သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်မပေးတဲ့ အတွက် နိုင်ငံတကာက ပြစ်တင်ရှုတ်ချ


အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ် သက်တမ်း တိုးလိုက်တယ်လို့ ပြည်ထဲရေးဌာန က လာတဲ့ သတင်းကို ကိုးကားပြီး၊ ရန်ကုန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြလိုက်ပါတယ်။

မြန်မာစစ်အစိုးရက ဒီလို နောက်ထပ် သက်တမ်း တိုးလိုက်တဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန် ပြစ်တင်မှုတွေ ထွက်ပေါ်လာရာမှာ အမေရိကန် သမ္မတ ဂျော့ဂျ် ဘုရှ် (George Bush) က ဒီ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အလွန်အမင်း စိတ်အနှောက်အယှက် ဖြစ်ရတယ်ဆိုပြီး ရှုံချလိုက်ပါတယ်။ မြန်မာစစ်အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်မပေးပဲ၊ နောက်ထပ် သက်တမ်း တိုးလိုက်တာကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လွတ်လပ်ခွင့်ဟာ ဝမ်းနည်း စရာကောင်းတဲ့ အခြေအနေမှာ ရှိနေဆဲပဲလို့ အမေရိကန် နိုင်ငံခြားရေးဌာန က ပြောဆိုလိုက်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း လေဘေး ကယ်ဆယ်ရေးအတွက် အမေရိကန် ပြည်ထောင်စုက လူမှုရေးစာနာမှုနဲ့ ကူညီနေပေမဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် မြန်မာစစ်အစိုးရနဲ့ ပတ်သက်လာရင်တော့ အမေရိကန် ပြည်ထောင်စု ရဲ့ ရပ်တည်ချက်က မပြောင်းလဲဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရှောင် မက်ကောမက် (Sean McCormack) က ပြောပါတယ်။ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေး ပြောဆိုဖို့အတွက် နောက်ထပ် အခွင့်ကောင်း တခုကို လက်လွှတ် ဆုံးရှုံးလိုက်တာပဲ လို့လည်း ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ် သက်တမ်းတိုးလိုက်တာကြောင့် မအံ့သြမိပေမဲ့ စိတ်မကောင်း ဖြစ်ရတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် မီလီဘန်း (David Miliband) က ပြောဆိုလိုက်ပါတယ်။ အခုချက်ခြင်း အရေးတကြီး မုန်တိုင်းလေဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အာရုံစိုက် နေတဲ့ တချိန်တည်းမှာပဲ ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရေးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် သိပ်အရေးကြီးဆဲ ဖြစ်ပါတယ်လို့ မစ္စတာ ဒေးဗစ် မီလီဘန်း က အလေးအနက် ပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ် သက်တမ်းတိုးလိုက်လို့ စင်္ကာပူ နိုင်ငံခြားရေးဌာနကလည်း စိတ်ပျက်မိတယ်လို့ ကြေငြာချက် ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG