သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်  အခြေစိုက်  နိုင်ငံတကာ  ဝန်ထမ်းတွေ မုန်တိုင်းဒေသ သွားခွင့်ရ


ကုလသမဂ္ဂ ကလေးများအရေးပေါ် ရန်ပုံငွေအဖွဲ့
(UNICEF) ရဲ့ နိုင်ငံတကာဝန်ထမ်း ၆ ဦးကို
မုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ ဒေသတွေ
မှာ တိုင်းတာစစ်ဆေးမှုတွေလုပ်ဆောင်ဖို့ မြန်မာ အာဏာပိုင်တွေက ခွင့်ပြုလိုက်ပါတယ်။ ဒါဟာ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ
ဘန်ကီ-မွန်း (Ban Ki-moon) မြန်မာပြည်က ပြန်
လာပြီး နောက်ပိုင်းမှာ ဖြစ်ထွန်းတိုးတက်မှု
အသစ်တခုလို့ ဆိုရမှာပါ။ ဒါပေမယ့် ဘန်ကောက်
မြို့မှာ စောင့်ဆိုင်းနေဆဲရှိတဲ့ အမေရိကန် အကူ အညီပေးရေးအဖွဲ့တခုဖြစ်တဲ့ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်မှုအေဂျင်စီ (USAID) ရဲ့ သဘာဝဘေး
အန္တရာယ် တုံ့ပြန်ထောက်ပံ့ကူညီရေး (DART) အဖွဲ့ကတော့ ပြည်ဝင်ခွင့်ဗီဇာရဖို့
ကြိုးစားနေကြဆဲ ရှိပါသေးတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေ
ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ ကလေးများအရေးပေါ်ရန်ပုံငွေအဖွဲ့ (UNICEF) ဟာ မြန်မာနိုင်ငံမှာ နာဂစ် မုန်တိုင်းမသင့်ခင်ကတည်းက ကလေးသူငယ် အာဟာရဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
လုပ်ငန်းတွေ၊ ပညာရေးလုပ်ငန်းတွေ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ကာလရှည်
ကြာ လုပ်နေခဲ့တဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတခုပါ။ ဒီအဖွဲ့ကိုတောင်မှ မုန်တိုင်းဒဏ် အပြင်းထန်ဆုံးခံခဲ့ရတဲ့ ဒေသတွေဆီ သွားလာခွင့်နဲ့ မုန်တိုင်းဒဏ်သင့် အခြေအနေတွေ လွတ်လွတ်လပ်လပ် တိုင်းတာစစ်ဆေးခွင့်တွေကို မြန်မာအာဏာပိုင်တွေက အရင်
ခွင့်မပြုခဲ့ပါဘူး။ UNICEF ရဲ့ မြန်မာနိုင်ငံသား ဝန်ထမ်းတွေကိုသာ အဲဒီဒေသတွေဆီ
သွားခွင့်ပြုထား၊ တိုင်းတာစစ်ဆေးမှုတွေ လုပ်ကိုင်ခွင့်ပြုထားခဲ့တာပါ။ အခု UNICEF ရဲ့
နိုင်ငံတကာက ဝန်ထမ်းတွေကို သွားခွင့်ပြုလိုက်တယ်ဆိုတာဟာ တကယ့်ကို တိုးတက်
မှု အသစ်တခုပါပဲလို့ ဘန်ကောက်အခြေစိုက် UNICEF ရုံးက ပြောရေးဆိုခွင့်ရှိသူ
အမျိုးသမီး မစ္စ ရှန်သာ ဘလိုးမန်း (Ms. Shantha Bloemen) က ဗွီအိုအေကိုပြောပါ
တယ်။

“မိမိတို့ရဲ့ နိုင်ငံတကာဝန်ထမ်း ၆ ယောက်ဟာ မုန်တိုင်းဒဏ် အပြင်းအထန်သင့်ခဲ့တဲ့
ဒေသတွေမှာ လက်ရှိလုပ်နေတဲ့ တိုင်းတာစစ်ဆေးမှုလုပ်ငန်းတွေကို ပူးပေါင်းလုပ်
ဆောင်ဖို့အတွက် ပြီးခဲ့တဲ့သီတင်းပတ်ကုန်အတွင်း သဘောတူညီမှု ရခဲ့ပါတယ်။ ဒါဟာ
တကယ့်ကို တိုးတက်မှုအသစ်တခုပါ။ ပြီးခဲ့တဲ့ သီတင်းတပတ်ခွဲအချိန်တုန်းက သူတို့ ထွက်ခွင့်မရခဲ့ပါဘူး။ အခုတော့ နိုင်ငံတကာက ဝန်ထမ်းတွေနဲ့ အဓိကဖွဲ့စည်းထားတဲ့ တိုင်းတာစစ်ဆေးရေးအဖွဲ့မှာ သူတို့ ပူးပေါင်းနိုင်ကြတော့မှာပါ။” လို့ မစ္စ ရှန်သာ
ဘလိုးမန်းက ပြောသွားပါတယ်။

မုန်တိုင်းဒဏ်သင့်ဒေသတွေနဲ့ လူထုတွေရဲ့ အခြေအနေမှန်တွေကို တိတိကျကျ အမှန်
အတိုင်း တိုင်းတာစစ်ဆေးနိုင်ရေးဟာ လက်ရှိအချိန်မှာ အဓိကအရေးပါတဲ့ကိစ္စတခု
ဖြစ်နေပါတယ်။ နိုင်ငံတကာက အကူအညီပေးမယ့် အလှူရှင်တွေကလည်း ယုံကြည်
အားကိုးရတဲ့ တိုင်းတာစစ်ဆေးမှုတွေလုပ်နိုင်အောင် နိုင်ငံတကာက ကူညီကယ်ဆယ်
ရေးဆိုင်ရာ လုပ်သားတွေ၊ ကျွမ်းကျင်သူတွေကို ဝင်ခွင့်ပြုဖို့ တောင်းဆိုနေခဲ့ကြတာပါ။
ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူ
ဝန် (Dr. Surin Pitsuwan) ကလည်းပဲ အရည်အချင်းပြည့်ဝတဲ့ ကျွမ်းကျင်သူတွေ
ကိုယ်တိုင် လုပ်ဆောင်တဲ့ တိုင်းတာစစ်ဆေးမှုတွေကိုသာ နိုင်ငံတကာအနေနဲ့ ယုံကြည် ကိုးစားမှုရှိနိုင်မယ်လို့ ပြောထားဖူးပါတယ်။

ကောင်းမွန်တဲ့ တိုင်းတာစစ်ဆေးမှု အချက်အလက်တွေ ရရှိဖို့ရာဟာ လက်ရှိအချိန်မှာ စိန်ခေါ်မှုတခုအဖြစ် ရှိနေပါသေးတယ်လို့ မစ္စ ရှန်သာ ဘလိုးမန်းက ဆိုပါတယ်။

“ပိုပြီးကောင်းမွန်တဲ့ တိုင်းတာစစ်ဆေးမှု အချက်အလက်တွေရဖို့၊ နည်းပညာပိုင်းဆိုင်
ရာ အချက်အလက်တွေ ရဖို့ရာဟာ လက်ရှိ စိန်ခေါ်မှုတွေထဲက တခုပါ။ ချက်ချင်း
လိုအပ်ချက်တွေက ဘာတွေ၊ ကျောင်းဘယ်နှစ်ကျောင်း၊ ကျန်းမာရေးဌာနဘယ်နှစ်ခု
လိုတယ် ဆိုတာတို့လို ရေရှည်လိုအပ်ချက်တွေက ဘာတွေ၊ တကယ့်လက်တွေ့မှာ ဘာတွေဖြစ်နေတယ်ဆိုတဲ့ အတိုင်းအတာ ပမာဏနဲ့ ပတ်သက်တဲ့ သတင်းအချက်
အလက်တွေရဖို့ လိုပါတယ်။” လို့ ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံတွင်းဝင်ရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်း
တွေ လုပ်ဆောင်ပေးဖို့ ဝင်ခွင့်စောင့်ဆိုင်းနေတဲ့ အမေရိကန် အကူအညီပေးရေးအဖွဲ့
တခုဖြစ်တဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ (USAID) ရဲ့ သဘာဝဘေးအန္တရာယ် တုံ့ပြန်ထောက်ပံ့ကူညီရေး (DART) အဖွဲ့ဟာ ပြည်ဝင်ခွင့်လျှောက်လွှာတွေ ပြင်ဆင်
နေပြီဖြစ်ပြီး ရလိမ့်မယ်လို့လည်း မျှော်လင့်နေကြပါတယ်။

DART အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မစ္စ ရီဘက်ကာ (Ms. Rebecca) က …

“ပြည်ဝင်ခွင့်ဗီဇာလျှောက်လွှာတွေကို အခုပြင်ဆင်နေပါတယ်။ လိုအပ်တဲ့ စာရွက်
စာတမ်းတွေ ပို့ပါတော့မယ်။ ဘယ်တော့ဖြစ်မယ်ဆိုတာတော့ တိတိကျကျ မသိပါဘူး။
ဒါပေမယ့် ဖြစ်နိုင်သမျှ မြန်မြန် မိမိတို့ကို ပြည်ဝင်ခွင့်ဗီဇာပေးလိမ့်မယ်လို့ တကယ့်ကို မျှော်လင့်ပါတယ်။” ဆိုပြီး ပြောခဲ့ပါတယ်။

ဒီကနေ့မှာပဲ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က မြန်မာသံရုံးမှာ မီးလောင်မှုတခုဖြစ်ပွားခဲ့ပြီး အဆောက်အဦး တစိတ်တပိုင်း ပျက်စီးသွားတာကြောင့် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးတဲ့
ဌာနကို လောလောဆယ်ပိတ်ထားတယ်ဆိုတဲ့ သတင်းတွေက ထွက်နေပါတယ်။ ဒါနဲ့
ပတ်သက်ပြီး တိတိကျကျသိရအောင် ဘန်ကောက် မြန်မာသံရုံးကို အကြိမ်ကြိမ်
ဆက်သွယ်ခဲ့ပေမယ့် တယ်လီဖုန်းဖြေဆိုမယ့်သူ မရှိတဲ့အတွက် သံရုံးရဲ့အတည်ပြုချက်
ကိုတော့ မရခဲ့ပါဘူး။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီ-မွန်းနဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံဆွေးနွေးခဲ့ချိန်က ကူညီကယ်ဆယ်ရေးလုပ်သားတွေ
ကို ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် ဝင်ခွင့်ပြုဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သဘောတူခဲ့
ကြောင်း မစ္စတာ ဘန်ကီ-မွန်းက ပြောပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ နိုပါဒွန် ပတ်ထမား (Nopidon Pattama)
ကတော့ မြန်မာအစိုးရအနေနဲ့ ဗီဇာတွေကို ခြွင်းချက်မဲ့ ထုတ်ပေးမှာမဟုတ်ဘဲ ကိစ္စရပ် တခုချင်းအပေါ်မှာ အခြေခံစဉ်းစားပြီး ထုတ်ပေးမှာဖြစ်တယ်လို့ ဆိုတာကြောင့် မြန်မာ အာဏာပိုင်တွေဟာ ကုလသမဂ္ဂကိုတမျိုး၊ အိမ်နီးချင်း ထိုင်းနိုင်ငံအပါအဝင် အာဆီယံ နိုင်ငံတွေကိုတမျိုး ပြောနေသလားလို့ ဝေဖန်သုံးသပ်တာတွေကလည်း ထွက်ပေါ်နေ
ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG