သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းကယ်ဆယ်ရေး နိုင်ငံတကာ ညီလာခံ ပြီးဆုံး


မုန်တိုင်းဒဏ် အသင့်ခံ မြန်မာနိုင်ငံအတွက် အလှူရှင် နိုင်ငံများနဲ့ အဖွဲ့များရဲ့ အကူအညီ ပေးရေး ကတိကဝတ်ပြု ညီလာခံဟာ မနေ့က ပြီးဆုံးသွားခဲ့ပါပြီ။ ကုလသမဂ္ဂနဲ့ အာဆီယံ နိုင်ငံတွေက ကမကထ ပြုပြီး၊ လောလောဆယ် အလှူငွေ (၂၀၁)သန်း ပေးလှူနိုင်ဖို့ ကျင်းပခဲ့တဲ့ ညီလာခံ ဖြစ်ပါတယ်။ ဘယ်လောက် ကတိကဝတ် ပြုကြသလဲဆိုတဲ့ တရားဝင် ထုတ်ပြန်ချက် အခုထိ ထွက်ပေါ် မလာခဲ့သေးပါဘူး။ မေလ ၂၄ ရက်နေ့ အထိတော့ ဒေါ်လာ ၅၇ သန်း ပဲ ကတိကဝတ် ပြုထားတာ ရရှိပါသေးတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အဖွင့်မိန့်ခွန်း ပြောကြားရာမှာ အခုလို ပြောခဲ့ပါတယ်။

“ခက်ခဲတဲ့ အခြေအနေ မှာ အစိုးရနဲ့ ပြည်သူတွေဟာ နိုင်ငံတကာ အသိုက်အဝန်း နဲ့အတူ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေကြပါတယ်။ ဒါပေမဲ့ ပိုလို့ လုပ်ဖို့ လိုနေဆဲပါပဲလို့ ပြောသွားတာပါ။

အလားတူပဲ တရုတ်နဲ့ မြန်မာမှာ တွေခဲ့ရတဲ့ သဘာ၀ ဘေးအန္တရာယ် တုံ့ပြန်ပုံကိုလည်း မစ္စတာ ဘန်ကီမွန်းက ပြောသွား ပါသေးတယ်။

“ကံကောင်းထောက်မစွာပဲ၊ တရုတ်ပြည်ဟာ ဒီ သဘာ၀ ဘေးအန္တရာယ်ကို ရင်ဆိုင် ကိုင်တွယ်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။ အကျပ်အတည်းကို မြန်မြန်ဆန်ဆန် ပိုင်းပိုင်းပြတ်ပြတ် တုံ့ပြန်နိုင်ပါတယ်။ မြန်မာနိုင်ငံကတော့ အဲဒီ အတိုင်းအဆလောက် အရင်းအမြစ် မရှိသလို၊ စွမ်းဆောင်ရည်လည်း မရှိပါဘူး။ တကယ်တော့ ဒီလောက် ကြီးမားတဲ့ ဘေးအန္တရာယ်တစ်ရပ်ကို ရင်ဆိုင်ကြရာမှာ နိုင်ငံ နည်းနည်းမှာပဲ အဲသလို စွမ်းဆောင်ရည်က ရှိတာပါ။ ဒါကြောင့်လည်း ကျွန်တော်တို့ ဒီနေ့ ရန်ကုန်မှာ ရောက်ရှိနေကြရတာပါ” လို့ မစ္စတာ ဘန်ကီမွန်း က ပြောကြားသွားခဲ့ပါတယ်။

နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေက ပိုပြီး ထိထိရောက်ရောက် တုံ့ပြန် ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးပွဲ တစ်ရပ် ဖြစ်ဖို့ မျှော်လင့် လိုကြပါတယ်။ ဒါပေမဲ့ ညီလာခံရဲ့ ပင်မ ရည်မှန်းချက်က အဖွဲ့ဝင် နိုင်ငံတွေ၊ အဖွဲ့အစည်းတွေနဲ့ မြန်မာ စစ်အစိုးရ အကြား ပိုမို နားလည်မှု ရရှိပြီး၊ တုံ့ပြန် ဆောင်ရွက်တာ ပိုကောင်းဖို့ အဓိကထားခဲ့ကြပါတယ်။ ဒီရည်မှန်းချက် ပေါ်မှာ အလှူငွေ ကတိကဝတ်တွေ ရရှိ၊ ပြန်လည် နလန်ထရေးအတွက် ဆွေးနွေးစရာတွေ ကို ဆွေးနွေးကြဖို့ ရည်မှန်း ခဲ့ကြတာပါ။

ညီလာခံနဲ့ ပတ်သက်ပြီး၊ အရှေ့အာရှ UNICEF ရဲ့ ပြောရေး ဆိုခွင့်ရှိသူ အမျိးသမီး၊ Shanta Bloemen က အခုလို ပြောကြားပါတယ်။

“ညွှန်ပြချက်တွေ အားလုံးက အပြုသဘောဆောင်ပါတယ်။ ကြိုဆိုအပ်ပါတယ်။ အကူအညီတွေ ကျွန်မတို့ တကယ့် ကို မြန်နိုင်သမျှ မြန်မြန် ပိုလိုနေပြီး၊ အထူးသဖြင့် အထိနာတဲ့ ဒေသတွေ ပို့ဖို့ လိုပါတယ်။ ဒါတွေ အားလုံးက အပြုသဘောဆောင်တဲ့ ညွှန်ပြချက် ဖြစ်ပါတယ်။ ဒါရဲ့ အဓိပ္ပါယ်ကတော့ ကျွမ်းကျင်သူတွေ နဲ့ လူသားချင်းစာနာ ထောက်ထား ကူညီမယ့် ဝန်ထမ်းတွေ နောက်ရက် အနည်းငယ်အတွင်းမှာ သွားနိုင်ရေးလို့ အဓိပ္ပါယ် ရပါတယ်” လို့ သူမက ပြောသွားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG