သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးအလှူရှင်တွေရဲ့ ကုန်တင်ကားတွေ သိမ်းဆည်းခံရ


ပုသိမ်မြို့က ဒုက္ခသည်တွေ လုံလောက်တဲ့ ကူညီထောက်ပံ့မှုတွေမရဘဲ ဒုက္ခတွေ့နေ
ချိန်မှာ တနိုင်တပိုင် အကူအညီပေးဖို့ သွားခဲ့ကြတဲ့ စေတနာရှင်တွေရဲ့ ကားတွေကို အာဏာပိုင်တွေက တားဆီးပိတ်ဆို့မှုတွေ လုပ်နေပါတယ်။ ဧရာဝတီတိုင်းဘက်မှာ မုန်တိုင်းကယ်ဆယ်ရေးလုပ်ပြီး ရန်ကုန်ဘက်ပြန်လာတဲ့ ကားအစီး ၂၀ နီးပါးကို
မေလ ၂၅ ရက် တနင်္ဂနွေနေ့ကစပြီး ဖမ်းဆီးမှုတွေလုပ်ကာ နိုင်ငံတော်ကို အကြည်ညို ပျက်အောင်လုပ်မှုနဲ့ ကားပိုင်ရှင်တွေကို တရားစွဲမယ်ဆိုပြီး ဖိအားတွေပေးနေပါတယ်။
အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြ
ပေးထားပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံ ဧရာဝတီတိုင်းကိုသွားပြီး ကူညီကယ်ဆယ်ရေးပစ္စည်းတွေ သွားရောက်ပို့ဆောင်ခဲ့တဲ့ ကားတွေကို ၂၅ ရက်နေ့ညကစပြီး လှိုင်သာယာတံတားထိပ်
ကနေ ဖမ်းဆီးခဲ့ပြီး ကားပိုင်ရှင်တွေကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ပုဒ်မတပ်
နေပါတယ်။ ကားတွေဖမ်းဆီးခံရပုံ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ
ဘန်ကီ-မွန်း (Ban Ki-moon) နဲ့ စစ်အစိုးရ တွေ့ဆုံပြီးမှ ဖြစ်ထွန်းမှု၊ ဆုတ်ယုတ်မှုတွေ
ကို မုန်တိုင်းကယ်ဆယ်ရေးလုပ်နေတဲ့ စွယ်စုံအနုပညာရှင် ကိုဇာဂနာက အခုလို
ပြောပါတယ်။

“လှူလို့တဲ့။ ပြန်ပြီးတော့ လွတ်လာတဲ့အခါကျတော့ ခင်ဗျားတို့ ဘာဖြစ်လို့ သွားလှူလဲ။
အဲဒီလို လှူတဲ့တန်းတဲ့ဥစ္စာက နိုင်ငံတော်ကလုပ်မယ့် အစီအစဉ်တွေပေါ့။ အခုလို လှူတဲ့ တန်းတဲ့ဟာတွေ ခင်ဗျားတို့ သွားလုပ်တဲ့အခါကျတော့ နိုင်ငံတော်က လုပ်မပေးသလို
ဖြစ်တယ်ပေါ့။ အဲဒါကြောင့် ခင်ဗျားတို့က နိုင်ငံတော်ကို အကြည်ညိုပျက်အောင်လုပ်
သလို ဖြစ်နေတယ်ဆိုပြီး အဲဒီလို ပုဒ်မအကြီးကြီးတပ်ပြီးတော့ ဖမ်းလိုက်တာ။ အခု
ထက်ထိ ပြန်မလွှတ်သေးဘူး။ အခုနေ့ခင်းကျမှ ပြန်ခေါ်ထားတယ်၊ ကားပိုင်ရှင်တွေကို။ တောက်လျှောက်လှူလာတဲ့သူတွေက ပြည်သူတွေ၊ အရပ်သားတွေပေါ့။ အဲဒီကားတွေ
ကို အခုဖမ်းလိုက်ပြီ။ ပြီးတော့ အခုထက်ထိ ကားပြန်မလွှတ်သေးဘူး။ ကားတွေကို
သိမ်းထားတယ်။ ကားပိုင်ရှင်တွေကို နေ့လယ်ကျရင် ပြန်လာပါပြီး ခေါ်ထားတယ်။

“အဲတော့ ဒီလူတွေက ဆက်လှူရမှာလား၊ မလှူရဘူးလား၊ သူတို့ကို လှူခွင့်မပေးတော့
ဘူးလား၊ ဘန်ကီမွန်းတို့ပဲ လှူတော့မှာလား၊ အဲဒါကို ကျနော်နားမလည်ဘူး။ ဘန်ကီမွန်း ဒီအကြောင်းတွေရော သိရဲ့လား။ အဲဒါ မေးချင်တယ်၊ ဘန်ကီမွန်းကို။ ဘန်ကီမွန်း
ဒီအကြောင်းတွေကို မသိလောက်ဘူးထင်တယ်။ ဒါတွေက ဒီလိုဖြစ်သွားတဲ့အတွက်
အစိုးရကို ထိခိုက်စရာမရှိပါဘူး။ လှူတဲ့တန်းတဲ့လူတွေက ဒီလိုပဲ တောက်လျှောက်လှူ
လာတာပဲ၊ မြန်မာလူမျိုးဆိုတာက။”

ဒီနေ့မှာတော့ ဧရာဝတီတိုင်းကိုထွက်မယ့်ကားတွေကို လှိုင်သာယာတံတားထိပ်မှာပဲ စစ်ဆေးမေးမြန်းမှုတွေ လုပ်နေပြီး ကယ်ဆယ်ရေးသွားမယ့် ပုဂ္ဂလိက စေတနာ့
ဝန်ထမ်းတွေကို သွားခွင့်မပေးဘဲ ပိတ်ထားပါတယ်။ အခုဆိုရင် မအူပင် ကယ်ဆယ်ရေး
စခန်းက ဒုက္ခသည်တွေကိုလည်း နေရပ်ရင်းကို ပြန်ပို့နေတယ်လို့လည်း ကိုဇာဂနာက အခုလိုပြောပြပါတယ်။

“မအူပင်ကယ်ဆယ်ရေးစခန်းက လူ ၅,၀၀၀ လောက်ရှိတယ်။ အဲဒါတွေအကုန်လုံးကို ဘိုကလေးကိုပြန်ပို့တော့ အခု ဘိုကလေးကို အကုန်ပြန်ရောက်သွားပြီ။ ပြန်သွားတဲ့လူ
အကုန်လုံးကို ရေသန့် ၂ ဘူးပဲပေးပြီး လွှတ်လိုက်တာ။”

မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာရဲ့ အကူအညီတွေကို လက်ခံလိုက်ပြီလို့ ပြောနေ
ပေမယ့်လည်း အခုထက်ထိ မယ်မယ်ရရ ဝင်ခွင့်ပေးမှုတွေ မလုပ်သေးသလို မြန်မာ
ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိက အလှူရှင်တွေ၊ စေတနာ့ဝန်ထမ်းတွေကိုလည်း ပိတ်ပင် တားဆီးနေတဲ့အတွက် မုန်တိုင်းခံရတဲ့ ပြည်သူတွေရဲ့ အခြေအနေဟာ တနေ့ထက်
တနေ့ ဆိုးရွားလာပြီး တချို့ဆိုရင် ကူးစက်ရောဂါတွေနဲ့ သေဆုံးမှုတွေ၊ အဟာရမပြည့်
စုံမှုတွေ ရှိလာနေပြီလို့လည်း ဒုက္ခသည်တွေက ပြောပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG