မနေ့က ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ-အာဆီယံ နိုင်ငံတကာ ကူညီထောက်ပံ့ရေး ညီလာခံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ သုံးသပ်ချက် သူ့ရဲ့အမြင် ဘယ်လိုများ ရှိသလဲ ဆိုတာလည်းကို ဦးသားညွန့်ဦးက တင်ပြပေးပါတယ်။
အခု ကျင်းပခဲ့တဲ့ ဒီညီလာခံဟာ ဘာပဲပြောပြော အောင်မြင်မှုရှိခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းက ယူဆခဲ့ပါတယ်။ အဓိကကတော့ နိုင်ငံတကာ အကူအညီတွေ မြန်မာနိုင်ငံကို ရောက်ရှိရေး ကိစ္စတွေမှာ နှောင့်နှေးကြန့်ကြာမှုဖြစ်စေတဲ့ အကြောင်းရပ် တခုဖြစ်တဲ့ မြန်မာ စစ်အစိုးရရဲ့ နိုင်ငံတကာ အကူအညီတွေအပေါ် သင်္ကာမကင်း ဖြစ်မှုတွေ နိုင်ငံတကာကလည်း မြန်မာအစိုးရ လုပ်ရပ်အပေါ် မယုံကြည်မှုတွေ တစုံတရာတော့ လျော့ပါးစေတယ်လို့ မစ္စတာ ဘန်ကီမွန်းက ယူဆတဲ့ သဘောပါ။ မနေ့ညပိုင်း ဘန်ကောက်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာဘန်ကီမွန်းက အခုလို ပြောခဲ့ပါတယ်။
“ကယ်ဆယ် ကူညီရေး လုပ်ငန်းတွေအတွက် ကတိ က၀တ်ပြုကြတဲ့ ဒီ နိုင်ငံတကာ ညီလာခံဟာ အတော်လေးကို အားရ ကျေနပ်ဖို့ ကောင်းပါတယ်။ အောင်အောင်မြင်မြင် ရှိတဲ့ ညီလာခံတခုလို့ ကျနော်ယူဆပါတယ်။ သဘာဝ ဘေးဒဏ်ခံခဲ့ရတဲ့ မြန်မာလူထုအတွက် လိုအပ်တဲ့ အကူအညီ အထောက်အပံ့တွေ ရလာစေဖို့ လှုံ့ဆော် အားဖြစ်စေရုံတင်မကပါဘူး၊ မြန်မာအစိုးရနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအကြားမှာ အပြန်အလည် ယုံကြည် စိတ်ချမှုတွေလည်း ဖြစ်လာစေပါတယ်။”
ဒါပေမယ့် ဒီညီလာခံကြီးမှာ မြန်မာအစိုးရကနေ ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ (၁၁)ဘီလီယံ လိုအပ်ချက်ကတော့ ပြည့်မှီတာ မတွေ့ရပါဘူး။ မြန်မာ အစိုးရဖက်က ကယ်ဆယ်ရေး လုပ်ငန်းတွေပြီးပြီ အခု ပြန်လည်ထူထောင်ရေးမှာ လယ်မြေတွေ ပြန်ပြုပြင်ဖို့ လမ်းတံတား သယ်ယူ ပို့ဆောင်ရေး ပြန်လည်တည်ဆောက်ဖို့ စတဲ့ ကိစ္စတွေကို ပြောနေတော့ ကယ်ဆယ်ရေးကိစ္စ ကူညီ နေရာ ချထားရေး ကိစ္စတောင် အပြည့်အ၀ မကူညီရသေးတဲ့ နိုင်ငံတကာ အစိုးရတွေအတွက်တော့ လက်တွန့် စရာပါ။ ဒီအနေအထားမှာ ကုလသမဂ္ဂ ကိုယ်တိုင်ကလည်း လေဘေးဒုက္ခသည် ၄ပုံ၁ပုံကိုပဲ အကူအညီတွေ ပေးရသေးတယ် ဆိုတော့ ဒီနေရာမှာ အခြေအနေအပေါ် သုံးသပ်ချက် မြန်မာအစိုးရနဲ့ နိုင်ငံတကာ အကြားမှာ ကွာဟချက်ဖြစ်နေပါတယ်။ ဒါပေမယ့် ဒီကိစ္စမှာ နှစ်ဖက်စလုံးက နားလည်နိုင်တဲ့ တူညီတဲ့အကဲဖြတ်ချက်တခုလိုတယ်လို့တော့ မစ္စတာ ဘန်ကီမွန်းက ယူဆခဲ့ပါတယ်။
“အခု အခြေအနေ အပေါ် ကျနော်တို့ ဘယ်လို မြင်သလဲ နောက်ပြီး ဒီ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြန်လည် နေရာချထားရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို ဘယ်လို ဆက်လုပ်ကြမလဲ စတာတွေအပေါ် တူညီနိုင်တဲ့ သုံးသပ်ချက် တူညီနိုင်တဲ့ ဘုံသဘော နားလည်မှု ရှိဖို့ လိုပါတယ်။ စစ်အစိုးရ အကြီးအကဲတွေနဲ့ ကျနော်တွေ့တော့လည်း ကျနော်တို့ အနေနဲ့ အတူတကွ အလုပ်လုပ်ပြီး ကယ်ဆယ်ရေးရော ရေရှည် ပြန်လည် ထူထောင်ရေးရော နှစ်ခုစလုံးကို လအတန်ကြာ တပြိုက်နက်တည်း လုပ်နိုင်ဖို့ ပြောခဲ့ပါတယ်။”
အခုလို ကယ်ဆယ်ရေး နှောင့်နှေးနေရတဲ့ ကိစ္စမှာ အကြောက်လွန်နေတဲ့ မြန်မာ စစ်အစိုးရကိုတင် မဟုတ်ပဲ၊ နိုင်ငံတကာကနေ မြန်မာ အစိုးရကို အထီးချန် ဖြတ်တောက်ထားလို့ဖြစ်တယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိပါတယ်။ မစ္စတာ ဘန်ကီမွန်းက အခု ဒီညီလာခံဟာ မြန်မာအစိုးရနဲ့ နိုင်ငံတကာ ထိစပ် ပတ်သက်လာရေးအတွက် တကယ့်အလှည့်အပြောင်းတခုလို့လည်း ယူဆခဲ့ပါတယ်။
“ကုလသမဂ္ဂရော အထူးသဖြင့် အာဆီယံအသင်းအနေနဲ့ရော လုပ်ဖို့ လိုအပ်တာက မြန်မာအစိုးရနဲ့ ထိစပ်ဆောင်ရွက်ဖို့ ကြိုးစားပြီးတော့ - မြန်မာ နိုင်ငံအနေနဲ့ ကနဦးအဆင့် အာဆီယံ အသင်းဝင် နိုင်ငံတနိုင်ငံ အနေနဲ့ နောက် နိုင်ငံတကာ အသိုင်းအ၀ိုင်းဝင် နိုင်ငံတခုအနေနဲ့ တာဝန်ရှိတာတွေကို အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်ဖို့ ကြိုးစား ဖြောင့်ဖျဖို့ ဖြစ်ပါတယ်။ ကျနော့်ရဲ့ အခုခရီးစဉ်နဲ့ ဒီညီလာခံဟာ မြန်မာအစိုးရနဲ့ ထိစပ်ဆောင်ရွက်နိုင်ဖို့ အားလုံးရဲ့ကြိုးစားဆောင်ရွက်တဲ့နေရာမှာ တကယ့်ကိုအရေးပါတဲ့ အလှည့်အပြောင်းတခုကို လုပ်ခဲ့တယ်လို့ ကျနော်ယူဆပါတယ်။”
ဒါပေမယ့်လည်း မြန်မာ စစ်အစိုးရအနေနဲ့ နိုင်ငံတကာကိုရော ပြည်တွင်းလူထုကိုပါ ဟိုအရင်ကတည်းက ကတိတွေအတန်တန်ပေး ဖျက်ခဲ့တာလည်းရှိတော့၊ အခု ဒီ ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး ကိစ္စတွေမှာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ပါ့မယ် x နိုင်ငံတကာက အရပ်ဖက် ကျွမ်းကျင်သူတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့် ၀င်ထွက်ခွင့်ပေးမယ်ဆိုပေမယ့်လည်း နိုင်ငံတကာက ကူညီရေး ၀န်ထမ်းတွေကတော့ ဘန်ကောက်မှာ အများစု နိုင်ငံကူးဗီဇာရဖို့ စောင့်နေရဆဲပါ။ ဒါကြောင့် မြန်မာစစ်အစိုးရရဲ့ ကတိက၀တ် အပေါ်မှာ ဘယ်လောက်အထိ ယုံကြည် အားထား နိုင်မလဲဆိုတာ မေးခွန်းတော့ ရှိပါတယ်။ မစ္စတာ ဘန်ကီမွန်းကတော့ မြန်မာအစိုးရဘက်က ကတိအတိုင်း ဆောင်ရွက်တာ အချို့ကိုတော့ မြင်နေရပြီလို့ ဆိုနေပါတယ်။
“မြန်မာအစိုးရအနေနဲ့ သူတို့ရဲ့ ကတိက၀တ်တွေအတိုင်း အလျှင်အမြန် လုပ်ကိုင် ဆောင်ရွက် နေတယ်လို့ မြင်ရပါတယ်။ ဒီကတိက၀တ်တွေကိုလည်း မြန်မာအစိုးရအနေနဲ့ လေးစား လိုက်နာမယ်လို့ ကျနော် ရိုးရိုးသားသားယုံကြည်ပါတယ်။ အခုလည်း မြင်နေရပါတယ်။”
အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းအနေနဲ့ အခုဒီညီလာခံဟာ တထိုင်တည်း ပြီးသွားတဲ့ သဘောတော့ မဟုတ်ပဲ ကူညီရေး လုပ်ငန်းတွေ အပေါ် ဆက်ပြီး ညှိုနှိုင်း ဆောင်ရွက်သွားရဦးမယ် သဘောတော့ ပြောပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေဟာလည်း အနည်းဆုံး ၆လ ကြာဦးမယ်လို့ ခန့်မှန်း ပြောခဲ့ပါတယ်။ သူ့ရဲ့ အဓိက လက်ရှိ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဆောင်ရွက် နေတာတွေဟာ လူ့အသက်တွေကို ကယ်ဖို့ ပြန်လည်ထူထောင်ရေးတွေ လုပ်နိုင်ဖို့ပဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် မစ္စတာ ဘန်ကီမွန်းအနေနဲ့ အခု မြန်မာနိုင်ငံ ရောက်စဉ်မှာ မုန်တိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး ကိစ္စတွေကလွဲပြီး အခြား မြန်မာနိုင်ငံရေး ကိစ္စတွေကို ပြောတာ ဆိုတာတွေကို သတိထား ခပ်ရှောင်ရှောင်နေတာလည်း တွေ့ရပါတယ်။