျိုးနဲ့ ထောက်ခံမဲတွေ ရဖို့ ကျိုးပမ်းမှုတွေ ရှိခဲ့တယ်ဆိုပြီး မြို့ခံတွေက ပြောပြကြတာပါ။ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းထဲက အပြီးသတ် လူထုဆန္ဒမဲ ကောက်ခံမှုတွေအတွင်း ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်ထဲက အာဏာပိုင်တွေရဲ့ ထောက်ခံမဲရဖို့ ကျိုးပမ်းပုံကို မြို့ခံတယောက်က ပြောပြရာမှာတော့ -

“ရပ်ကွက်တွေမှာ အားလုံးက တပြေးညီ အသံချဲ့စက်တွေ ဖွင့်ထားတယ်။ မဲရုံးကိုသွားဆိုတဲ့ သီချင်းရယ်၊ ဖွဲ့စည်းပုံ အတည်ပြုရေး တို့အရေးတို့ကို ဖွင့်တယ်။ လူတွေရဲ့ စိတ်ထဲမှာ သွားပေးရင်ပဲကောင်းမလား၊ မပေးရင်ပဲ ကောင်းမလား ဆိုပြီး တတ်တတ်ကြွကြွ သွားပေးတာမျိုးမဟုတ်ဘဲနဲ့ အဖြစ်သဘောလောက်ပဲ သွားတာမျိုးပဲ တွေ့ရတယ်။ အဘွားကြီး မိသားစုတခုကတဲ့ သုံးဦး မဲထည့်ဖို့ သွားတဲ့အချိန်ကြတော့ ရာအိမ်မှူးက လာထည့်စရာ မလိုတော့ဘူး။ ခင်ဗျားအစားကျွန်တော်ထည့်လိုက်ပြီးလို့ ပြောတော့ ဒေါကန်နေကြတာကို ကျွန်တော် တွေ့လိုက်တယ်။”

ဆန္ဒခံယူပွဲ မဲထည့်တဲ့နေရာမှာ အာဏာပိုင်တွေရဲ့ မျက်စေ့ရှေ့မှောက်မှာ ပြောင်ပြောင်တင်းတင်း မဲတွေထည့်ခိုင်းတဲ့ အခြေအနေနဲ့ ကြုံခဲ့ရတဲ့ နောက်ထပ်ရန်ကုန်မြို့ခံတယောက်ကလည်း သူ့ရဲ့ အတွေ့အကြုံကို အခုလို ပြောပြပါသေးတယ်။

“မဲလို့ သတ်မှတ်ထားတာက မဲမဟုတ်ပါဘူးခင်ဗျာ။ အိမ်မှာပဲ မဲစာရင်းကို ယူသွားတယ်။ အိမ်မျက်နှာစာရှေ့မှာပဲ ခုံလေးခုထားတယ်။ ခုံတခုပေါ်မှာ မဲပုံး သုံးပုံး တင်ထားတယ်။ ကျွန်တော်တို့ အမှားအမှန်ခြစ်တဲ့နေရာလည်း သီးသန့်အခန်းရယ်လို့ မရှိဘူး။ အဲဒီ ခုံပေါ်မှာပဲ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ ရှေ့မှာပဲ မဲအမှား အမှန်ကို ခြစ်ရတယ်။ အမှန်ကိုပဲ ခြစ်လို့ ပြောတဲ့အခါကျတော့ လူတွေကလည်း သူတို့ပြောတာကို ကြောက်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ တချို့ဆို လုံးဝသွားမထည့်ကြဘူး။ ထည့်ရင်လည်း အမှားထည့်လည်း သူတို့ကို မယုံကြည်တဲ့ ပုံစံမျိုးနဲ့ အများကြီးရှိတယ်။”

အခုလ (၁၀) ရက်နေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒခံယူပွဲတွေ ပြုလုပ်ဖို့ သတ်မှတ်ထားခဲ့ပေမဲ့ လေမုန်တိုင်း ဒဏ်ခံခဲ့ရတဲ့နောက် လေဘေးသင့် ဒေသတွေက လူထုဆန္ဒခံယူပွဲတွေကို အစိုးရက ၂ ပတ်ကြာ ရွှေ့ဆိုင်းထားတာ သတ်မှတ်ရက် ကုန်ဆုံးသွားတဲ့နောက် အခုလို ကျင်းပခဲ့တာပါ။ ဒါပေမဲ့လည်း လေမုန်တိုင်းဘေးဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ရတဲ့ ဒေသတွေမှာတော့ ကျကျနန ကျင်းပနိုင်တဲ့ အခြေအနေမျိုးမရှိသလို လေဘေးဒုက္ခသည်တွေ အနေနဲ့ လတ်တလော ကြုံနေရတဲ့ ပြဿနာတွေကိုသာ အာရုံစိုက်နေရတဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ လေဘေး ကယ်ဆယ်ရေး လုပ်ကိုင်နေသူ တယောက်က ပြောပြပါတယ်။

“စာရင်းဇယားကတော့ တိတိကျကျမရနိုင်ဘူး။ ရသလောက်နဲ့ ကြိုတင်မဲ အနေနဲ့ ကောက်ထားတာ တွေ အများကြီးရှိတယ်။ တချို့ကလည်း လာမထည့်ကြဘူး။ အများဆုံးကတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မကျေမနပ်တွေ ဖြစ်နေကြတယ်။ ဘိုကလေးမြို့မှာ အုတ်တံတိုင်း နံရံတွေမှာ ကြက်ခြေခတ်အနီကြီးတွေ ခြစ်ပြီးတော့ ဖွဲ့စည်းပုံ အလိုမရှိဆိုပြီး ရေးထားတာတွေ တွေ့ခဲ့ရတယ်။ မှတ်တမ်းလည်း ယူလာခဲ့တယ်။”

ဒီလို အာဏာပိုင်တွေရဲ့ စည်းရုံးမှုတွေအောက်ကပဲ ကန့်ကွက်မဲတွေ ထည့်ကြဖို့ လှုံ့ဆော်မှုတွေ ရှိခဲ့သလို ခက်ခဲတဲ့ အခြေအနေ အမျိုးမျိုးအောက်မှာ ကိုယ့်ဆန္ဒကို ဖော်ထုတ်ဖို့ ကျိုးပမ်းကြသူတွေ ကလည်း ရှိနေတာပါ။ မြန်မာနိုင်ငံက အဓိက အတိုက်အခံ နိုင်ငံရေး ပါတီကြီးတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြန်ကြားရေး အဖွဲ့ဝင်တဦးလည်းဖြစ် ကိုယ်တိုင်လည်း မနေ့ကမှ မဲပေးခဲ့သူတဦး ဖြစ်တဲ့ ဦးသိန်းညွန့် ရဲ့ အတွေ့အကြုံကတော့ -

“ကျွန်တော်တို့ သင်္ဃန်းကျွန်းမြို့နယ်မှာ မဲပေးနိုင်တဲ့သူက (၁၅၀၀)ကျော်ရှိတယ်။ ဝန်ထမ်းတွေ အပါအဝင်(၅၀၀)ကျော်ကိုတော့ ကြိုတင်ပြီးတော့ ထောက်ခံမဲရအောင်လုပ်ထားပြီးသား။ ဒီနေ့ (၈၆၀)မဲပေးတယ်။ အဲဒီမှာ ထောက်ခံတဲ့ မဲက (၆၈၉)မဲ၊ ကန့်ကွက်မဲက (၁၄၂)မဲ ၊ ပယ်မဲက (၂၉)မဲရှိတယ်။ အဲဒီမှာ မဲရုံအဖွဲ့ဝင်ကတော့ ပြောတယ်။ ကန့်ကွက်မဲ(၁၀၀)ကျော်တဲ့ မဲတွေမှာတော့ ဗဟိုမှာတောင် ထုချေလွှာတင်ရမလားဆိုပြီး ပြောတယ်။ ကျွန်တော်ကတော့ ကန့်ကွက်မဲ ၁၀၀ကျော်ကိုပဲ ကျေနပ်တယ်။ အခုချိန်မှာ အထွေထွေ ဖိနှိပ်မှုကြားကနေ ဖော်ထုတ်နိုင်တယ် ဆိုတဲ့အတွက် ဗမာပြည်ရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အနာဂတ်အတွက် မျိုးစေ့ ဘယ်လောက် ရှိသေး သလဲဆိုတာ ကျွန်တော်တို့ ခန့်မှန်းလို့ရတာပေါ့။”

မြန်မာစစ်အစိုးရကတော့ အစောပိုင်း ဆန္ဒမဲတွေ ရေတွက်ပြီးတဲ့နောက် မဲပေးသူတွေရဲ့ ၉၀ ရာခိုင်နှုန်း ကျော်က တခဲနက်ထောက်ခံမဲပေးပြီး အခြေခံဥပဒေမူကြမ်းကို အတည်ပြုထားပြီး ဖြစ်တယ်လို့ ကြေငြာထားတာလည်း ဖြစ်ပါတယ်။ဒါပေမဲ့လည်း အတိုက်အခံ နိုင်ငံရေး အင်အားစု တွေနဲ့ လူအခွင့်အရေး လှုပ်ရှားသူတွေကတော့ ဆန္ဒခံယူပွဲမှာ မသမာမှုတွေရှိတယ်၊ လွတ်လပ်တဲ့ အခြေအနေတွေအောက်မှာ ကျင်းပတာမဟုတ်ဘူးဆိုပြီးတော့ ဝေဖန်ပြစ်တင်မှုတွေကလည်း ရှိနေတာပါ။

XS
SM
MD
LG