သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၉၀ ရွေးကောက်ပွဲရလဒ် ဒီမိုကရေစီ အင်အားစုများ ဆုပ်ကိုင်ဆဲ


ဒီကနေ့ဟာ ၁၉၉၀ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီး
ကျင်းပခဲ့တာ ၁၈ နှစ်ပြည့်မြောက်ခဲ့ပေမယ့် ဒီရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ပါတီကို
စစ်အစိုးရက အခုအချိန်အထိ အာဏာလွှဲမပေးသေးတဲ့အပြင် လာမယ့် ၂၀၁၀ ခုနှစ်မှာ
နောက်ထပ် ရွေးကောက်ပွဲအသစ်တခု ထပ်ကျင်းပဖို့ စီစဉ်နေပါတယ်။ ဒီလို စစ်အစိုးရ
က စီစဉ်နေတဲ့အပေါ် ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ်မှာ အရွေးခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်
တွေအနေနဲ့ ဘယ်လိုယူဆပါသလဲဆိုတာ သိရအောင် ဗွီအိုအေက ရွေးကောက်ပွဲ
၁၈ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ရွေးကောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်
တချို့နဲ့ မဲပေးခဲ့သူတချို့ကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထား
ပါတယ်။

ပထမဆုံး ဒီမိုကရေစီပါတီအတွက် ပေါက်ခေါင်းမြို့နယ် မဲဆန္ဒနယ်မြေက ရွေးကောက်တင်မြှောက်ခံခဲ့ရသူလည်းဖြစ်၊ အဝေးရောက်ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာစိန်ဝင်းကို မေးကြည့်တော့ ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက ဘာကြောင့် လျစ်လျူရှုတယ်ဆိုတာ အခုလို စပြောပြပါတယ်။

“၁၉၉၀ ရွေးကောက်ပွဲကိုတောင်မှ သူတို့က လျစ်လျူရှုခဲ့တယ်။ တကယ်တော့ အန်န်
အယ်လ်ဒီပါတီနိုင်လို့ လျစ်လျူရှုခဲ့တာ။ သူတို့ပါတီနိုင်ရင်တော့ လျစ်လျူရှုမှာမဟုတ်
ဘူး။ ဒီလိုလျစ်လျူရှုပြီးတော့ နောက်ရွေးကောက်ပွဲတခု လုပ်တယ်ဆိုတာ လုံးဝ
အဓိပ္ပာယ်မရှိဘူး။ ဘာကြောင့်လဲဆိုတော့ နောက်လုပ်တဲ့ရွေးကောက်ပွဲကို ဘယ်
လောက် ယုံကြည်နိုင်မလဲ၊ လူထုအနေနဲ့။ အခုလည်း လူထုဆန္ဒခံယူပွဲ ဘယ်လိုလုပ်
သွားလဲဆိုတာ အားလုံးအသိပဲ။”

အဲဒီတော့ ဘယ်လိုလုပ်ကြမလဲ၊ တကယ်လို့ ရွေးကောက်ပွဲက လွှတ်တော်အမတ်တွေ
ထွက်လာပြီ၊ အစိုးရသစ်ဖွဲ့ပြီဆိုရင် အပြင်မှာရှိနေတဲ့၊ ဒါမှမဟုတ် အရင်အရွေးခံထားရ
တဲ့ လွှတ်တော်အမတ်တွေနဲ့ ဘယ်လိုဖြစ်ကုန်ကြမလဲ၊ သူတို့ရဲ့ အခန်းကဏ္ဍတွေက။

“ဟုတ်ကဲ့၊ ကျနော်လည်း လွှတ်တော်ကိုယ်စားလှယ်တယောက်ပဲ။ ကျနော်တော့ ဂရု
မစိုက်ဘူး။ ဒါ ဘာမှမထူးပါဘူး။ သူတို့က အဲဒီလိုလုပ်လို့ နိုင်ငံတကာကလည်း သူတို့ကို တကယ်ကြိုဆိုပြီး သွားမှာမဟုတ်ပါဘူး။ မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု
တွေကလည်း ဆက်ရှိနေမှာပဲ။ တုတ်ပြ၊ ဓားပြ၊ သေနတ်ပြပြီး အုပ်ချုပ်တဲ့စနစ်တွေ
လည်း ဆက်ရှိနေဦးမှာပဲ။ ဒီပါလီမန်နဲ့ အမတ်တွေဆိုတာ ရုပ်ပြပဲ၊ ဘာမှမလုပ်နိုင်ဘူး။ ရုပ်သေးတွေပဲ။ နအဖကိုလက်ခံထားတဲ့ နိုင်ငံတွေကလည်း ဆက်လက်ခံပေါ့။ တိုက်ပွဲ
ကတော့ ဆက်သွားမှာပဲ။ ဒီတိုက်ပွဲရဲ့ အသွင်သဏ္ဏာန်ကတော့ ပြောင်းချင်ပြောင်းသွား
မယ်။ သို့သော်လည်း တိုက်ပွဲကတော့ ဆက်ရှိနေမယ်။”

တကယ်လို့ စစ်အစိုးရပြောထားသလို ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲအသစ် ကျင်းပ
လိုက်ရင် ၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အလိုလိုဖျက်သိမ်းလိုက်တဲ့သဘော ရောက်
သွားပါသလား၊ အဲဒီလိုဖြစ်ခဲ့ရင်ရော အရွေးခံခဲ့ရတဲ့ လွှတ်တော်အမတ်တွေအနေနဲ့ ဘာဆက်လုပ်သင့်ပါသလဲလို့ မိုင်းရှူးမြို့နယ်၊ အက်စ်အန်န်အယ်လ်ဒီ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းဝင်းဖေကို မေးကြည့်ပါတယ်။

“သူတို့ကတော့ အဲဒီသဘောမျိုး ဖြစ်ချင်ပုံရပါတယ်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲက
အရင်ကလည်း ပြောနေပါတယ်။ နှစ်ပေါင်း ဒီလောက်ကြာလာပြီ။ မရှိသင့်တော့ဘူး၊ မလိုအပ်တော့ဘူး၊ စသည်ဖြင့် ပြောတာမျိုးတွေ ရှိခဲ့ပါတယ်။ အဲဒီတော့ တကယ်လို့ ရွေးကောက်ပွဲအသစ် နောက်ထပ် ထပ်လုပ်မယ်ဆိုရင် ပိုဆိုးရောပေါ့။ ဒီလိုပဲပြောတော့
မှာပေါ့။ ဂရုလည်းစိုက်တော့မှာ မဟုတ်ပါဘူး။ သူ့အနေနဲ့လည်း ဒါ တရားဝင်တယ်လို့ မယူဆချင်ပါဘူး။

“ဘယ်လောက်ပဲ သူတို့ကိုယ်၌က ကတိပေးခဲ့၊ ပေးခဲ့၊ တိုင်းပြုပြည်ပြုလွှတ်တော်
အတွက် ရွေးကောက်ပွဲပါလို့လည်း ပြောခဲ့ဘူးတယ်။ ၉၀ ခုနှစ်က ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်များနဲ့ လွှတ်တော်ကို ဖွဲ့စည်းရမယ်လို့လည်း သူတို့ဥပဒေက ဆိုထားခဲ့
တယ်။ သူတို့ပဲရေးတာ၊ အဲဒီဥပဒေကို။ အဲလိုဖြစ်ခဲ့တာကိုတောင်မှ သူတို့ လျစ်လျူရှုနိုင်
ခဲ့ရင် နောက် ရှေ့ဆက်ဖြစ်လာမယ့် ရွေးကောက်ပွဲမှာတောင်မှ သူတို့စိတ်ကြိုက်မတွေ့
တဲ့ အနေအထားမျိုးတွေ့ရင် အသိအမှတ်ပြုဖို့ ဝန်လေးချင်လေးနေမှာပဲ။ အသိအမှတ်
မပြုဘဲ နေချင်လည်း နေမှာပဲ။ အဲတော့ စိတ်ကြိုက်လုပ်သွားမယ်။ စိတ်ကြိုက်ဖြစ်လာ
ရင်ဖြစ်လာ၊ မဖြစ်လာရင် သူတို့ ပစ်ပယ်မှာပဲ။ ဒီလိုပဲ ကျနော်ယူပါတယ်။”
မိုင်းရှူးမြို့နယ်က လွှတ်တော်အမတ် ဦးစိုင်းဝင်းဖေ ပြောသွားတာပါ။

၁၉၉၀ ခုနှစ်ရွေးကောက်ပွဲဟာ နိုင်ငံတကာအပါအဝင် ကျင်းပပေးခဲ့တဲ့ သူတွေကိုယ်၌
က တရားမျှတတယ်လို့ ယူဆထားတဲ့အတွက် ဒီ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို မစွန့်
ပယ်ဘဲ အဖွဲ့ချုပ်အနေနဲ့ ဆက်လက်လုပ်ကိုင်သွားမယ့်အကြောင်း အန်န်အယ်လ်ဒီ
ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း ပြောပါတယ်။

“ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ကတော့ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဘယ်တုန်းကမှ မစွန့်ပယ်ခဲ့ပါဘူး။ ကျနော်တို့ တရားဝင်ဆောင်ရွက်ခဲ့တဲ့ ရွေးကောက်ပွဲ၊ မျှတတယ်လို့
ကမ္ဘာက လက်ခံတယ်၊ ကျင်းပပေးတဲ့ပုဂ္ဂိုလ်တွေကလည်း လက်ခံတယ်။ ဒီဟာကို
ဘယ်တုန်းကမှ ကျနော်တို့ မစွန့်ဘူး။ ဒီအခြေခံနဲ့ ဆက်လက်ပြီး အဖွဲ့ချုပ်က လုပ်သွား
ပါမယ်။”

ဒါဆိုရင် ဒီ ၉၀ ခုနှစ်ရွေးကောက်ပွဲမှာ ကိုယ်တိုင်မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်တွေကရော ဘယ်လိုသဘောထားတွေနဲ့ မဲပေးခဲ့ကြတာပါလဲ။ ၉၀ ရွေးကောက်ပွဲမှာ ကိုယ်တိုင်
မဲပေးခဲ့တဲ့ မဟန်နီထွန်းကတော့ သူမဲပေးခဲ့စဉ်တုန်းက ခံစားချက်ကို ဗွီအိုအေကို
အခုလို ပြောပြပါတယ်။

“ကျမတို့ မဲပေးတာတော့ ရိုးရိုးပါပဲ။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လိုချင်တယ်။ အဲဒီတုန်းကတော့ ကျမတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့တယ်။ ဘာဖြစ်
လို့လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဏာရခဲ့ရင် တိုင်းပြည်ကောင်းမယ်၊ ဒီမိုကရေစီရမယ်၊ အဲဒါမျိုးနဲ့ မဲပေးခဲ့တာပါ။”

အဲဒီအချိန်က ကိုယ်တိုင်မဲပေးခဲတဲ့ စာရေးဆရာ၊ ပန်းချီဆရာ၊ ဒါရိုက်တာ ဦးဝင်းဖေ
ကလည်း အဲဒီတုန်းက သူဘယ်လိုခံယူချက်နဲ့ မဲပေးခဲ့တယ်ဆိုတာ ဗွီအိုအေကို အခုလို
ပြောပြပါတယ်။

“၁၉၉၀ တုန်းက မဲပေးရတာနဲ့ပတ်သက်လို့ အဓိက ကျနော် နှစ်ချက်ပဲပြောချင်တယ်။
တချက်က ဘာလဲဆိုတော့ မယုံပါဘူးဗျာ။ မယုံကြည်ဘဲနဲ့ ယုံတာမယုံတာအပထား၊
ပေးတာတော့ ပေးရမှာပဲဆိုပြီး ပေးတာ။ အခုတော့ ပိုမယုံဘူးပေါ့ဗျာ၊ အဲဒီတုန်းကကို
မယုံဘူး။

“နှစ်အချက်က အဲဒီတုန်းက ကျနော်တို့ရပ်ကွက်မှာဆိုရင် အထူးသဖြင့် အန်န်အယ်လ်ဒီ ကိုယ်စားလှယ်ထက် ဒီ့ပြင်ပါတီတခုက ကိုယ်စားလှယ်က ပိုတော်တယ်။ သို့သော်
ကျနော်က ကျနော့်မိသားစုကို မဲအကွဲခံလို့မဖြစ်ဘူး၊ ငါတို့ အန်န်အယ်လ်ဒီကိုပေးမှ
ဖြစ်မယ်ဆိုပြီး ကျနော့်ဆီမှာရှိတဲ့ မဲတွေအကုန်ပေးတယ်။ ပေးတဲ့အခါ အဲဒီတုန်းက
ကျနော်က သြော် ငါတို့အိမ်ကသာ ဒါလုပ်တာပေါ့၊ တတိုင်းပြည်လုံး ဒီလိုမှလုပ်ပါ့မလား
လို့ ကျနော် အောက်မေ့တယ်။

“ရလဒ်ထွက်လာတော့ တတိုင်းပြည်လုံးက အဲဒီလိုလုပ်တယ်။ မဲအကွဲမခံဘူး။ အန်န်အယ်လ်ဒီကိုပေးတယ်။ ဒါဟာ ဗမာပြည် တနေရာ၊ တချိန်မှာ နိုင်ငံရေးအဆင့် သိပ်မြင့်တယ်ဆိုတာကို ပြတာပါပဲ။ ကျနော်ပေးခဲ့တုန်းကတော့ ကျနော်က မယုံပါဘူး
ဗျာ။ အဲဒီတုန်းက စစ်တပ်ကတော့ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးနေတဲ့အချိန်ပေါ့။ နောက်ဆုံးကျတော့ သူတို့လည်း လန့်ဖျပ်သွားပြီး မှင်တက်တွေဘာတွေ မိသွားပြီး
အကုန် ရလဒ်တွေ အမှန်အတိုင်း ကြေညာရတဲ့ဘဝရောက်တယ်။ နောက်တော့မှ
ဇွတ်ရော၊ အဓမ္မရော ဓားနဲ့ထောက်ပြီး ညစ်တော့တာပါပဲ။ ဒါပါပဲဗျာ။”
၁၉၉၀ မှာ မဲပေးခဲ့တဲ့ ဆရာဦးဝင်းဖေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG