မြန်မာနိုင်ငံအတွင်းကို မုန်တိုင်းဘေးဒဏ်ကယ်ဆယ်ရေး နိုင်ငံတကာအဖွဲ့တွေ
ဝင်ရောက်ခွင့်ပေးမယ်လို့ စစ်အစိုးရက ကတိပေးထားပါတယ်။ ဒီလို ကတိပေးထားတဲ့
အတိုင်း ဟုတ်မဟုတ် စမ်းသပ်ဖို့ နာဂစ်မုန်တိုင်းဒဏ် ကယ်ဆယ်ရေး နိုင်ငံတကာ
ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ မြန်မာနိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာရဖို့ ကြိုးစားနေကြပါတယ်။ မုန်တိုင်းဒဏ်ခံရပြီး သုံးပတ်အကြာမှာ မြန်မာနိုင်ငံက လေဘေးဒုက္ခသည်တွေကို ကူညီ
ဖို့ နိုင်ငံတကာ အကူအညီပေးရေးလုပ်သားတွေ အများအပြားကို စစ်အစိုးရ ခွင့်ပြုမှာ
လားဆိုပြီး သံသယနဲ့ မေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။ ဘန်ကောက်မြို့ အရှေ့တောင်အာရှဗျူရိုကနေ လူးဝစ်စ် ရာမီရက်ဇ် (Luis Ramirez) သတင်းပေးပို့ထား
တာကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ မုန်တိုင်းဒဏ်ခံရပြီး သုံးပတ်ကြာခဲ့ပေ
မယ့် ဒုက္ခရောက်ခဲ့သူ လူ ၄ ယောက်ရှိရင် ၃ ယောက်လောက်က အကူအညီထောက်ပံ့
တွေ မရသေးတဲ့အကြောင်း ကုလသမဂ္ဂက ပြောဆိုထားပါတယ်။ လူ ၂,၀၀၀,၀၀၀
ကျော်ဟာ သောက်ရေသန့်၊ ခိုလှုံနိုင်စရာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရတဲ့
အတွက် ဘေးဒုက္ခကို ကြုံနေရပါတယ်။
မြန်မာစစ်အစိုးရက နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားတွေကို တိုင်းပြည်ကို ဝင်ခွင့်
ပေးမယ်လို့ ကတိပေးတာတွေ ရှိခဲ့တာကြောင့် ကယ်ဆယ်ရေးလုပ်သားတချို့ မုန်တိုင်း
ဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ နေရာတွေကို သွားနိုင်ဖို့ တနင်္လာနေ့မှာ ကြိုးစားခဲ့ကြပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကို သွားခဲ့တဲ့အချိန်မှာတော့ စစ်အစိုးရခေါင်းဆောင်ပိုင်းက ဘယ်လူမျိုး၊ ဘယ်နိုင်ငံသား မခွဲခြားဘဲ ကူညီ
ကယ်ဆယ်ရေးအဖွဲ့တွေကို တိုင်းပြည်ကို လာခွင့်ပေးပါ့မယ်လို့ ပြောဆိုပါတယ်။
အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ စစ်အစိုးရဘက်က ပြောဆိုချက်ဟာ စစ်အစိုးရ
နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ယုံကြည်မှုတည်ဆောက်ဖို့ ထူးခြားတဲ့ တိုးတက်မှု တခုဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာစစ်အစိုးရခေါင်းဆောင်တွေအနေနဲ့ သူတို့ပေးထားတဲ့ကတိကို တည်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။
ဒါပေမယ့်လည်း ဝေဖန်ဆန်းစစ်သူတွေအကြား သံသယဖြစ်နေတာတွေလည်း ရှိပါ
တယ်။ မြန်မာနိုင်ငံသမိုင်းနဲ့ စစ်အစိုးရခေါင်းဆောင်တွေအကြောင်း စာအုပ်တွေ
ရေးသားခဲ့သူ သတင်းထောက် ဘာတေးလ် လင့်တ်နာ (Bertil Lintener) ကတော့ စစ်အစိုးရဘက်ကပေးတဲ့ ကတိက အဓိပ္ပာယ်ပြည့်ဝတဲ့ သဘောတူညီချက်
ဟုတ်မဟုတ် ဒီအခြေအနေမှာ ပြောဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
မြန်မာစစ်အစိုးရဘက်က ဘာမှ ကတိပေးတာ မရှိပါဘူး။ ခိုင်ခိုင်မာမာ ဘာကတိမှ
မပေးတာပါ။ သူတို့ ကတိတည်မတည် ဒီကိစ္စကို ဒီသီတင်းပတ်ထဲမှာ စမ်းသပ်နိုင်ပါ
လိမ့်မယ်။ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေ ဒီထက်ပိုပြီး လာခွင့်ပေးမှာလား၊
ဘယ်သူတွေကို လာခွင့်ပေးမှာလဲ၊ နောက် ဘယ်နေရာအထိ သွားခွင့်ပေးမလဲ၊ အခု
အချိန်အထိ စစ်အစိုးရဘက်က ဘာကတိမှ ပေးထားတာ မရှိပါဘူး။”
တနင်္ဂနွေနေ့ကကျင်းပတဲ့ နိုင်ငံတကာ အလှူရှင်တွေရဲ့ ကတိကဝတ်ပေးတဲ့ ညီလာခံမှာ နိုင်ငံတကာက မြန်မာနိုင်ငံကို အလှုငွေ ဒေါ်လာ သန်း ၁၀၀ လောက်အထိလှူဖို့ ကတိ ပေးခဲ့ကြပါတယ်။ ညီလာခံမှာ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က
နိုင်ငံရေးမပါတဲ့၊ နှောင်ကြိုးကင်းတဲ့ နိုင်ငံတကာ အကူအညီအားလုံးကို လက်ခံမယ်လို့
ပြောခဲ့ပါတယ်။
မုန်တိုင်းနဲ့ပတ်သက်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးစီးသွားပြီး ပြန်လည်တည်
ဆောက်ရေးကို စဉ်းစားနေတဲ့အကြောင်းနဲ့ ပြန်လည်တည်ဆောက်ရေးအတွက် အမေ
ရိကန်ဒေါ်လာ သန်းပေါင်း ၁၁,၀၀၀ လိုအပ်တဲ့အကြောင်း ပြောဆိုထားပါတယ်။
ဘာတေးလ် လင့်တ်နာကတော့ အခုလို ပြောပါတယ်။
“သူတို့ပြောတဲ့ ပြန်လည်တည်ဆောက်ရေးအတွက်ဆိုတဲ့ နိုင်ငံတကာ အကူအညီတွေ
အများအပြား စစ်အစိုးရအနေနဲ့ ရပါလိမ့်မယ်။ ဒီအကူအညီတွေနဲ့ မြစ်ဝကျွန်းပေါ်
ဒေသမှာ အခြေခံအဆောက်အဦတွေကို ပြန်ဆောက်ဖို့၊ ပြန်လည်တည်ဆောက်ရေး
တွေ လုပ်ဖို့လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့က ဆိုင်ကလုံးကြောင့် ဒုက္ခရောက်တဲ့သူ
တွေကို နိုင်ငံခြားသားတွေ ကိုယ်တိုင်တွေ့ဆုံ၊ လာပြီးလာကူညီတာကိုတော့ မလိုချင်
ဘူးလို့ ပြောပါတယ်။ ဆိုလိုတာက သူတို့ဘက်က ဘာမှမပြောင်းလဲဘူး။ စစ်အစိုးရက
သူတို့ တခုခုသဘောတူပြလိုက်ရင် နိုင်ငံတကာ အသိုင်းအဝိုင်းဆီက ပိုက်ဆံရနိုင်
တယ်လို့ နားလည်ကောင်း နာလည်သွားနိုင်ပါတယ်။”
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာတော့ ကူညီရေး နိုင်ငံတကာလုပ်သားတွေဟာ မြန်မာ
စစ်အစိုးရဆီက ပြည်ဝင်ခွင့်ဗီဇာရဖို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက စောင့်နေခဲ့
ကြရပါတယ်။ ဒီနေ့ တနင်္လာနေ့မှာတော့ ထိုင်းနိုင်ငံ မြန်မာသံရုံးက ဗီဇာပေးခဲ့တာ
မတွေ့ရပါဘူး။ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံး မီးလောင်ခဲ့တာကြောင့် သံရုံးကို ယာယီပိတ်ထားပါတယ်။ ထိုင်းအရာရှိတွေကတော့ လျှပ်စစ်ဝါယာကြိုးတွေကတဆင့်
မီးစပြီးလောင်ခဲ့တာကို တွေ့ရတယ်လို့ ပြောဆိုနေကြပါတယ်။